ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း အကျဉ်းဦးစီးဌာနမှ လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင် (အသစ်) လျှောက်ထားခြင်းကို ကန့်ကွက်ထားဟုဆို

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း အကျဉ်းဦးစီးဌာနမှ လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင် (အသစ်) လျှောက်ထားခြင်းကို ကန့်ကွက်ထားဟုဆို
Published 28 June 2018

ဘီးလင်းမြို့နယ်ရှိ တောင်စွန်း ကျောက်မိုင်းဟောင်းကို တွေ့ရစဉ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်းရှိ အကျဉ်းဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင် (အသစ်) လျှောက်ထားခြင်းကို ကန့်ကွက်ထားကြောင်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

“ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက တောင်စွန်း အကျဉ်းဦးစီး ကျောက်မိုင်း လေးဧကကို လမ်းခင်းကျောက် ပြန်လည် ထုတ်ယူဖို့အတွက်ကို အကျဉ်းဦးစီးဌာနက လျှောက်ထားတယ်။ အဲဒါကို ကန့်ကွက်နိုင်ကြောင်း ဇွန် ၁၈ ရက်က ဘီးလင်း ထွေ/အုပ်ကနေ စာထုတ်တယ်။ အဲဒီ ပေါက်တောကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၀၈၊ ကျိုက်ဒေးယုံကွင်း နေရာက သဘာ၀ ထိန်းသိမ်းရေးနယ်မြေကနေ အကျဉ်းဦးစီးဌာနအတွက် ထုတ်နုတ်ပေးထားတဲ့ ၄၄ ဒသမ ၈ ဧကထဲကနေ လျှောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ ဇွန် ၂၂ ရက်က ထင်တယ်။ ထွေ/အုပ် က ကွင်းဆင်းကြည့်တော့ အကျဉ်းဦးစီးဌာနက နေရာတိတိကျကျ မပြနိုင်ဘူး။ ဘယ်နေရာမှာ ထုတ်လုပ်မယ် ဆိုတာလည်း မသတ်မှတ်နိုင်ဘူး။ အဲဒါနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေနဲ့ လွတ်ကင်းမှု ရှိ၊ မရှိ မသိနိုင်ဘူး။ အဲဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက နေရာကို သေသေချာချာ ပြန်လည်သတ်မှတ်ပါ။ ထိန်းညှိပေးပါ့မယ် ဆိုပြီး ပြောပြီး ပြန်သွားတယ်။ ဇွန် ၂၄ ရက်မှာ အကျဉ်းဦးစီးက တိုင်တွေ စိုက်ထားပြီးပြီ။ အဲဒါနဲ့ ကျွန်တော်က သစ်တောနဲ့မြေစာရင်းကို ခေါ်ပြီးတော့ သွားကြည့်တော့ သစ်တောက ပြောတာက အဲဒီနေရာက ကေလာ သသဘာဝထိန်းသိမ်းရေး နယ်မြေနဲ့ မလွတ်ကင်းဘူး ဖြစ်နေတယ်။ အဲဒါကိုလည်း သစ်တောဦးစီးဌာနက မြေပုံနဲ့တကွ ထွေ/အုပ်ကို ကန့်ကွက်လွှာတင်ပြီး အသိပေးခဲ့ပါတယ်” ဟု ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကန့်ကွက်တယ် ဆိုတာကလည်း တခြားအကြောင်းကြောင့် မဟုတ်ဘူး။ အဲဒီနေရာက နဂိုကတည်းက ပိတ်သိမ်းပြီးတဲ့နေရာ ဖြစ်တယ်။ နောက်တစ်ခုက ကေလာ သသဘာဝနယ်မြေနဲ့ လွတ်ကင်းတာပဲ ဖြစ်ဖြစ်၊ မလွတ်ကင်းဘူးပဲ ဖြစ်ဖြစ် ကျောက်မိုင်းအဖြစ် လျှောက်ထားခွင့်လည်း မရှိသလို ကျောက်ထုတ်လုပ်ခွင့် မရှိတဲ့နေရာတွေ ဖြစ်တယ်။ အဲဒါကြောင့် လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ လွဲနေတယ်။ ကျောက်ထုတ်လုပ်ခွင့် မရှိတဲ့ နေရာကို ကျောက်မိုင်း ထုတ်လုပ်ခွင့် လျှောက်ထားတာတို့၊ ကန့်ကွက်လွှာ ခေါ်တာတို့ဟာ မဖြစ်သင့်ဘူး ဆိုတဲ့အတွက် ကန့်ကွက်တာပါ။ ကန့်ကွက်လွှာကို ဇူလိုင် ၃ ရက် နောက်ဆုံးဆိုတော့ သတ်မှတ်ရက်တော့ မပြည့်သေးဘူး။ အခု ဒေသခံတွေကလည်း ကန့်ကွက်လွှာတွေ တင်ဖို့ ပြင်ဆင်နေကြပါပြီ”ဟု ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ကလည်း သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားစာတွေ ပေးပို့သွားဖို့လည်း ရှိပါတယ်။ အဓိက နှစ်ချက်ပေါ့။ ပထမတစ်ချက် အကျဉ်းဦးစီးက ကျောက်မိုင်းလုပ်ဖို့ လျှောက်ထားတဲ့ နေရာက ကေလာသ သဘာဝနယ်မြေနဲ့ မလွတ်ကင်းဘူး။ တစ်ဆက်စပ်တည်း ဖြစ်နေတယ်။ နောက်တစ်ခုက ဒီနေရာမှာ ကျောက်ထုတ်လုပ်ငန်း လုံး၀ မရှိစေချင်တော့ဘူး။ နောက် ဒုတိယတစ်ချက်က ဒီလိုကိစ္စမျိုးက ကန့်ကွက်လွှာ ခေါ်ရမယ့်ကိစ္စမျိုး မဟုတ်ဘူး။ အကျဉ်းဦးစီးဌာနက ကျောက်မိုင်းလုပ်ဖို့ လျှောက်ခဲ့ရင်တောင်မှ လုပ်ထုံးလုပ်နည်းအရ လက်ခံလို့ မရဘူး။ အဲဒါကို လျှောက်လွှာလက်ခံပြီးတော့ ကန့်ကွက်လွှာ တင်ပါဆိုတာကလည်း လုပ်ထုံးလုပ်နည်းနဲ့ လွဲနေပါတယ်။ အဲဒီနှစ်ချက်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို ပေးပို့သွားမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ၅၅၄၈ ဒသမ ၄၇၃ ဧက ကျယ်ဝန်းသော ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေ နယ်မြေအတွင်း ကျောက်ထုတ်လုပ်မှု လုပ်ငန်းများ (ကျောက်မိုင်းများ) အားလုံး ထာဝရ ပိတ်သိမ်း ရပ်နားပေးရန် တိုက်တွန်းကြောင်း အဆိုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မွန်ပြည်နယ် လွှတ်တော်က ကန့်ကွက်ရန် မရှိ အတည်ပြုခဲ့ကြောင်း၊ ယင်းအဆိုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့တွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့မှ အဆိုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် ကန့်ကွက်သူ မရှိ အဆိုအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်းရှိ ကျောက်ထုတ် လုပ်ငန်းများ (ကျောက်မိုင်းများ) အားလုံး ပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း၊ ဘီးလင်းမြို့နယ် ကေလာသသဘာဝနယ်မြေအတွင်း ကျောက်ထုတ်လုပ်မှု လုံး၀ ခွင့်မပြုကြောင်းနှင့် သဘာဝနယ်မြေအဖြစ် သတ်မှတ်ကြေညာသည့် နေ့မှစ၍ ထိုနေ့တွင် တည်ရှိသော အခွင့်အရေးများမှအပ အောက်ပါကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခြင်း မပြုရေး တားမြစ်ဆောင်ရွက်ရန် ညွှန်ကြားကြောင်း၊ ယင်းအကြောင်းအရာများတွင် အဆောက်အအုံအသစ် ဆောက်လုပ်ခြင်း၊ တောရိုင်း တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အနာတရ ဖြစ်စေခြင်း၊ တောရိုင်း တိရစ္ဆာန်ကို ဖြစ်စေ၊ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဖြစ်စေ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းနှင့် သဘာဝအပင်များနှင့် သစ်တောထွက် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ခုတ်လှဲခြင်း၊ စုဆောင်းခြင်း၊ မြေတူးခြင်း၊ မြေရှင်းလင်းခြင်း၊ သစ်ပင်သီးနှံများ စိုက်ပျိုးခြင်း၊ စားကျက်မြေအဖြစ် အသုံးပြုခြင်း၊ မီးရှို့ခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ ရေထု၊ လေထု၊ ညစ်ညမ်းစေခြင်း၊ ရေစီးရေလာ ပျက်စီးစေခြင်း သို့မဟုတ် ရေတွင် အဆိပ်ခတ်ခြင်း၊ အဆိပ်အတောက် ဖြစ်စေသော ပစ္စည်းကိုဖြစ်စေ၊ ဓာတ်သတ္တု အညစ်အကြေးများကို ဖြစ်စေ ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် စွန့်ပစ်ခြင်းများ လုပ်ဆောင်ခြင်း မပြုရန်နှင့် လိုက်နာ ဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဘီးလင်းမြို့နယ်ရှိ ကေလာ သသဘာဝထိန်းသိမ်းရေး နယ်မြေအား ၁၉၄၂ ခုနှစ် ကတည်းက သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

Most Read

Most Recent