ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ကုန်သွယ်ရေးစစ်ပွဲကြားမှာ စိုးရိမ်စရာဖြစ်နေတဲ့ မြန်မာကျပ်ငွေ အတက်အကျ

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ကုန်သွယ်ရေးစစ်ပွဲကြားမှာ စိုးရိမ်စရာဖြစ်နေတဲ့ မြန်မာကျပ်ငွေ အတက်အကျ
Published 24 June 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေကြေးလဲလှယ်မှုမြင်ကွင်း (ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်မှာ ဒေါ်လာဈေး ၁၃၇၆ ကျပ်၊ ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁၃၈၄ ကျပ်အထိ မြင့် တက်ခဲ့ပြီး ၁၀ ရက်အတွင်း တစ် ဒေါ်လာ ကျပ် ၃၀ (၂ ဒသမ ၂၂ ရာ ခိုင်နှုန်း) မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်ဟာ ကာလအတန်ကြာ တည်ငြိမ်နေခဲ့တာဖြစ်ပြီး အခုမြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ ၂၀၁၇ ခုနှစ် မတ်လဆန်းနောက်ပိုင်း အမြင့်ဆုံး နှုန်းထားဖြစ်ကာ ၂၀၁၆ ခုနှစ်တုန်း ကလို နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက် ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ နဂိုကတည်းက မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလိုငွေ များပြားမှု၊ ပို့ကုန်နည်းပါးမှု၊ ဘတ်ဂျက်လိုငွေ များပြားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဝင်နည်းမှု၊ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမှု၊ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်များပြားမှု စတာတွေ ဖြစ်ပေါ်နေချိန်မှာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေးနှုန်း မြင့်တက်မှုက ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်ကို သိသိသာသာ ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်လာဈေးကတော့ သူက ကမ္ဘာသုံးငွေကြေးပါ။ နိုင်ငံအများ ဆုံးသုံးတဲ့ နိုင်ငံခြားငွေကြေးက ဒေါ်လာပဲ။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ဝယ်လိုအားတွေ ရောင်းလိုအားတွေ အရ၊ အမေရိကန်အစိုးရရဲ့ မူဝါဒ အပြောင်းအလဲတွေအရ အတက်အကျဖြစ်တယ်။ အခု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်ကြားက အပြန်အလှန် ကုန်သွယ်ရေး တားဆီးမှုတွေ ဖြစ်လာတယ်။ ဥရောပနိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အဖုအထစ်လေးတွေ ဖြစ်လာတယ်။ နောက်တစ်ခုက အမေရိကန်ဗဟိုဘဏ်ရဲ့ Inflation Target၊ သူက နှစ်ရာခိုင်နှုန်း ထားတယ်ဆို နှစ်ရာခိုင်နှုန်းဖြစ်ဖို့ လိုအပ်တဲ့ Money Supply က ဘယ်လိုရှိမယ်၊ အခွန်စနစ်တွေ ဘယ်လောက်အထိ ပြောင်းလဲရမယ်၊ Target ထားတယ် ဆိုကတည်းက ဒီ Target ကို ပြည့်မီအောင်၊ ထိန်းနိုင်အောင် တခြားလိုအပ်တဲ့မူဝါဒ အပိုင်းအစလေးတွေ ပေါင်းစပ်ပြီးမှသာ Target ကို ထိန်းလို့ရတယ်။ အဲဒီအပေါ်မှာမှ ဖြစ်ပေါ်လာတဲ့ ကောင်းခြင်းဆိုးခြင်းတွေ အများ ကြီးရှိတယ်။ သူတင်မဟုတ်ဘူး၊ သူ့နိုင်ငံတင် မဟုတ်ဘူး။ ကမ္ဘာသုံးငွေ ကြေးဖြစ်တော့ အားလုံးအပေါ် သက်ရောက်မှုရှိတယ်” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ပါတယ်။

