ရုရှားနိုင်ငံက ဦးဆောင်၍ နိုင်ငံခုနစ်နိုင်ငံ၌ကျင်းပမည့် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲ ၂၀၁၈ တွင် မြန်မာ့တပ်မတော် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်

ရုရှားနိုင်ငံက ဦးဆောင်၍ နိုင်ငံခုနစ်နိုင်ငံ၌ကျင်းပမည့် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲ ၂၀၁၈ တွင် မြန်မာ့တပ်မတော် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်
Published 1 July 2018

၂၀၁၇ ခုနှစ် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တင့်ကားများအား တွေ့ရစဉ် (Photo: The International Army Games 2017)

ရုရှားနိုင်ငံကဦးဆောင်၍ နိုင်ငံ ခုနစ်နိုင်ငံ၌ ဇူလိုင်လကုန်မှ သြဂုတ်လလယ်အထိ ကျင်းပမည့် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲ ၂၀၁၈ (The International Army Games 2018) တွင် မြန်မာ့တပ်မတော်က ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရုရှားသတင်းဌာန TASS က ဇွန် ၂၉ ရက်က ဖော်ပြခဲ့သည်။

အဆိုပါပြိုင်ပွဲကို ရုရှား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ တရုတ်နှင့် ကာဇတ်စတန်တို့၌ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပြီး အီရန်နှင့် အာမေးနီးယားနိုင်ငံ နှစ်နိုင်ငံတွင် ထပ်တိုးကျင်းပမည် ဖြစ်ကြောင်း TASS သတင်းတွင် ဖော်ပြခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် သက်ဆိုင်ရာအဖွဲ့သားများ ကျွမ်းကျင်မှုပြိုင်ပွဲအဖြစ် တင့်ကားအဖွဲ့သားများအတွက် Tank Bitathlon ပြိုင်ပွဲ၊ စစ်သည်တင်သံချယ်ကာယာဉ် (IFV) အဖွဲ့သားများအတွက် Suvoiov’s Attack  ပြိုင်ပွဲ၊ တိုက်လေယာဉ်အဖွဲ့သားများအတွက်  Aviadarts ပြိုင်ပွဲ၊ စစ်ရေယာဉ်အဖွဲ့သားများအတွက် Caspian Sea ပြိုင်ပွဲ၊ လေကြောင်းချီတပ်ဖွဲ့များအတွက် Airborne Platton ပြိုင်ပွဲ၊ စိန်ပြောင်းတပ်ခွဲများအတွက် Masters of Artliiery Fire ပြိုင်ပွဲ၊ တံတားခင်း ယန္တရားအဖွဲ့သားများအတွက် Open Water ပြိုင်ပွဲ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များအတွက်  Safe Route ပြိုင်ပွဲ၊ နျူကလီးယား၊ ဓာတု၊ ဇီဝလက်နက်ကာကွယ်ရေးတပ်ဖွဲ့များအတွက် Safe Environment ပြိုင်ပွဲ၊ ကြည်းတပ် ကင်းထောက်တပ်ခွဲများအတွက် Scout Masters ပြိုင်ပွဲနှင့် သံချပ်ကာ နည်းပညာအကူပေးအဖွဲ့သားများအတွက် Masters of Armored Vehicles  ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် တင့်စွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ထို့ပြင် ယခုနှစ်ပြိုင်ပွဲသို့ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်၊ ဆူဒန် နှင့် ဖိလစ်ပိုင်နိုင်ငံများ၏ တပ်မတော်များက ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၌ ၂၀၁၇ ခုနှစ် မတ် ၂၇ ရက်တွင်ပြုလုပ်သည့် ၇၂ နှစ် မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တင့်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)

“ပြိုင်ပွဲကျင်းပမှုကို ပထဝီအနေအထားအရ ကျယ်ပြန့်လာနိုင်ခဲ့တာနဲ့ ပြိုင်ပွဲဝင်အသင်းအရေအတွက် များပြားလာတာကို မြင်တွေ့ရတာဟာ စိတ်ကျေနပ်စရာပါ။ ဒီနှစ်ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ အသင်း ၁၈၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒါဟာ အရင်နှစ်ပြိုင်ပွဲထက် သုံးပုံတစ်ပုံနီးပါး ပိုများလာခဲ့တာပါ။ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်၊ ဆူဒန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက စစ်မှုထမ်းတွေအနေနဲ့က တော့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပထမဆုံးအကြိမ် သရုပ်ပြခွင့်ရမှာပါ” ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergi Shoigu က ပြောကြားခဲ့ သည်။ ဆက်လက်ပြီး ရုရှားကာကွယ်ရေးဝန် ကြီး Sergi Shoigu က ယခုနှစ်ပြိုင်ပွဲကို ရုရှား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ တရုတ်နှင့် ကာဇက်စတန်တို့သာမက အီရန်နှင့် အာမေးနီးယားနိုင်ငံ နှစ်နိုင်ငံတွင် ထပ်တိုးကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပြိုင်ပွဲကျင်း ပမည့် တစ်လတာကာလအတွင်း ပြိုင်ပွဲဝင် တပ်ဖွဲ့ဝင်များအတွက် အကောင်းဆုံးအခြေအနေတစ်ရပ်ကိုလည်း ဖန်တီးပေးထားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု TASS သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ နိုင်ငံတကာစစ်ရေးစွမ်းရည် ပြိုင်ပွဲ (The International Army Games 2018) သည် ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် တင့်ကားစွမ်းရည်ပြိုင်ပွဲ Tank Bitathlon နှင့် တိုက်လေယာဉ်စွမ်းရည်ပြိုင်ပွဲ Aviadarts များကို နိုင်ငံတကာမှ စိတ်ဝင်စားမ ှုပိုမိုများပြားလာခြင်းကြောင့် ၂၀၁၅ ခု နှစ်မှစ၍ ပိုမိုကျယ်ပြန့်ကာ ပြိုင်ပွဲမျိုးစုံပါဝင်သည့် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲအဖြစ် ၂၀၁၅ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent