Facebook အနေဖြင့် မြန်မာနိုင်ငံမှသုံးစွဲသူ ၁၈ သန်း အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူ ၂ ဒသမ ၂ ဘီလျံအတွက် ညီတူညီမျှ ကျင့်သုံးသော မူဝါဒများ ထားရှိပြီး ဘာသာစကားပေါင်း ၅၀ အတွက် ဆန်းစစ်မှုများ လုပ်ဆောင်ပေးနေကြောင်း ပြောကြား

Facebook အနေဖြင့် မြန်မာနိုင်ငံမှသုံးစွဲသူ ၁၈ သန်း အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူ ၂ ဒသမ ၂ ဘီလျံအတွက် ညီတူညီမျှ ကျင့်သုံးသော မူဝါဒများ ထားရှိပြီး ဘာသာစကားပေါင်း ၅၀ အတွက် ဆန်းစစ်မှုများ လုပ်ဆောင်ပေးနေကြောင်း ပြောကြား
Published 4 July 2018

Facebook နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇွန်လဆန်းပိုင်းက ပြုလုပ်နေစဉ်

Facebook အနေဖြင့် မြန်မာနိုင်ငံမှ သုံးစွဲသူ ၁၈ သန်း အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူစုစုပေါင်း ၂ ဒသမ ၂ ဘီလျံအတွက် ပြောင်းလဲမှုမရှိသော၊ တစ်သမတ်တည်းဖြစ်သော မူဝါဒများကို ညီတူညီမျှ ကျင့်သုံးလျက်ရှိပြီး ဘာသာစကား စုစုပေါင်း ၅၀ ခန့်အတွက် ဆန်းစစ်မှုများ လုပ်ဆောင်ပေးလျက် ရှိကြောင်း Facebook မှ သိရသည်။

Facebook အနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းကို အသုံးပြုပြီး အမုန်းတရားများ၊ သတင်းအမှားများ ဖြန့်ချိရန် အသုံးပြုခြင်း၊ တင်းမာမှုများကို မီးလောင်ရာလေပင့် ပြုလုပ်ခြင်း၊ အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးခြင်း စသည့်ကိစ္စရပ်များအတွက် အသုံးပြုသူများ ရှိနေသည်ကို သိရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ အပြုအမူများ၊ လုပ်ဆောင်မှုများ ရှိနေခြင်းအတွက် စိုးရိမ်မှုများစွာ ရှိနေကြပြီး အဆိုပါ အကြောင်းအရာများကို ရှာဖွေသိရှိနိုင်ရန်၊ ဖယ်ရှားနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Facebook က ကတိပေး ပြောကြားခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်မှုများ ရပ်တန့်သွားစေရန်အတွက် မြန်မာနိုင်ငံ၌သာမက အခြားနိုင်ငံများတွင်ပါ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရသည်။

“Facebook ရဲ့မူဝါဒတွေကို ညီညီမျှမျှ ကျင့်သုံးမှုမရှိဘူး ဆိုပြီးတော့ စိုးရိမ်မှုတွေ ရှိနေကြတာကို သိပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒတွေ ဖော်ဆောင်ရာမှာ ညီမျှစွာနဲ့ အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ မရှိဘဲ တစ်ပြေးညီဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင် ကြပါတယ်။ ဘယ်လိုလုပ်ဆောင်နေလဲ ဆိုတာကို ပြောပြချင်တဲ့အပြင် တစ်စုံတစ်ယောက်ရဲ့ အမြင်ကို မျက်နှာသာပေးတယ်လို့ ပြောနေကြတာတွေ၊ နိုင်ငံရေးဆိုင်ရာ ဒါမှမဟုတ် ဘာသာရေးဆိုင်ရာတွေမှာ အကြောင်းအရာ တစ်စုံတစ်ခုကို ပစ်မှတ်ထားတယ်၊ ဘက်လိုက်တယ် ဆိုတာတွေကိုလည်း ရှင်းလင်းပြောပြချင်ပါတယ်။ Facebook ရဲ့လူမှုကွန်ရက် စံနှုန်းတွေကို နှစ်ပေါင်းများစွာတိုင်အောင် အဓိကအခြေခံ သဘောတရား သုံးခုဖြစ်တဲ့ ဘေးကင်းမှု၊ စကားသံများနဲ့ သာတူညီမျှ စတာတွေနဲ့အညီ အာရုံစိုက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ အမြဲလုံခြုံမှု ရှိဖို့ဆိုတာ ကျွန်မတို့ အမှန်တကယ် ဦးစားပေးတဲ့အရာ ဖြစ်ပါတယ်။ ဒီသုံးစွဲသူတွေကို အဓိပ္ပာယ်လေးနက်တဲ့ ချိတ်ဆက်မှုတွေကို ဖန်တီးတည်ဆောက် စေဖို့သာမက သူတို့ရဲ့ စစ်မှန်တဲ့ပုံစံကို ဖော်ပြစေလိုပြီး ဒီလိုလုပ်ဖို့ ဆိုတာကလည်း သူတို့အနေနဲ့ လုံခြုံတယ်လို့ ယူဆရတဲ့ အွန်လိုင်းဝန်းကျင်မှာသာ ဖြစ်နိုင်ပါတယ်။ လုံခြုံမှုနဲ့ စကားသံတွေကြားက ညီမျှမှုဟာ အရမ်းအရေးပါပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဟာ တခြားသူတွေအတွက် စော်ကားမှု မဖြစ်စေဖို့ အတွက်လည်း ကတိပြု လုပ်ဆောင်နေပါတယ်။ တတိယအခြေခံ သဘောတရားဖြစ်တဲ့ သာတူညီမျှမှုဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူ ၂ ဒသမ ၂ ဘီလျံအတွက် မပြောင်းလဲတဲ့ တစ်သမတ်တည်း ညီတူညီမျှ ကျင့်သုံးထားတဲ့ မူဝါဒတွေကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ လူမျိုးတွေ၊ ဘာသာစကားတွေ၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ယုံကြည်မှုတွေအသီးသီး ရှိကြတဲ့ လူမှုပတ်ဝန်းကျင်တွေကြားမှာ ဒီလိုလုပ်ဖို့ဆိုတာ ခက်ခဲပြီး အားလုံးအပေါ် ညီမျှစွာ သက်ရောက်မှု ရှိဖို့လောက်အထိ ကျယ်ပြန့်တဲ့ မူဝါဒတွေဖြစ်ဖို့ လိုအပ်ပါတယ်” ဟု Facebook ၏ Content Policy မှ Sheen Handoo က ပြောကြားသည်။

Facebook အနေဖြင့် အချို့ဘာသာရေး အဖွဲ့အစည်းများကို အခြားအဖွဲ့အစည်းများထက် ပိုမိုအလေးပေးခြင်း သို့မဟုတ် အင်အားသုံး နှိပ်ကွပ်ခြင်းတို့ကို လုပ်ဆောင်မည် မဟုတ်ဘဲ အစိုးရတစ်ရပ်ကို ဝေဖန်ခြင်း တစ်ခုတည်းကြောင့်လည်း အကြောင်းအရာနှင့် အကောင့်ကို ဖယ်ရှားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

Facebook ကို ဘာသာစကားပေါင်း ၁၀၀ ကျော်ဖြင့် အသုံးပြုနေကြခြင်းဖြစ်ပြီး Facebook အနေဖြင့် မြန်မာဘာသာစကား အပါအဝင် ဘာသာစကားပေါင်း ၅၀ ခန့်တွင် ဆန်းစစ်မှုများ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Most Recent