တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေသည့် စီမံကိန်းကို ကန့်ကွက်နေသော ဒေသခံအချို့အား မန္တလေးတိုင်းဒေသကြီး အစိုးရက တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သော်လည်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့်မရသောကြောင့် ဒေသခံများ ပြန်လည်ထွက်ခွာ

တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေသည့် စီမံကိန်းကို ကန့်ကွက်နေသော ဒေသခံအချို့အား မန္တလေးတိုင်းဒေသကြီး အစိုးရက တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သော်လည်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့်မရသောကြောင့် ဒေသခံများ ပြန်လည်ထွက်ခွာ
Published 4 July 2018

ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေသည့် စီမံကိန်းကို ကန့်ကွက်နေသော ဒေသခံတချို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် လာရောက်စဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေသည့် စီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံတချို့အား တိုင်းဒေသကြီးအစိုးရက တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သောကြောင့် ဒေသခံများ လာရောက်ခဲ့သော်လည်း တွေ့ဆုံမည့်သူများတွင် ဝန်ကြီးချုပ် မပါရှိသောကြောင့် အဆိုပါ အစည်းအဝေးမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ဦးဆောင်နေသည့် အောင်သပြေကျေးရွာမှ ဦးရွှေအုန်း ဦးဆောင်သည့် ဒေသခံများ ဒိုင်နာကား တစ်စီးဖြင့် လာရောက်ကြခြင်းဖြစ်ပြီး ဇူလိုင် ၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်ခဲ့ကြပြီးနောက် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံခွင့် မရခဲ့သောကြောင့် အစည်းအဝေးမှ ပြန်လည်ထွက်ခွာ လာခဲ့ကြသည်ကို တွေ့မြင်ရသည်။

“ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က သူကိုယ်တိုင် မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်း မရှိဘဲ အောက်ခြေက သတင်းအမှားတွေကို ကိုးကားပြီး ကျွန်တော်တို့ ဆန္ဒပြသူတွေဟာ လက်တစ်ဆုပ်စာပဲရှိတယ်။ ဒီစီမံကိန်းကို ထောက်ခံကြောင်း လက်မှတ်ထိုးထားတာက ၅၀၀၀ ကျော်ပဲရှိတယ်ဆိုတဲ့ သတင်းအမှားတွေကို ပြောသွားပါတယ်။ ဒါကို မကျေနပ်လို့ ဒီစကားတွေကို ပြောတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဖြေရှင်းဖို့ လာတာပါ။ သူနဲ့မတွေ့ရတဲ့အတွက် ကျွန်တော်တို့ ဒီအစည်းအဝေးကို မတက်ပါဘူး။ ပြန်ပါမယ်” ဟု ဦးရွှေအုန်းက ဆိုသည်။

အစည်းအဝေး တက်ရောက်ရန်လာသည့် ဒေသခံများသည် တိုင်းဒေသကြီး အစိုးရရုံးအဖွဲ့ရှေ့တွင် ခေတ္တခဏ စုဝေးနေကြပြီးနောက် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ် တာဝန်ရှိသူများက လာရောက် တားမြစ်သောကြောင့် အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အဆိုပါ ရုံးနားတွင်ပင် ခေတ္တစောင့်စားနေခိုက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက အစည်းအဝေး တက်ရောက်ရန်၊ အစည်းအဝေးတွင် ပြောဆိုသည့် စကားများကို ကြိုက်နှစ်သက်မှု မရှိပါက ပြန်လည်ထွက်ခွာ သွားနိုင်ကြောင်း ညှိနှိုင်းပြောဆိုခဲ့ရာ ဒေသခံရွာသားများကြား အစည်းအဝေးတက်မည်၊ မတက်မည် ဆိုသည့် အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ဦးရွှေအုန်း ဦးဆောင်သည့် ရွာသားအများစုက အစည်းအဝေးကို အယုံအကြည် မရှိသောကြောင့် မတက်ရောက်နိုင်ကြောင်း၊ ယခု စီမံကိန်းကို မဖျက်သိမ်းပေးပါက နေပြည်တော်ထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ပြောကြားကာ ကားဖြင့်ပြန်လည် ထွက်ခွာခဲ့ပြီး ဒေသခံ တချို့ကမူ အစည်းအဝေးသို့ တက်ရောက်ရန် သဘောတူကာ တိုင်းဒေသကြီး အစိုးရရုံးဝင်း အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

“ကျွန်မတို့ အထဲဝင်သွားတော့ တခြားလူတွေရောလို့မေးတယ်။ သူတို့က ပြန်သွားပြီလို့ပြောတော့ ကဲလာပါ၊ နေပူပါတယ်။ ရှိတဲ့လူနဲ့ပဲ အစည်းအဝေး လုပ်မယ်လို့ ပြောတာနဲ့ အပေါ်ကို လိုက်တက်သွားတယ်။ အဲဒီကျ ဖိတ်ထားတဲ့ ဒေသခံက ၁၃ ယောက်ဖြစ်ပြီး တက်ရောက်လာတာ သုံးယောက်ပဲ ရှိတဲ့အတွက် အစည်းအဝေး မလုပ်ဖြစ်ပါဘူးလို့ ပြောတာနဲ့ ကျွန်မတို့လည်း ပြန်လာခဲ့ကြတယ်၊ ကိုယ်တင်ပြချင်တာကို မတင်ပြခဲ့ရတော့ စိတ်တော့မကောင်းဘူးပေါ့ရှင်။ ကျွန်မတို့မှာ တွေ့ခွင့်ရဖို့၊ တင်ပြခွင့်ရဖို့ အစာရေစာငတ်ပြီး စောင့်နေရတာ” ဟု အောင်သပြေကျေးရွာသူ မတင်တင်ခိုင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး နှစ်နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် အယ်ဖာဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် မန္တလေးဝန်ကြီးချုပ်က လူတချို့ ကန့်ကွက်နေမှုကြောင့် စက်ရုံစီမံကိန်းကို ဖျက်သိမ်းမှု မပြုနိုင်ဟု ပြောကြားမှုအား ဒေသခံတချို့က ကျေနပ်မှု မရှိဆိုကာ မန္တလေးမြို့ မီဒီယာ စင်တာတွင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယင်းအချက်အလက်များ မှားယွင်းနေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရက အစိုးရအဖွဲ့ဝန်ကြီးများ ပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့ကာ ဒေသခံများနှင့် တွေ့ဆုံရန် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့သော်လည်း ဝန်ကြီးချုပ် တက်ရောက်မှု မရှိသည့်အပေါ် ဒေသခံများက ကျေနပ်မှု မရှိသောကြောင့် ပြန်လည် ထွက်ခွာသွားရာမှ အစည်းအဝေး အထမမြောက်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာနှင့် ကပ်ရပ်တွင် ‘မြင့်’ ရင်းနှီးမြုှပ်နှံမှု ကုမ္ပဏီက ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် လုပ်ဆောင်နေပြီး ယင်းစက်ရုံကြောင့် ကျေးရွာသောက်သုံးရေ အရင်းအမြစ်များ ပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ လေထုရေထု ညစ်ညမ်းခြင်း စသည့်ကိစ္စရပ်များ ဖြစ်ပေါ်စေသည်ဆိုကာ အဆိုပါစက်ရုံ စီမံကိန်းအား လုံးဝဖျက်သိမ်းပေးရန် ဒေသခံတချို့က တောင်းဆိုနေသည်မှာ သုံးလကျော် ကြာမြင့်လာပြီ ဖြစ်သည်။

 

Most Read

Most Recent