စီးပွားရေးပညာရှင် ဦးလှမောင်ကလည်း “အခုဒေါ်လာဈေးမြင့်တက်မှုက အမေရိကန်-တရုတ်  ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ခြေပေါ့။ အပြန်အလှန်သွင်းကုန်ခွန် ကောက်ခံမှုတွေဖြစ်လာတယ်။ အီးယူကလည်း ပါလာတယ်။ အဲဒီမှာ ဒေါ်လာဈေး က တခြားကမ္ဘာ့ငွေကြေးတွေနဲ့ ယှဉ် ရင် မြင့်လာတယ်။ တခြားငွေကြေး တွေတောင် တန်ဖိုးကျလာတော့ မြန်မာကျပ်ငွေလည်း ဘာခံနိုင်မလဲ၊ လိုက်ကျတာပေါ့။ အချိန်တိုအတွင်း ခုဂဏန်းတောင်မဟုတ်ဘူး၊ ဆယ် ဂဏန်း လိုက်ကျလာတယ်။ ကြားထဲက ရောင်တော်ပြန်နဲ့ ငွေကြေးဈေးကွက် လိုက်ကစားတဲ့သူတွေကြောင့် လည်းပါမှာပေါ့။ ဒေါ်လာဈေး တက် ရင် ပို့ကုန်သမားတွေအတွက် အခွင့် အလမ်းကောင်းပေမယ့် အခွင့်အရေး ယူနိုင်တဲ့သူပဲရမယ်။ သွင်းကုန်တွေကတော့ ဒေါ်လာဈေးတက်ရင် ဈေး တက်မယ်၊ အခုလို စက်သုံးဆီဈေး မြင့်တဲ့အချိန် ဒေါ်လာဈေး မြင့်လာတော့ ဈေးပိုတက်နိုင်ပြီး ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေနိုင်တယ်” လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် မေနဲ့ ဇွန်နှစ်လ တာမှာ အမေရိကန်ဒေါ်လာ သိသိသာသာ အားပြန်ကောင်းလာပြီး သမိုင်းဝင် ထရမ့်နဲ့ ကင်ထိပ်သီးဆွေးနွေးပွဲ ပြင်ဆင်ချိန်ကတည်းက ဒေါ်လာဈေး အညွှန်းကိန်းက အတက်ဘက်မှာ အားကောင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အစည်းအဝေး အပေါင်းလက္ခဏာ ရရှိခဲ့မှု၊ အမေရိကန်ဗဟိုဘဏ် FED က အတိုးနှုန်းတိုးမြှင့်မှု၊ အတိုးနှုန်းထပ်တိုးဖို့ ပြင်ဆင်နေမှု၊ ဥရောပဗဟိုဘဏ် ECB က ၂၀၁၉ ခုနှစ်အထိ အတိုးနှုန်းတိုးမြှင့်ဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော်မှု၊ အမေရိကန်နဲ့ တရုတ် အကြားအပြန်အလှန် ဒေါ်လာဘီလျံရာချီ တန်ဖိုးရှိတဲ့ သွင်းကုန်တွေ အခွန်ကောက်ခံမှုကြောင့် ဖြစ်ပေါ်နေတဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတို့ကြောင့် ဒေါ်လာဈေး အညွှန်းကိန်း က ၁၁ လအတွင်း အမြင့်ဆုံးနှုန်း အဖြစ် ၉၅ ဒသမ ၂၀ ပွိုင့်အထိ ရောက်ရှိသွားခဲ့တာပါ။

