<

ထိုင်းလိုဏ်ဂူထဲတွင် ၁၀ ရက်နီးပါးကြာ ပျောက်ဆုံးနေခဲ့သူ ၁၃ ဦးအား အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

Photo: AFP

ထိုင်းနိုင်ငံ ချန်ရိုင်းပြည်နယ်တွင် Tham Luang လိုဏ်ဂူထဲ၌ ၁၀ ရက်နီးပါးကြာ ပျောက်ဆုံးနေခဲ့သော လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့အား ကယ်ဆယ်ရေးများက ဇူလိုင် ၂ ရက်တွင် အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည်။

ဇွန် ၂၃ ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုကြောင့် Mu Pa Academy Mae Sai ဘောလုံးအသင်းမှ ထို ၁၃ ဦးသည် ထိုဂူထဲ၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

ထိုပျောက်ဆုံးနေသည့်အဖွဲ့ကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ချန်ရိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆော့တာနာကွန် က ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုရှာတွေ့ခဲ့သူများအား ဂူထဲမှနေ၍ ဘေးကင်းစွာ ပြန်လည် ထွက်ခွာနိုင်ရန်နှင့် ဆေးရုံသို့ ပို့နိုင်ရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုဘောလုံးကစားသမားများအား ရှာတွေ့ခဲ့သည့်နေရာသို့ ရေငုပ်ကျွမ်းကျင်သည့် ဆရာဝန်များက သွားရောက်နေသည်။ ထိုကယ်ဆယ်ခံရသူများသည် မှောင်နေသည့် ဂူထဲမှ အပြင်သို့ ချက်ချင်းရွှေ့ပြောင်း၍ ရ၊ မရကို စမ်းသပ် စစ်ဆေးသွားမည်ဖြစ်ပြီး ထွက်၍ မရသေးပါက ဂူထဲတွင်ပင် အရေးပေါ် အကူအညီများနှင့် စားစရာများကို ဦးစွာပေးသွားမည် ဖြစ်သည်။

ကယ်ဆယ်ခံရသူများအား သယ်ယူပို့ ဆောင်ရေးအတွက် အစီအစဉ်များအား ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ချန်ရိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲသ့ည်။ Ref:The Nation

July 2, 2018














Copy Protected by Chetan's WP-Copyprotect.