သုံးမယ် မသုံးဘူး၊ သက်သာတယ် မသက်သာဘူးနဲ့ Mytel ကြောင့် ပြင်းထန်လာတဲ့ ဆက်သွယ်ရေး အော်ပရေတာ လေးခုရဲ့ ပြိုင်ပွဲ

သုံးမယ် မသုံးဘူး၊ သက်သာတယ် မသက်သာဘူးနဲ့ Mytel ကြောင့် ပြင်းထန်လာတဲ့ ဆက်သွယ်ရေး အော်ပရေတာ လေးခုရဲ့ ပြိုင်ပွဲ
Published 24 June 2018

ရန်ကုန်မြို့ တစ်နေရာတွင် မိုဘိုင်းဖုန်း အသုံးပြုနေသူ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ဇွန် ၉ ရက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှု မိတ်ဆက်ပွဲ ကျင်းပပြီးတော့ Mytel ဟာ ဆက်သွယ်ရေး အော်ပရေတာသုံးခု ရှိနေနှင့်ပြီးဖြစ်တဲ့ ပြည်တွင်းဈေးကွက်ထဲမှာ နောက်ဆုံးဆက်သွယ်ရေး အော်ပရေတာအနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက်မှာတော့ ဆက်သွယ်ရေး အော်ပရေတာလေးခု အပြိုင်အဆိုင် လုပ်ကိုင်ကြရတော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ သုံးစွဲသူ အရေအတွက်အနေနဲ့ MPT က ၂၅ သန်း၊ တယ်လီနောက ၁၉ သန်းကျော်၊ အူရီဒူးက ကိုးသန်းကျော်ဆိုတော့ အားလုံးပေါင်းလိုက်ရင် ၅၄ သန်းကျော်လောက် ရှိနေပါတယ်။ အခု ၂၀၁၈ နှစ်လယ်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ Mytel ကလည်း သူတို့ဆင်းမ်ကတ်တွေကို တစ်သန်းကျော်လောက် သုံးစွဲမှု ရှိနေတယ်လို့ တရားဝင် ပြောကြားထားပါတယ်။

လောလောဆယ် အနေအထားအရတော့ ဆင်းမ်ကတ် အရေအတွက်က လူဦးရေ အရေအတွက်ကို ကျော်လွန်သွားပြီဖြစ်လို့ မိုဘိုင်းဖုန်း သိပ်သည်းဆအနေနဲ့ ၁၀၀ ရာခိုင်နှုန်းကို ကျော်လွန်လို့ ၁၁၀ ရာခိုင်နှုန်းလောက် ဖြစ်နေပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဝန်ဆောင်မှုလုံး၀ မရရှိသေးတာကြောင့် အဲဒီဒေသတွေမှာ လုံးဝမသုံးစွဲနိုင်သူတွေ၊ ဝန်ဆောင်မှုရရှိတဲ့ ဒေသမှာ နေထိုင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မသုံးစွဲသူတွေ ရှိနေတာကြောင့် အမှန်တကယ် သုံးစွဲသူ အရေအတွက်နဲ့ဆိုရင် သန်း ၃၀ လောက်ပဲရှိဦးမယ်လို့ ခန့်မှန်းတွက်ချက် ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍဟာ MPT တစ်ခုပဲရှိစဉ်တုန်းက ဈေးကွက်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့ပြီး တစ်ယောက်တည်း ထင်တိုင်းကြဲနေတဲ့ အနေအထားမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်ဆိုပြီး လုပ်ဆောင်ခဲ့ရာမှာ တယ်လီနောနဲ့ အူရီဒူးတို့ ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်နှစ်ခုကို ၂၀၁၃ ဇွန် ၂၇ ရက်မှာ ထုတ်ပြန်တော့ နော်ေ၀ အခြေစိုက် တယ်လီနောနဲ့ ကာတာအခြေစိုက် အူရီဒူးတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအနေနဲ့ ဆက်သွယ်ရေးလိုင်စင်ရရှိဖို့ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၄ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ရရှိခဲ့ပါတယ်။

ဒီလိုနဲ့ အူရီဒူးက ဆင်းမ်ကတ်တွေကို ၂၀၁၄ ဇူလိုင် ၃၀ မှာ ကနဦး စတင်ရောင်းချခဲ့ပြီး သြဂုတ် ၁၅ ရက် မှာတော့ ဝန်ဆောင်မှုတွေကို တရားဝင် စတင်လိုက်ပြီ ဖြစ်တယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။ စစချင်း ပရိုမိုးရှင်း အနေနဲ့ သြဂုတ် ၂ ရက်ကနေ သြဂုတ် ၁၄ ရက်အထိ အူရီဒူး အချင်းချင်း မိနစ် ၉၀၀ ဖုန်းပြောခွင့်နဲ့ မက်ဆေ့ချ် ၉၀၀၊ တခြားဖုန်းတွေဆီကို မိနစ် ၉၀ ဖုန်းပြောခွင့်နဲ့ မက်ဆေ့ချ် ၉၀၊ တစ်ရက်ကို အင်တာနက် 20MB အသုံးပြုခွင့်နဲ့ Facebook ကို အကန့်အသတ်မရှိ သုံးစွဲခွင့်တွေကို ပေးခဲ့တယ်။ ဒါပေမဲ့ ဝန်နဲ့အား မမျှတဲ့ အခါမှာ လိုင်းတွေကျပ်ကုန်ပြီး သုံးစွဲရတာ အဆင်မပြေဘူး ဖြစ်ကုန်တယ်။ ပိုဆိုးတာက အူရီဒူးအနေနဲ့ 3G ကွန်ရက် တစ်မျိုးတည်းနဲ့ စတင်ခဲ့တာဖြစ်လို့ ဟန်းဆက်တိုင်းနဲ့ အဆင်မပြေဘဲ 2G ကိုသာ ထောက်ပံ့နိုင်တဲ့ ဟန်းဆက်တွေမှာ သုံးစွဲလို့ မရခဲ့သလို 2G,3G နှစ်မျိုး သုံးနိုင်တဲ့ ဟန်းဆက်တွေမှာလည်း 3G Slot မှာပဲ ထည့်သုံးနိုင်တာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အူရီဒူးက ဆင်းမ်ကတ်တွေ စတင်ရောင်းချချိန်မှာ ဆင်းမ်ကတ် မရရှိသေးတဲ့ သုံးစွဲသူတွေ အများအပြား ရှိနေတာကြောင့် ဈေးကွက်ထဲမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါတယ်။ အလုအယက် လိုက်ဝယ်ကြပုံတွေဟာ မကြုံစဖူး လှုပ်လှုပ်ရှားရှား နိုင်လွန်းပါတယ်။

တယ်လီနောကတော့ ၂၀၁၄၊ စက်တင်ဘာ ၂၇ ရက်က မန္တလေးမှာ ဆင်းမ်ကတ်တွေ စတင်ရောင်းချပြီး ဝန်ဆောင်မှု စတင်ခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၃ ရက်ကျတော့ နေပြည်တော်မှာ စရောင်းပေးခဲ့ပြီး ရန်ကုန်မှာ အောက်တိုဘာ ၂၆ ကျမှသာ စတင်ရောင်းချ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြောရရင် လိုင်စင်ချပေးစဉ်က ကတိကဝတ်တွေကြောင့်သာ ကတိပေးထားတဲ့ ကာလအတောအတွင်း ဘောင်ဝင်အောင် အလျင်စလို ရောင်းချပေးခဲ့ကြတာဖြစ်ပြီး အခြေခံ အဆောက်အအုံပိုင်းမှာ ပြည့်စုံလုံလောက်ခြင်း မရှိသေးတာကြောင့် အဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုနဲ့ပဲ တယ်လီနောနဲ့ အူရီဒူးတို့ဟာ မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု ပေးလာခဲ့တာ အခုဆိုရင် အမှုဆောင်  အရာရှိချုပ် သုံးဦးစီ အပြောင်းအလဲတောင် ရှိခဲ့ပါပြီ။ တယ်လီနောဆိုရင် MPT နီးပါးလောက် သုံးစွဲသူ ရရှိလာခဲ့ပြီး အူရီဒူးကတော့ အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲသူ အရေအတွက်မှာ ကွာဟမှုတွေ ရှိခဲ့ပါတယ်။