အမေရိကန်နိုင်ငံ ရွေးကောက် ပွဲပြုလုပ်ခဲ့တဲ့၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၂၀၁၇ ဇန်နဝါရီ ၃ ရက်မှ ဒေါ်လာဈေးအညွှန်းကိန်း ၁၀၃ ဒသ မ ၈၂  ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဒေါ်လာဈေး ညွှန်းကိန်းတွေကတော့ ဒီဇင် ဘာမှာ ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်န ဝါရီမှာ ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေ ဖော်ဝါရီမှာ ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်မှာ ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီမှာ  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေမှာ ၉၄ ဒသမ ၈၃ ပွိုင့်ဖြစ်ပြီး  ဇွန် ၂၁ ရက်တွင် ၉၅ ဒသမ ၂၀ ပွိုင့်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာဈေး မြင့်တက်ခဲ့တာကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံအများစုရဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းခဲ့ပြီး နဂိုကတည်းက စီးပွားရေး တိုးတက်မှု ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးကတော့ ကျဆင်းမှုနှုန်း မြင့်မားတဲ့ နှုန်းထားမှာ ရှိနေပါတယ်။ ဒေါ်လာငွေ မာလာတာကြောင့် အာရှစီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့ရဲ့ ငွေတန်ဖိုးတွေလည်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နဲ့ ဇွန် ၂၁  ရက် နှစ်လကျော် အတွင်းမှာ ဖြစ်ခဲ့တဲ့ အာရှငွေကြေး တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူဒေါ်လာက ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ ထိုင်း ဘတ်က ၅ ဒသမ ၄၈ ရာခိုင်နှုန်း၊ မလေးရှားက ၃ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဗီယက်နမ် ဒေါင်က ၀ ဒသမ ၄၄ ရာခိုင်နှုန်း၊ လာအိုကစ်က ၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ရူပီယာက ၂ ဒသမ ၃၂  ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ပီဆိုက ၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ဘရူနိုင်းဒေါ်လာက ၁၆ ဒသမ ၁၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားရီယဲလ် က ၁ ဒသမ ၄၄ ရာခိုင်နှုန်း တန်ဖိုး လျော့ကျခဲ့ပါတယ်။

အာရှစီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်ယွမ်က ၀ ဒသမ ၃၄ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၂ ဒသမ ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယ ရူပီးက ၃ ဒသမ ၄၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားဝမ်က ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ သြစတြေးလျဒေါ်လာက ၅ ဒသမ ၇၁ ရာခိုင်နှုန်းတန်ဖိုး ကျ ဆင်းခဲ့တာတွေ့ရပါတယ်။ မြန်မာ ကျပ်ငွေတန်ဖိုးက ဧပြီ ၁၈ ရက်မှာ တစ်ဒေါ်လာ ၁၃၂၅ ကျပ် ပေါက် ဈေးရှိခဲ့ပြီး ဇွန် ၂၂  ရက်မှာ ၁၃၇၆ ကျပ်အထိဖြစ်ပေါ်ခဲ့တာကြောင့် နှစ် လကျော်အတွင်း ၅၁ ကျပ်မြင့်တက် ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၃ ဒသမ ၈၄ ရာခိုင်နှုန်းအထိ တန်ဖိုး ကျဆင်းခဲ့တာပါ။ ဒီနှုန်းထားတွေကို ကြည့်မယ်ဆိုရင် ဒေါ်လာနဲ့ ယှဉ်ရင် နိုင်ငံအများစုရဲ့ ငွေကြေးတန်ဖိုးတွေ အသီးသီး ကျဆင်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါ့ပြင်ပြည်တွင်းဈေးကွက်မှာ အဓိက အရောင်းအဝယ်လုပ်နေတဲ့ နိုင်ငံခြားငွေကြေးတွေရဲ့ ဧပြီ ၁၈ ရက်နဲ့ ဇွန် ၂၁ ရက်မှာဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် အမေရိကန်ဒေါ်လာက ၃ ဒသမ ၇၇ ရာခိုင်နှုန်း၊ မလေးရှား ရင်းဂစ်က ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၀ ဒသမ ၃၅ ရာခိုင် နှုန်း၊ တရုတ်ယွမ်က ၀ ဒသမ ၂၃ ရာ ခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ယူရိုက ၂ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဗြိတိန်ပေါင်က ၃ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း၊ သြစတြေး လျဒေါ်လာက ၀ ဒသမ ၉၆ ရာခိုင် နှုန်း၊ စင်ကာပူဒေါ်လာက ၀ ဒသမ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ NLD အစိုးရ စတင် တက်ရောက်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ် ဒေါ်လာ ၁၁၉၃ ကျပ်ဖြစ်ပြီး အစိုးရ သက်တမ်း ၂၆ လကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းအဖြစ် ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်မှာ ၁၁၅၃ ကျပ်၊ အမြင့်ဆုံး ငွေလဲနှုန်းအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ ၁၄၃၈ ကျပ် (နိုင်ငံခြားငွေလဲနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်နှုန်းထား) အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အနိမ့်ဆုံးနှုန်းနဲ့ အမြင့်ဆုံးနှုန်းတွေကို နှိုင်းယှဉ်ပါက ၂၈၅ ကျပ် မြင့်တက်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်း အနေနဲ့ဆိုရင် ကျပ်ငွေတန်ဖိုး ၂၄ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ကာလအလိုက် ကျပ်ငွေတန် ဖိုးကျဆင်းမှုကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် နိုဝင်ဘာဒုတိယပတ် နောက် ပိုင်းမှ ဒီဇင်ဘာတတိယပတ်အတွင်း ကျဆင်းမှုနှုန်း ပိုမိုမြင့်မားပြီး တစ် လကျော်အတွင်း ၁၅၁ ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၁၁ ဒသမ ၇၃ ရာခိုင် နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သလို လိုက်တက်နေသည့် အခြေခံစားသောက်ကုန်များ ရောင်းချနေသည့် မြင်ကွင်း

