အစီရင်ခံပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးနှင့် မြေသိမ်းလျော်ကြေး မယူသည့် မြေယာများအတွက် သီးနှံလျော်ကြေးရရှိရေး လက်ပံတောင်းတောင်ဒေသခံ ၁၅၀ ခန့် ဆန္ဒထုတ်ဖော်

အစီရင်ခံပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးနှင့် မြေသိမ်းလျော်ကြေး မယူသည့် မြေယာများအတွက် သီးနှံလျော်ကြေးရရှိရေး လက်ပံတောင်းတောင်ဒေသခံ ၁၅၀ ခန့် ဆန္ဒထုတ်ဖော်
Published 24 August 2017

လက်ပံတောင်းတောင်ဒေသခံ ၁၅၀ နီးပါးက ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သြဂုတ် ၂၃ ရက်က ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးနှင့် မြေသိမ်းလျော်ကြေးငွေ မယူသည့် မြေယာများအတွက် သီးနှံလျော်ကြေးငွေ ရရှိရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၁၅၀ နီးပါးက ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သြဂုတ် ၂၃ ရက် ညနေ ၃ နာရီတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို လက်ပံတောင်းတောင်ဒေသခံ ၁၅၀ နီးပါးက မုံရွာ ပုသိမ် လမ်းမဆုံဖြစ်သည့် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပြီး လုံခြုံရေးအဖွဲ့မှ ရဲအင်အားတစ်ရာကျော်က အဆင့်သုံးဆင့် သတ်မှတ်ကာ ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါတဲ့ အချက်ထဲကနေပြီးတော့ အစားထိုး မြေဧက ၁၉၀၀ ကို ဖော်ဆောင်မပေးဘဲနဲ့ စီမံကိန်းကြီးက လက်လွှတ်စပယ် လည်ပတ်နေတာက တစ်ချက်။ နောက်ပြီးကျတော့ မြေယာလျော်ကြေး လုံးဝမှ ထုတ်ယူမထားတဲ့ တောင်သူတွေကနေပြီးတော့ သီးနှံနစ်နာကြေး အမြန်ဆုံးရရှိရေးအတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ နောက်ပြီးကျတော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကနေပြီးတော့ လွှတ်တော်ထဲမှာ တရားဝင်ပြောထားတဲ့စကားက အစားထိုးမြေဧက ၁၉၀၀ ကိုလည်း ဖော်ဆောင်ပေးရမယ်။ တကယ့်နစ်နာနေတဲ့ လျော်ကြေးငွေ လုံးဝမထုတ်တဲ့ တောင်သူတွေကိုလည်း ထိပ်တိုက်ဆွေးနွေးပြီးတော့ ပြေလည်အောင် ဖြေရှင်းပေးပါလို့ ပြောထားရတဲ့တန်းနဲ့ ယနေ့အချိန်အထိ ကျွန်မတို့ကို လက်လွှတ်စပယ် လုံးဝမှ ဥပေက္ခာပြုထားပါတယ်။ လုံးဝမှဖြေရှင်း မပေးသေးတဲ့အတွက် ကျွန်မတို့က အခုလို ဆန္ဒပြရတာပါ8 ဟု ဆားလင်းကြီးမြို့နယ် တုံတောကျောင်းရွာမှ ဒေါ်စန်းနွဲ့က ဆိုသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးသည် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ကာရံထားသည့် သွပ်ဆူးကြိုးနေရာအား ဝင်ရောက်သွားရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် အချို့ နှင့် အနည်းငယ်ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်နေသည့် အခြေအနေပေါ်ပေါက်ခဲ့သော်  လည်း ဒေသခံများ ပြန်လည်ထိန်းသိမ်းခဲ့ရကြောင်း၊ ဆန္ဒပြလမ်းတစ်လျှောက်တွင် လက်ပံတောင်းတောင်ဒေသခံ ၁၅၀ နီးပါးက လူသတ်မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အစီရင်ခံစာကို မလိုက်နာသည့် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မြေယာလျော်ကြေး မယူသည့် တောင်သူများ သီးနှံနစ်နာကြေး အမြန်ဆုံး ရရှိရေး စသည့် ကြွေးကြော်သံများဖြင့် အော်ဟစ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ခွင့်ပြုမိန့် မရတာ မဟုတ်ဘူးဗျာ့။ ခွင့်ပြုမိန့် မတင်တာပါ။ ခွင့်ပြုမိန့်မတင်ဘဲနဲ့ လာပြီးတော့ ဆန္ဒပြမယ်လို့ သတင်းရလို့ ဒီမှာလာပြီး စောင့်တာပါ။ လုံခြုံရေးကတော့ ကျွန်တော်တို့က ရှိတဲ့အင်အားပေါ့နော်။ ပူးပေါင်းပြီး ဆောင်ရွက်တယ်။ ငြိမ်းစုစီ ဥပဒေနဲ့အညီ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးနှင့် မြေသိမ်းလျော်ကြေးငွေ မယူသည့် မြေယာများအတွက် သီးနှံလျော်ကြေးငွေ ရရှိရေးအတွက် တုံတောကျောင်းရွာ၊ တုံရွာမရွာ၊ တုံအလယ်တောရွာ၊ မိုးကြိုးပြင်ရွာ၊ ဆည်တဲရွာဟောင်း၊ မိုးကြိုးပြင်အလယ်ရွာ၊ မိုးကြိုးပြင် တောင်ရွာမှ ဒေသခံ ၁၅၀ နီးပါးက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းတွင် လက်ပံတောင်းတောင်စာချုပ် ပြန်လည်ချုပ်ဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီမှ  ၁၉ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်မှ ၃၀ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲယူရန် ဆုံးဖြတ်ခဲ့ကြကြောင်း  သိရသည်။

Most Read

Most Recent