MPT ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ အခြေစိုက် KDDI, Sumitomo တို့နဲ့ အကျိုးတူ ပူးပေါင်းတဲ့စာချုပ်ကို ၂၀၁၄ ဇူလိုင်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် အကျိုးတူ ပူးပေါင်းမှုကို စက်တင်ဘာ ၁ ရက်ကစပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၄ စက်တင်ဘာ ၁ ရက် မှာ MPT ကနေ ဆင်းမ်ကတ်တွေကို ပြင်ပအရောင်းဆိုင်တွေမှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချ ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလွယ်တကူ ဝယ်ယူနိုင်တာမျိုး မဖြစ်သေးဘဲ မှောင်ခိုဈေးကွက်မှာ ကျပ်၂၀၀၀၀ လောက်နဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ထပ်ရောင်းပေးခဲ့တော့ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ မှောင်ခိုဈေးက ကျပ် ၅၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတော့တယ်။

Mytel  အနေနဲ့ ပထမဆုံး ဖုန်းခေါ်ဆိုမှု စမ်းသပ်တာကို ၂၀၁၈ ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခြင်း၊ နိုင်ငံတကာ ဖုန်းခေါ်ဆိုခြင်း၊ Video Conferencing နဲ့ ကွန်ရက်မြန်နှုန်း စမ်းသပ်ခြင်းတို့ကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်လုပ်ကိုင် နိုင်ခဲ့တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

Mytel ဆင်းမ်ကတ်တွေကို တော့ ၂၀၁၈ မတ် ၁၅ ရက်က နေပြည်တော်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့မှာ စတင်ရောင်းချ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရောင်းချပေးခဲ့တာကို သတင်းထုတ်ပြန်ပေးမှုက နောက်ကျခဲ့ပါတယ်။

Mytel အနေနဲ့ အသံခေါ်ဆိုမှုအတွက် မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းအထိ ကွန်ရက်လွှမ်းခြုံနိုင်မှာဖြစ်ပြီး မြို့ပြမှာ ၉၉ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသတွေမှာ ၈၈ ရာခိုင်နှုန်း ဖြစ်တယ်လို့ ကနဦးက ဆိုထားပါတယ်။ ဒေတာဝန်ဆောင်မှု (အင်တာနက်) ပိုင်းမှာတော့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်းအထိ ဒီနှစ်အတွင်း ကွန်ရက်လွှမ်းခြုံနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒေတာဝန်ဆောင်မှု အနေနဲ့ မြို့ပြမှာ ၉၆ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသတွေမှာ ၆၆ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လောလောဆယ်တော့ Mytel မှာ တာဝါတိုင်ပေါင်း ၆၀၀၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၂ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံ ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Mytel ရဲ့တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ၂၀၁၈ ခုနှစ် ဇွန် ၉ ရက်က Pullman Yangon Centrepoint Hotel မှာ ကျင်းပခဲ့ပါတယ်။