၂၀၁၇ ခုနှစ် မတ်လနောက် ပိုင်းမှစပြီး ၂၀၁၈ ခုနှစ် ဇွန်လဆန်းအထိ နိုင်ငံခြားငွေလဲနှုန်းဟာ တစ်ဒေါ်လာ ၁၃၂၀ ကျော်မှ ၁၃၇၀ ကျော် ကြားမှာရှိပြီး လတစ်လအတွင်း အမြင့်ဆုံးဈေးနှုန်း ကွာခြားမှုကလည်း နည်းပါးခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ  ပြန်လည်လှုပ်ခတ်မှုတွေ ဖြစ်လာပါတယ်။

ပြည်တွင်းဈေးကွက်မှာ ၂၀၁၈ ခုနှစ် ငါးလအတွင်း လအလိုက်ဖြစ်ပေါ်တဲ့ နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံး နှုန်းတွေကတော့ ဇန်နဝါရီမှာ ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီမှာ ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်မှာ ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီမှာ ၁၃၂၄-၁၃၃၂ ကျပ်၊ မေမှာ ၁၃၃၂-၁၃၅၁ တို့ဖြစ်ပြီး ဇန်နဝါရီမှာ ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့ တာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အ မြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက် မှာ ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့တဲ့ ဒေါ် လာဈေးဟာ မတ် ၂၉ ရက်မှာ ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းမှာ ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့ပါတယ်။ အဲဒီနောက် ဧပြီလကုန်ပိုင်း ၂၈ ရက် မှာ ၁၃၃၁  ကျပ်၊ မေ ၂၁ ရက်မှာ ၁၃၅၁  ကျပ်အထိမြင့်တက်ခဲ့ပြီး ဇွန် ၉ ရက်မှာ ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက် မှာ ၁၃၅၅ ကျပ်၊  ဇွန် ၁၆ ရက်မှာ ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက်မှာ  ၁၃၆၈ ကျပ်၊ ဇွန် ၂၂ ရက်မှာ ၁၃၇၆ ကျပ် အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အနိမ့်ဆုံးဖြစ် ပေါ်ခဲ့တဲ့ ၁၃၂၃ ကျပ်နဲ့  အမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ၁၃၇၆ ကျပ်တို့နှိုင်းယှဉ်ရင် ၅၃ ကျပ် (လေးရာခိုင်နှုန်း) မြင့်တက် ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားငွေလဲနှုန်း အတက်အကျဟာ နိုင်ငံခြားငွေဝယ်လိုအားနဲ့ ရောင်းလိုအားကို သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေအပေါ် မှာ အခြေခံပြီး အဓိကကျတဲ့အချက် တွေကတော့ နိုင်ငံတကာ ငွေကြေးဈေးကွက် အခြေအနေ၊ နိုင်ငံ့ပို့ကုန် သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရသုံးမှန်းခြေ ငွေစာရင်းရှင်းတမ်း အခြေအနေ၊ စီးပွားရေးစနစ် အတွင်းရှိ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်း အခြေအနေတို့ဖြစ်ပြီး တစ်နည်းအားဖြင့် စီးပွားရေး စနစ်ထဲမှာရှိတဲ့ အတွင်း/အပြင် အခြေခံ အချက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒီနေရာမှာ နိုင်ငံတကာ ငွေကြေးဈေးကွက် အခြေအနေကတော့ ကမ္ဘာ့နိုင်ငံကြီးတွေအကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ အခြေအနေကြောင့် ဒေါ်လာဈေးညွှန်းကိန်းက စင်ပေါ်ပြန်ရောက်နေပြီး တခြားငွေကြေး တန်ဖိုးတွေ ကျဆင်းနေပါတယ်။ နိုင်ငံ့ကုန်သွယ်ရေး အခြေအနေက ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ လိုငွေဒေါ်လာ ၃၉၇၃  သန်းကျော်ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေ အနေကလည်း အရင်နှစ်တွေထက် လျော့ကျလာပြီး ဘတ်ဂျက်လိုငွေကလည်း နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ထဲရှိ ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးနှုန်း တွေကလည်း ကုန်ကျစရိတ်များပြားမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေတာကလည်း ကျပ်ငွေ တန်ဖိုးကို ကျဆင်းစေပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးကလည်း  “ မြန်မာနိုင်ငံက သွင်းကုန်အများဆုံး နိုင်ငံလို ဖြစ်နေတယ်။ ဒေါ်လာဈေးတက်ရင် လူတိုင်းကို ထိခိုက်နိုင်တယ်။ ဒေါ်လာဈေးတက်ရင် အဲဒါတွေ ဈေးတက်မယ်။ အဲဒါတွေ ဈေးတက်ရင် လူတန်းစားအားလုံးကို ထိခိုက်မယ်၊ တစ်နိုင်ငံလုံး စီးပွားပျက်မယ်။ အဲဒီအတွက် သက်သာအောင်၊ ခံသာအောင် ဘာလုပ်မလဲဆိုတာတော့ လုပ်လို့ရတယ်။ ဈေးမကျအောင်တော့ လုပ်လို့မရဘူး။ ဒါပေမဲ့ တက်သင့် တက်ထိုက်တဲ့ ပမာဏထက် မပိုအောင်တော့ လုပ်သင့်တယ်။ နောက်တစ်ခုက တက်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေ အထိမနာအောင် အကြောင်းအရာလေး ရှာဖို့လိုတယ်” လို့ ပြောကြားထားပါတယ်။

