<

စင်ကာပူတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးကို သတ်မှုဖြင့် မြန်မာအိမ်အကူ တစ်ဦး တရားစွဲခံရ

သေဆုံးသူ အမျိုးသမီးကြီး၏ အလောင်းအား ရဲများက ဇွန် ၂၆ ရက်၌ ရှင်းလင်းစဉ်

စင်ကာပူတွင် Choa Chu Kang ဧရိယာရှိ တိုက်ခန်းအမှတ် ၇၉၁ ၌ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုတွင် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦးအား လူသတ်မှုဖြင့် ဇွန် ၂၇ ရက်က စွဲချက်တင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ် မဇင်မာနွယ် ဆိုသူသည် ဇွန် ၂၅ ရက်က မာရိုထရာရှာရှီ ကို သူ၏ တိုက်ခန်းတွင် သတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

၁၂ ထပ် လူနေတိုက်ခန်းမှ အကူအညီ တောင်းခံသည့် ဖုန်းခေါ်ဆိုမှုကို ဇွန် ၂၅ ရက် ညနေ ၃ နာရီ ၉ မိနစ်တွင် လက်ခံရရှိကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မစ္စစ်မာရိုထရာသည် အသက် မရှိတော့ကြောင်း၊ ထို့နောက် နာရီဝက်အကြာတွင် ဆေးအဖွဲ့က ၎င်းသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်ကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ လူသတ်မှုဖြစ်စဉ်ကို ကြားရသည့်အတွက် အိမ်နီးချင်းများက တုန်လှုပ်သွားခဲ့ကြသည်။ ယင်းတိုက်တွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် မစ္စတာ ရစ်ကီလောက အမြဲတမ်း ငြိမ်းချမ်းနေခဲ့သော ပတ်ဝန်းကျင်တွင် ရဲအရာရှိများ အမြောက်အမြား တွေ့ခဲ့ရသည့်အတွက် အိမ်နီးချင်းများက အံ့သြနေခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုက် ၇၉၂ တွင် နေထိုင်သော အရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်သူ မခင်စန်းနွယ် ၂၈ နှစ်က “ဒီပတ်ဝန်းကျင်မှာ ဒါမျိုးတွေ မဖြစ်ဖူးပါဘူး။ အဲဒါကြောင့် ကျွန်မ အံ့အားသင့်မိပါတယ်။ အစတုန်းကတော့ ဒါလူသတ်မှုလို့ မယုံကြည်ခဲ့ပါဘူး” ဟု ပြောကြားသည်။

ယခုအခါ မဇင်မာနွယ်ကို Central Police Division တွင် ထိန်းသိမ်းထားသည်။

မဇင်မာနွယ်သည် သေဆုံးသူ၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း စထရိတ်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ မဇင်မာနွယ်ကို ဇူလိုင် ၄ ရက်တွင် တရားရုံး၌ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ စင်ကာပူတွင် လူသတ်မှု ကျူးလွန်သူများသည် သေဒဏ်ချမှတ်ခံရလေ့ ရှိသည်။

June 28, 2018














Copy Protected by Chetan's WP-Copyprotect.