Mytel ရဲ့အခြေခံဝန်ဆောင်မှု နှုန်းထားတွေက Mytel အချင်းချင်း ခေါ်ဆိုရင် တစ်မိနစ်ကို ၁၀ ကျပ်နဲ့ တခြားအော်ပရေတာတွေရဲ့ဖုန်းကို ခေါ်ဆိုရင်တော့ တစ်မိနစ်ကို ၂၃ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ သုံးသလောက်ပေး အင်တာနက် အစီအစဉ်မှာ 1MB ကို ငါးကျပ်ဖြစ်ပြီး အဲဒီနှုန်းထားက တခြားဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် ရာခိုင်နှုန်း ၄၀ သက်သာစေမယ်လို့ ဆိုပါတယ်။ စစချင်းမှာ Mytel ဆင်းမ်ကတ်စတင် သုံးစွဲမယ့် သူတွေအတွက် ဖုန်းပြောဖို့အတွက် မိနစ် ၁၅၀ နဲ့ အင်တာနက်အတွက် 1500MB (1.5GB) ကို ပထမသုံးလ အတွင်းမှာ အစမ်းသုံး အစီအစဉ်အနေနဲ့ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိမယ့် ငွေဖြည့်အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဥပမာအားဖြင့် ကျပ် ၅၀၀၀ ဖြည့်ရင် ကျပ် ၅၀၀၀ အပိုရရှိမှာ ဖြစ်ပါတယ်။ ဖုန်းပြောခ ကောက်ခံတဲ့ အခါမှာလည်း တစ်စက္ကန့်ချင်း အခြေခံပြီး ကောက်ခံမယ်လို့ ဆိုပါတယ်။ ဆင်းမ်ကတ် ဈေးနှုန်းကတော့ တစ်ကတ်ကို ကျပ် ၁၅၀၀ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဆင်းမ်ကတ်သုံးစွဲမှု ငါးသန်းပဲ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သန်း ၅၀ လောက် ရှိလာပါတယ်။ ဒီလေးနှစ်အတွင်းမှာ ဆင်းမ်ကတ်သုံးစွဲနိုင်မှုက ၉၀ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် နေထိုင်နေကြတဲ့ ကျေးလက်ဒေသတွေမှာ တစ်ဝက်လောက်က မိုဘိုင်းဖုန်းတွေ သုံးစွဲနိုင်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း သုံးစွဲမှုဟာ ခုချိန်မှာ ရာခိုင်နှုန်း ၉၀ ကျော်လာပြီ ဆိုပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလယ်အလတ် အဆင့်ပဲ ရှိပါသေးတယ်။ အိန္ဒိယနဲ့ထိုင်းမှာဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆဟာ ၁၀၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် မိုဘိုင်းအင်တာနက်နဲ့ Broadband အင်တာနက်တွေမှာ အများကြီးလုပ်လို့ ရပါသေးတယ်” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။

Mytel ရဲ့ မိုက်တယ် Package အစီအစဉ်ကတော့ အော်ပရေတာ အားလုံးအနက် စိတ်ဝင်စားစရာ ဖြစ်လာပြီး ပထမတစ်လအတွင်း ကျပ် ၄၀၀၀ နဲ့တင် အင်တာနက်အတွက် 5GB၊ ဖုန်းပြောခြင်းအတွက် မိနစ် ၂၅၀ (Mytel အချင်းချင်း) အသုံးပြုခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

“လက်ရှိ ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံး အသုံးပြုနိုင်တဲ့ နေရာတွေမှာ ဆင်းမ်ကတ်ဆိုတာ မမြင်ချင်တော့လောက်အောင် ဖြစ်နေပါပြီ။ ဆက်သွယ်ရေး ဝန်ဆောင်မှု မရရှိသေးတဲ့ နေရာတွေကတော့ အရင်အတိုင်းပါပဲ။ လောလောဆယ်တော့ ပရိုမိုးရှင်း အစီအစဉ်တွေကြောင့် Mytel ကို သုံးကြတာတွေရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ ပရိုမိုးရှင်းကာလ ပြီးဆုံးသွားချိန်မှာ ဆက်သုံးကြပါဦးမလား ဆိုတာက မေးစရာ ရှိတယ်။ ဆက်သွယ်ဖို့အတွက် သုံးကြတဲ့ ဖုန်းနံပါတ်ကို အလွယ်တကူ ပြောင်းသုံးဖို့ခက်ပြီး အများစုက ဖုန်းပြောတဲ့ နံပါတ်က သတ်သတ်တစ်ခု၊ အင်တာနက်သုံးဖို့က သတ်သတ်တစ်ခု ပုံစံမျိုး သုံးနေကြတာကို တွေ့ရတယ်။ iPhone သုံးတဲ့သူဆိုရင်တော့ ဒီလိုမျိုးဆင်းမ်ကတ်နှစ်ခု တွဲသုံးဖို့ မလွယ်ပါဘူး။ ဟန်းဆက်နှစ်လုံးကိုင်ဖို့ ဆိုတာကလည်း အလုပ်ရှုပ်ပါတယ်” လို့ မနန်းယဉ်ယဉ်အေးက သုံးသပ်ပြောကြားပါတယ်။

ဇွန် ၉ ရက်နေ့မိတ်ဆက်ပွဲမှာ သုံးစွဲသူ တစ်သိန်းကျော်ပဲ ရှိနေတဲ့ Mytel ဟာ ဇွန် ၂၂ ရက်မှာ ပြုလုပ်တဲ့ မီဒီယာ တွေ့ဆုံပွဲမှာတော့ သုံးစွဲသူ အရေအတွက်ဟာ တစ်သန်းကျော်ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။ ၁၀ ရက်အတွင်းမှာပဲ သုံးစွဲသူအရေအတွက် တစ်သန်းပြည့်ခဲ့တာလို့ သိရပါတယ်။