အခုအချိန်မှာ တခြားငွေကြေးတွေနည်းတူ မြန်မာကျပ်ငွေဟာ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေပြီး ကုန်သွယ်မှုကဏ္ဍမှာ သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုများနေသလို ကုန်သွယ်ရေးလိုငွေပြမှု ကာလကြာရှည်စွာ ဖြစ်ပေါ်နေမှုကြောင့်  ဒေါ်လာဝယ်လိုအား မြင့်တက်စေပြီး နိုင်ငံ့ငွေတန်ဖိုးကို ကျဆင်းစေပါတယ်။

“ကိုယ့်ငွေတန်ဖိုး ကျတဲ့အချိန်မှာ အစိုးရအနေနဲ့ ကိုယ့်အသုံးစရိတ် ကို ပြန်ဆန်းစစ်သင့်တယ်။ ဘတ်ဂျက်ပေါ့။ နှစ်တိုင်းလည်း လိုငွေပြ နေတော့ ဒီအချိန်မှာ မသုံးသင့်တာ မသုံး၊ မကုန်သင့်တာမကုန်အောင် ထိန်းချုပ်ရမယ်။ မလုပ်သင့် မလုပ်ထိုက်သေးတဲ့ စီမံကိန်းတွေကို ဆိုင်းငံ့သင့်တာဆိုင်းငံ့၊ ရပ်ဆိုင်းသင့်တာ ရပ်ဆိုင်းရမယ်။ ငွေကုန်ကြေးကျများတဲ့ စစ်ပွဲတွေ မဖြစ်အောင် လုပ်ရမယ်။ ပညာရေး၊ ကျန်းမာရေးကလွဲလို့ ကျန်တဲ့အသုံးစရိတ်တွေ စိစစ်ချွေတာသင့်တယ်။ နောက်တစ်ခုက ဝင်ငွေတိုးအောင် လုပ်ရမယ်။ နိုင်ငံတစ်ခုရဲ့ ဝင်ငွေတိုးဖို့ အဓိကနည်းလမ်းဖြစ်တဲ့ ပို့ကုန်ရငွေတိုးအောင် လုပ်ရမယ်။ ပို့ကုန်ရငွေတိုးဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို အားပေးရမယ်၊ အခွင့်အလမ်းတွေ ရှာဖွေပေးရမယ်။ ပြီးတော့ အခွန်ကောက်ခံမှုမှာ လစ်ဟာမှုမရှိအောင် နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ ကောက်ခံရမယ်။ အခွန်ကောက်ခံမှုမှာ သူများနိုင်ငံတွေ ဘယ်လိုကောက်ခံနေသလဲ ကြည့်ဖို့ လိုသလို အခွန်ကောက်ခံမှုဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ပြင်ဆင်သွားရမယ်။ ပြီးတော့ အစိုးရအနေနဲ့ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေဆီကနေ Fund ပိုရအောင် လုပ်ရမယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုဝင်အောင် လုပ်ရမယ်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်အောင် လုပ်ရမယ်။ ဒီလိုလုပ်ဆောင်လို့ ကိုယ့်ဂျီဒီပီ တက်လာတဲ့အခါ ကိုယ့်ကျပ်ငွေရဲ့ တန်ဖိုးလည်း တက်လာမယ်။ ငွေတန်ဖိုးကို ဖိစီးစေတဲ့ သက်ရောက်မှုဒဏ်တွေကို ပိုပြီးခံနိုင်ရည် ရှိလာပါမယ်” လို့ ဦးလှမောင်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံထဲကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်လာမယ်ဆိုရင် နိုင်ငံခြားငွေ ရောင်းချလိုတဲ့ ပမာဏများပြားလာပြီး နိုင်ငံခြားငွေအပေါ် ဝယ်လိုအားနဲ့ ရောင်းလိုအားတို့ ညီမျှပြီး ငွေလဲလှယ်နှုန်းတွေလည်း တည်ငြိမ်သွားနိုင်တာကြောင့် နိုင်ငံအတွင်းကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်စေဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးနေဖို့ လိုတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံခြားငွေတွေ လုံလုံလောက်လောက် စီးဝင်လာဖို့အတွက်  ငွေတန်ဖိုးတက်လွန်း၊ ကျလွန်းမဖြစ်ဘဲ တည်ငြိမ်တဲ့နှုန်းဖြစ် ဖို့လိုပါတယ်။ လက်ရှိအချိန်အထိတော့ အဓိကနိုင်ငံခြားငွေစီးဝင်မှုလမ်း ကြောင်းဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကတော့ အရင်ဘဏ္ဍာနှစ်တွေနဲ့ယှဉ်ရင် ကျဆင်းနေပါတယ်။ ကုန်သွယ်ရေးပိုငွေပြဖို့၊ ပို့ကုန်တိုးတက်ဖို့ အတွက်လည်း အချိန်ယူရဦးမယ့် အနေအထား ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်ကို ကြည့်ရင်လည်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တာကြောင့် ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အချိန်မှာ နိုင်ငံခြားငွေလဲနှုန်းကပါ မတည်မငြိမ် မြင့်တက်နေမယ်ဆိုရင် အခြေခံစားသောက်ကုန်၊ လူသုံးကုန် ဈေးနှုန်းတွေလည်း ဆက်မြင့်လာဦးမှာပါ။

အခုလို ဒေါ်လာလဲနှုန်း မြင့် တက်တဲ့အခါ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး အခက်အခဲဖြစ်ပေါ်နေ ပြီး နောက်ဆက်တွဲအနေနဲ့ ဈေးကွက် ထဲမှာ သွင်းကုန်ဈေးနှုန်းနဲ့ ကုန်ထုတ် လုပ်မှုကုန်ကျစရိတ် မြင့်မားမှုဒဏ် တွေ ရိုက်ခတ်လာနိုင်ပါတယ်။ လုပ် ငန်းရှင်တွေ ခက်ခဲရင် ဝင်ငွေနည်း ပြည်သူတွေ အကျပ်အတည်းဖြစ်စေ မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုနည်းအောင် ကြိုတင်စီမံထားသင့်ပါတယ်။