မျှော်မှန်းထားတာထက် ပိုမိုနေတဲ့ သုံးစွဲသူအရေအတွက် ရှိခဲ့တယ်လို့ဆိုပြီး ငွေဖြည့်ကတ် မလုံလောက်မှုနဲ့ ပြတ်လပ်မှုတချို့ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် သမားရိုးကျ ငွေဖြည့်ကတ်တွေအပြင် eLoad လိုမျိုး တခြားနည်းလမ်း တွေနဲ့လည်း ငွေဖြည့်နိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Mytel အနေနဲ့ ပြဿနာတက်နေတာ တစ်ခုက 2G, 4G ကွန်ရက်နှစ်မျိုးမှာပဲ အသုံးပြုနိုင်တဲ့ကိစ္စပါ။ အဲဒီတော့ 3G ဟန်းဆက် အသုံးပြုသူတွေအနေနဲ့ အခက်တွေ့ကုန်ပါတယ်။ အခက်တွေ့တယ် ဆိုတာက ဒီလိုပါ။ ဖုန်းပြောရင် မသိသာပေမဲ့ အင်တာနက်သုံးတဲ့အခါ Mytel ဆင်းမ်ကတ်က 3G ဟန်းဆက်မှာ 2G မြန်နှုန်းနဲ့ပဲ သုံးနိုင်တော့တာ ဖြစ်ပါတယ်။

“Voice အနေနဲ့ဆိုရင် 2G ကို အကုန်လုံး သုံးနိုင်ပါတယ်။ ဒေတာ (အင်တာနက်) သုံးမယ်ဆိုရင်တော့ ဟန်းဆက်ပေါ် မူတည်ပြီး 4G ရပါမယ်။ 3G မလုပ်တော့တာက ခေတ်အနေနဲ့ 4G ဆီ ဦးတည်သွားနေတယ်။ ပြောရရင် ဆက်သွယ်ရေး ဝန်ဆောင်မှုမှာ အော်ပရေတာဘက်ကချည်း ရင်းနှီးမြှုပ်နှံနေရတာ မဟုတ်ဘဲ သုံးစွဲသူ ဘက်ကလည်း ဟန်းဆက်ကို ရင်းနှီးမြှုပ်နှံ ထားရပါတယ်။ အခုဈေးကွက်ဝင်လာတဲ့ ဟန်းဆက် အများစုက 4G ရတာတွေ များလာပါတယ်။ 4G လုပ်ရတာက ကုန်ကျစရိတ်လည်း သက်သာတဲ့အတွက် ဒါကိုပဲ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေလို့ 3G ဟန်းဆက်ကိုင်ထားတဲ့ သူတွေကို ဒုက္ခပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ 3G ဟန်းဆက်နဲ့သုံးရင် E ပဲဖြစ်ပြီး အင်တာနက် နှေးတာမျိုးတွေ ကြုံရနိုင်ပါတယ်” လို့ Mytel က တာဝန်ရှိသူက ဆိုပါတယ်။

တစ်ခုနမူနာယူရမှာက အူရီဒူးလည်း သူတို့ဝန်ဆောင်မှုစတုန်းက 3G တစ်မျိုးပဲရလို့ 2G ဟန်းဆက် ကိုင်ဆောင်သူတွေ အခက်တွေ့ရပြီး 2G,3G နှစ်မျိုးသုံးနိုင်တဲ့ ဟန်းဆက်တွေမှာ ဆိုရင်လည်း အူရီဒူး ဆင်းမ်ကတ်ကို 3G Slot မှာပဲ သီးသန့်နေရာပေးရတာမျိုး ဖြစ်ခဲ့တယ်။ အခု ၂၀၁၈ ခုနှစ်ရောက်တော့ အူရီဒူးက 4G,3G အပြင် 2G ပါရ အောင် ပြန်လုပ်ပေးခဲ့တယ်။