“အဲဒီတော့ ဒေါ်လာဈေးသည် တက်ဈေး၊ ကျဈေး သူ့ဟာသူတော့ ရှိမှာပဲ။ ရုတ်ခြည်းတက်သွားခြင်း၊ ရုတ်ချည်းကျသွားခြင်းမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ နိုင်ငံ အစိုးရနဲ့ သက်ဆိုင်သွားတာပေါ့။ ဗဟိုဘဏ်နဲ့လည်း သက်ဆိုင်တာ ပေါ့။ စီးပွားရေးနဲ့သက်ဆိုင်နေတဲ့ စီမံ/ဘဏ္ဍာတို့၊ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့အပြင် ဆောက်လုပ်ရေးနဲ့လည်း သက်ဆိုင်နေတာပဲ။ လယ်ယာစိုက်ပျိုးရေးဆိုလည်း စီးပွားရေးနဲ့ သက်ဆိုင်တာပဲ။ လယ်ယာထွက်ကုန်တွေ ပြည်ပကို တင်ပို့တာပဲဖြစ်ဖြစ်၊ ပြည်ပက တင်သွင်းတာပဲဖြစ်ဖြစ် ဒေါ်လာနဲ့ဆိုင်တာပဲ။ စက်မှုဝန်ကြီးဌာနလည်း သက်ဆိုင်နေတာပဲ။ သွင်းကုန်တွေနဲ့ ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေ ဘယ်လိုထုတ်မလဲ၊ ပို့ကုန်တွေ ဘယ်လိုမြှင့်တင်မလဲ သူနဲ့သက်ဆိုင်တာပဲ။ စီးပွားရေးနဲ့ သက်ဆိုင်နေတဲ့ ဝန်ကြီးဌာနတွေအကုန်လုံး၊ ဗဟိုဘဏ်လည်းပါတာပေါ့။ ဗဟိုဘဏ်နဲ့ပေါင်း စပ်ပြီးတော့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနအားလုံး မြန်မာ့စီးပွားရေး အခြေအနေ၊ ကမ္ဘာ့စီးပွားရေး အခြေအနေတွေကို အမြဲသုံးသပ်နေဖို့ လိုတာပေါ့။ ဒေါ်လာဈေးနှုန်း အပြောင်းအလဲတွေ၊ ရေနံဈေးနှုန်း အပြောင်းအလဲတွေ၊ အခု တရုတ် OBOR ရဲ့ အကျိုးဆက်တွေ၊ တရုတ်ယွမ်ငွေရဲ့ ကျယ်ပြန့်လာမှုတွေ၊ တစ်ချိန်ချိန်မှာ တရုတ်ယွမ်ငွေက အခုထက် အားကောင်းလာတဲ့အခါ ကိုယ့်နိုင်ငံနဲ့ တရုတ်နီးစပ်မှုတွေ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်နေမှုတွေက ကိုယ့်နိုင်ငံအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာမလဲ၊ ဒေါ်လာနဲ့ ယွမ်ကြားက အားပြိုင်မှုတွေကြားမှာ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအခွင့်အရေး ရယူမလဲဆိုတာ ပြင်ထားဖို့တော့ လိုမှာပေါ့” လို့ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

ဒေါ်လာဈေးမြင့်တက်ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေတဲ့ ကုန်သွယ်ရေးလိုငွေ၊ ဘတ်ဂျက်လိုငွေ၊ ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု၊ နိုင်ငံခြား အရန်ငွေ နည်းပါးမှု၊ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမှု၊ ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လျော့နည်းမှု၊ နိုင်ငံခြားငွေသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းတွေ အားနည်းမှုတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ အားနည်းချို့ယွင်းချက်တွေကြောင့် ပြည်တွင်းပြည်ပက အကြောင်းတစ်ခုခုဖြစ်တိုင်း နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုအား ကြီးမားနေတာ ဖြစ်တယ်။ လက်ရှိအစိုးရ တက်ရောက်ချိန်မှာ စီးပွားရေး ပိုပြီးတိုးတက်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ပေမယ့် နိုင်ငံ့စီးပွားရေးကတော့  ချွတ်ခြုံကျနေဆဲဆိုတော့ ကျန်ရှိနေသေးတဲ့ အစိုးရ လက်ကျန်သက်တမ်းမှာ စီးပွားရေး အားကောင်းလာအောင် စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရပါဦးမယ်။

Most Read

Most Recent