ပြင်ပမှာ လူပြောသူပြောများနေကြတဲ့ Mytel ဟာ အခွန်မဆောင်ဘဲ အခွန်ရှောင်လွှဲတယ် ဆိုတာကို ငြင်းဆိုလိုက်ပါတယ်။ သူတို့ရဲ့ ကျပ် ၄၀၀၀ ပေးရတဲ့ မိုက်တယ် Package အစီအစဉ်ဟာ အခွန်ပါဝင်ပြီးသား ဖြစ်တယ်လို့ အတိအလင်း ပြောပါတယ်။

ဒါ့အပြင် ကောလာဟလတွေ ထွက်နေသလို Mytel မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားဖြစ်သူ ရှယ်ယာတွေ ပိုင်ဆိုင်မှုတွေ ပါဝင်နေတယ်ဆိုတာ လုံးဝမဟုတ်ကြောင်းကို ဇွန် ၂၂ ရက်က ပြုလုပ်တဲ့ Mytel နဲ့မီဒီယာများ တွေ့ဆုံပွဲမှာ တရားဝင်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါတင်မကဘဲ တပ်မိသားစုဝင်တွေကို မသုံးမနေရ ဝယ်ယူသုံးစွဲခိုင်းတယ်။ ကိုယ်ပိုင်နံပါတ်အတိုင်း ဆင်းမ်ကတ် နံပါတ်တွေ ရောင်းချပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မီဒီယာတွေက မေးမြန်းတဲ့အခါ ဒါတွေမဟုတ်ပါဘူးဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။

“တပ်မတော်သားတွေ မဝယ်မနေရဆိုတာ မဟုတ်ပါဘူး။ သုံးစွဲသူ မရှိရင်တောင် ဒါမျိုးမလုပ်ပါဘူး။  မလုပ်သင့်တာလည်း ဖြစ်နေတယ်။ နဂိုကတည်းက ပြောချင်သူတွေ ရှိနေတာ။ ဒါမျိုးသွားလုပ်ရင် ပိုဆိုးမှာပါ” လို့  Mytel က ဆိုပါတယ်။

Mytel ဟာ Joint Venture ဆက်သွယ်ရေး အော်ပရေတာတစ်ခု အနေနဲ့ ပြည်တွင်းက ၅၁ ရာခိုင်နှုန်းနဲ့ ပြည်ပက ၄၉ ရာခိုင်နှုန်း ပါဝင်ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ Mytel က ဗီယက်နမ် အခြေစိုက် Viettel ဆက်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းလက်တွဲခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်တွင်း ၅၁ ရာခိုင်နှုန်းထဲကမှ ကာကွယ်ရေးဝန်ကြီးဌာနပိုင် Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း ပါဝင်ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂၃ ရာခိုင်နှုန်းကိုတော့ ပြည်တွင်း အများပိုင်ကုမ္ပဏီတွေ စုပေါင်းဖွဲ့စည်း တည်ထောင်ထားတဲ့ Myanmar National Telecon Holding Public Limited က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

လောလောဆယ် ရင်းနှီးမြှုပ်နှံမှုအရ ဒေါ်လာတစ်ဘီလျံကျော် ရှိနေပြီး စုစုပေါင်း ဒေါ်လာ နှစ်ဘီလျံကျော်အထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တဲ့အကြောင်း Mytel က ပြောပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လိုင်စင်နဲ့ လိုင်းအသုံးပြုခအနေနဲ့ တယ်လီနော မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၅၀၀၊ အူရီဒူးကို အမေရိကန်ဒေါ်လာ သန်း ၁၀၅၀ နဲ့ လိုင်စင်စတင် ပေးအပ်ခဲ့ပြီး စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်အဖြစ် Myanmar National Tele & Communications ကုမ္ပဏီလီမီတက်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

MNTC အနေနဲ့ ၂၀၁၇ ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်မှာ ဆက်သွယ်ရေးလိုင်စင် ရယူခဲ့ပြီး ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်မြို့ရှိ Melia Yangon ဟိုတယ်မှာ ကျင်းပခဲ့ပါသေးတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ဝန်ဆောင်မှုစတင်ဖို့ မျှော်မှန်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေခဲ့ပြီး ၂၀၁၈ မတ်လအတွင်း ရောက်မှသာ ဝန်ဆောင်မှု စပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ တာဝါတိုင် တည်ဆောက်ဖို့အတွက် Mytel အနေနဲ့ မြေနေရာတွေကို အလွယ်တကူရနေတယ်၊ စာသင်ကျောင်းမြေတွေ တပ်မြေတွေကိုလည်း သုံးစွဲတယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို ဖြေရှင်းရပါသေးတယ်။

“ကျောင်းမြေတွေမှာ တာဝါတိုင်ထောင်တယ် ဆိုတာက သဘောတူခွင့်ပြုမှသာ ငှားရမ်းခပေးပြီး တာဝါတိုင်ထောင်တာ ဖြစ်ပါတယ်။ အများအားဖြင့် တက္ကသိုလ်ကျောင်းတွေသာ ဖြစ်ပါတယ်။ တပ်မြေတွေမှာ တည်ဆောက်တယ် ဆိုတာကလည်း သူများတွေ ထင်သလောက် အသုံးပြုခွင့် မရပါဘူး။ ညှိနှိုင်းရတာတွေ ရှိပါတယ်။ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့က သူများထက် အခွင့်အရေး ပိုမရတဲ့အပြင် ပိုတောင်ဆိုးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေနေရာငှားတဲ့သူတွေက အရင်ကဆိုရင် ရတဲ့ဈေးနဲ့ ငှားပေမဲ့ အခုတော့ ပိုတောင်းတတ်လာကြပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းမှာ အခွင့်အရေး ပိုရတယ်လို့ မခံစားမိပါဘူး” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားပါတယ်။

တချို့ကလည်း Mytel အပေါ် အမြင်မရှင်းကြတာက ရှေ့ကဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ပေါ်လာတဲ့အချိန် အရမ်းကွာခြားနေလို့ အခုမှ ကိုယ့်သဘောနဲ့ကိုယ် တည်ထောင်ပြီး ပေါ်လာတာလားလို့ မေးခွန်းထုတ်နေကြပါတယ်။ အမှန်က ပြည်ပဆက်သွယ်ရေး အော်ပရေတာတွေကို တင်ဒါမခေါ်ခင် ကတည်းက အကြံပေး အတိုင်ပင်ခံအဖွဲ့တွေ အရင်ခေါ်ပြီးတော့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကဏ္ဍအတွက် အစီအမံတွေ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီကတည်းက မြန်မာနိုင်ငံအတွက်ဆိုရင် ဆက်သွယ်ရေး အော်ပရေတာ လေးခုကသာ အသင့်တော်ဆုံး ဖြစ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ နည်းလွန်းရင် မကောင်းသလို များလွန်းရင်လည်း မကောင်းဘူးဆိုတဲ့ သာဓကတွေက အိမ်နီးချင်းနိုင်ငံတွေကို ဥပမာကြည့်ရှုခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ဆက်သွယ်ရေး အော်ပရေတာ သုံးခုနဲ့သာ အသားကျခဲ့ပြီးဖြစ်တဲ့ သုံးစွဲသူတွေက လက်ထဲမှာလည်း ဆင်းမ်ကတ်တွေ အများကြီး ဖြစ်လာပြီမို့ ဆက်သွယ်ရေး အော်ပရေတာ သုံးခုနဲ့တင် လုံလောက်မှုရှိတယ် ဆိုတဲ့ အမြင်တွေလည်း ရှိလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ရေး အော်ပရေတာ သုံးခုရဲ့ ဆင်းမ်ကတ် ရောင်းချထားမှုက သန်း ၅၀ ကျော် ရှိနေတာကြောင့်ပါ။ ဒါပေမဲ့လည်း စီစဉ်ထားပြီးသား ဖြစ်နေလို့ နောက်ဆုံးဆက်သွယ်ရေး အော်ပရေတာကလည်း သူ့အချိန်ရောက်ရင် ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။

Mytel အနေနဲ့ ဝန်ဆောင်မှု ပေးတော့မယ်ဆိုတဲ့ အချိန်မှာ ဘယ်လောက်နှုန်းထားနဲ့ ဝန်ဆောင်မှုပေးမှာလဲ၊ ဘာတွေနဲ့ ဆွဲဆောင်မလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။ လူအများစုရဲ့ လက်ထဲမှာ ဆင်းမ်ကတ်တွေ ရှိပြီးသား ဖြစ်နေလို့ ဒီလိုသုံးစွဲသူတွေကို နောက်ထပ် ဆင်းမ်ကတ် တစ်ကတ်ဝယ်ဖို့ ဘယ်လိုအရာတွေက တွန်းအားဖြစ်စေနိုင်မလဲဆိုတာ လေ့လာသူတွေက မေးခွန်းထုတ်ခဲ့ကြတယ်။

ဒီလိုနဲ့ Mytel က အထူးဈေးနှုန်းတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ ခက်ခက်ခဲခဲ ဆွေးနွေးနေရပြီး ကျန်တဲ့ဆက်သွယ်ရေး အော်ပရေတာတွေကလည်း ကန့်ကွယ်မှုတွေ ရှိလာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တကယ် ထွက်လာချိန်မှာတော့ ဆင်းမ်ကတ်ကို အလကားပေးမယ် ဆိုတာတွေက ဖြစ်မလာပေမဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကတော့ ဆွဲဆောင်နိုင်ပါတယ်။ ဖုန်းတွေကို လှုပ်ခါလိုက်ရုံနဲ့ အင်တာနက်သုံးစွဲခွင့်တွေ၊ တခြားသုံးစွဲခွင့်တွေ ရရှိနေတာကို အများစုက အကြိုက်တွေ့ကြပါတယ်။

Mytel ရဲ့ပရိုမိုးရှင်း အစီအစဉ်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ပုံမှန်အခြေအနေမှာ သတ်မှတ်ဈေးနှုန်းထက် ရာခိုင်နှုန်း ၄၀ ပဲ လျှော့ချခွင့်ရပေမယ့် အခုမှစတင်တဲ့ မျက်နှာသစ်မို့ အခွင့်အရေးပေးတဲ့ အနေနဲ့ ရာခိုင်နှုန်း ၇၀ အထိ လျှော့ချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေက နှစ်လ၊ သုံးလ စသဖြင့် သတ်မှတ်ကာလတစ်ခု အတွင်းမှာသာဖြစ်ပြီး အမြဲတမ်းတော့ ဒီဈေးနှုန်းတွေ၊ ဒီပရိုမိုးရှင်းတွေကို အသုံးပြုခွင့် ပေးလို့ရမှာ မဟုတ်ပါဘူး။

“Mytel က တစ်ခုတည်းသော အများပိုင်ကုမ္ပဏီတွေ ပါဝင်တဲ့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာ လိုအပ်တဲ့ တာဝါတိုင် အရေအတွက်ကို တည်ဆောက်ပြီးရင်တော့ 2G Voice အနေနဲ့ နိုင်ငံ့လူဦးရေရဲ့ ၉၃ ရာခိုင်နှုန်း၊ 4G Data အနေနဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ International Gateway အတွက် လာအို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နဲ့ ကုန်းတွင်းဖြတ်ကျော် ဆက်ကြောင်းတွေ ဆောင်ရွက်ခဲ့တာကြောင့် 4G ကွန်ရက်ကို ဖြန့်ကြက်ဆောင်ရွက် ထားနိုင်ပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်နိုင်ခဲ့လို့ အချိန်တို အတွင်းမှာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဆိုပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ ပြိုင်ဘက်ကင်း တစ်ဦးတည်း ချုပ်ကိုင်ထားတဲ့  အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီး အပြိုင်အဆိုင် လုပ်ကိုင်ကြတဲ့ ခေတ်တစ်ခေတ် အလွန်ကိုတောင် ရောက်ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းချင်းသာမက ဝန်ဆောင်မှုချင်း၊ ယုံကြည်စိတ်ချရမှုချင်း၊ မှန်ကန် ဖြောင့်မတ်မှုချင်းလည်း ပြိုင်စေချင်ပါတယ်။

လူတိုင်းရဲ့ လက်ထဲကို ဖုန်းတွေရောက်လာတာ၊ ဆက်သွယ်ရေး စနစ်တွေ မြန်ဆန်လွယ်ကူ လာတာတွေက ဘယ်လိုပဲ ဘေးထွက်ဆိုးကျိုးတွေ ရှိပါစေဦးတော့ အရင်ကထက်စာရင် ပိုကောင်းလာတယ်လို့သာ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

Most Read

Most Recent