ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် ခုနစ်ဦး သေဆုံး

ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် ခုနစ်ဦး သေဆုံး
Published 23 June 2018

ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးနေသည်ကို တွေ့ရစဉ်

ဖားကန့်ဒေသတွင် မိုးများရေကြီးပြီး မြေပြိုမှုများဖြစ်ပေါ်ကာ ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဇွန် ၂၂ ရက် နံနက်အစောပိုင်းကတည်းက မိုးကြီးမှုများဖြစ်ပေါ်ပြီး ငါးနာရီခန့် ဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ မြေစာများမျောပါလာခြင်း၊ တောင်စောင်းများတွင် မြေပြိုခြင်း၊ ဥရုမြစ်ရေ မြင့်တက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် NLD အလုပ်အမှုဆောင် ဦးရွှေသိန်းက “ဒီနေ့မိုးကြီးတာ ကမ္ဘာဦးမိုးလို ဖြစ်နေတာ။ မနက် ၇ နာရီကနေ နေ့ လည် ၁၂ နာရီအထိ ရွာလိုက်တာ။ လူတွေ သေတာက ဝှေခါနှင့် မှော်ကပ်ပင်းကြားမှား တဲကို မြေပိလို့ နှစ်ဦးသေတယ်။ ဖားပြင်မှာက မိုးများပြီး အိမ်ကိုပါ တစ်ခါတည်း ပိလိုက်လို့ တစ်ဦးသေတယ်။ နောက်ပြီး ဆွတ်အောင် နှင့် မမုံကြားက မြန်မာစည်သူ လုပ်ကွက်မှာ ကမ္ဘားယံက လူသုံးဆယ်လောက် ရေမဆေး ရှာနေစည်မှာ မျှောချောင်းပေါက်ပြီး မြေစာနှင့် မိုးရေတွေရောပြီး ဘိလပ်မြေဖျော်သလို ဖြစ်သွားတာ ကျန်သူတွေ လွတ်မြောက်ပြီး လေးဦးလောက် သေဆုံးတယ်လို့ ကြားရတယ်။ အတည်ပြုမရသေးတဲ့သတင်းတစ်ခုက ဆိပ်မူ အုပ်စုမှာတော့ ခုနစ်ဦးလောက် သေဆုံးတယ်လို့ အတည်ပြုလို့ရပါတယ်။ ဖားကန့် မရှီက ထောင်ဖက်က အမျိုးသမီးကလေးမနှစ်ဦး အသက်ဆုံးရှုံးမှု ရှိတယ်လို့ သိရတယ်။ အတည်တော့မပြုနိုင်သေးဘူး။ သဘာ၀ အားလုံး က ပျက်ပြီး မြေတွေက ပုံမှန်မရှိဘူလေ။ အခု ရေတော့ ကျနေပြီ”ဟု ပြောကြားသည်။

ဖားကန့်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “ရေကြီးတာကပုံမှန်ပါ။ အခုက မိုးများလွန်းနေတယ်။ မြေစာတွေမျောတယ်။ ချောင်းငယ်၊ မြစ်ကမ်းဘေးတွေက အိမ်တွေပြိုတယ်။ မြို့မ  ရေအေးချောင်းဘက် အိမ်ပြိုတယ်။ ကလေး တွေထိတယ်လို့ပြောတယ်။ မှော်ကပ်ပင်းဘက် မှာလည်း မြေပြိုတာ တန်းလျားပိလို့ ကလေး နှစ်ဦးဆုံးတယ်ကြားတယ်။ ကျွန်တော့်အိမ်လည်း ရေဝိုင်းနေလို့ အပြင်ထွက်မရဖြစ်နေ တယ်။ လက်ရှိမှာ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှိကထောင်မှာ ရေလွှမ်းတယ်။ ဆိုင်းတောင်ဆိပ်မူဘက်လည်း ရေလွှမ်းနေတယ်လို့ သိရတယ် ။ အထိအခိုက်အသေးစိတ်ကို ကွင်းမဆင်းနိုင်သေးဘူး” ဟု ပြောကြား သည်။

ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးတင်ထိုက်က “မြစ်ကြီးနားမြို့ပေါ်မှာ သုံးလက်မကျော်တယ်။ ဖားကန့်မှာ ဌာနမရှိတော့ မသိရသေးဘူး။ ကချင်ပြည်နယ်မှာက နေရာကွက်ပြီး မိုးကြီးနိုင် ပါတယ်။ အကျိုးဆက်က တောင်ကျရေကြီးတာ။ မြေပြိုတာ၊ ရေမျက်နှာပြင်တွေ ရုတ်တရက်မြင့်တာမျိုးတွေ ဖြစ်တတ်တယ်။ သတိထားနေရမှာပေါ့”ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ဥရုချောင်း ဆယ်ယူရေးနှင့် စွန်ပစ်မြေစာများချောင်းအတွင်း ထပ်မံ မကျရောက်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်တွင် နှစ်တိုင်းနီးပါး မေးမြန်းမှုများ ရှိခဲ့သော်လည်း ထိရောက်သည့်အခြေအနေမဖြစ်သေးကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ခဲ့သည်ကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ဖားကန့်မြို့နယ်တွင် ဥရုမြစ်နံဘေးကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် နှစ်စဉ်ရေလွှမ်းဒဏ်ကို ခံနေရကြောင်း၊ အိမ်ခြေရာနှင့်ချီ၍ ထိခိုက်ခဲ့ ကြောင်း၊ မြစ်ကြောင်းရှင်းလင်းရေးကော်မတီ ဖွဲ့ထားသော်လည်းလုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပေးအပ်ထားခြင်းမရှိသဖြင့် ဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှုမှာ ထပ်တူနီးပါး ဖြစ်သဖြင့် တိုးတက်မှုမရှိကြောင်း၊ မြစ် ကြောင်းရှင်းလင်းရေးနှင့် ယင်းနှင့်ဆက်စပ်သည့် စွန့်ပစ်မြေစာပုံများကို စနစ်တကျကိုင် တွယ်ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်းအဆင်ပြေနိုင်ကြောင်း ပြည်နယ်လွှတ်တော်တွင် ပြောကြားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီများက စွန့်ပစ်မြေစာများ စည်းကမ်းမဲ့ စွန်ပစ်ခြင်းကြောင့် ဥရုမြစ်မှာ နှစ်စဉ် နှစ်ပေနီးပါး တိမ်ကောလာမှုကို ဖားကန့်မြို့အပါအဝင် ကျေးရွာများ ရေရှည်တည်တံ့ရန် ဒေသခံများက ဒုတိယသမ္မတ အပါအဝင် သက်ဆိုင်ရာသို့ ၂၀၁၄ ခုနှစ်က တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာတွင် ၂၀၀၁ ခုနှစ်နောက်ပိုင်းမှစ၍ ဖားကန့်ဒေသအား နိုင်ငံတော်မှ ရတနာမြေအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီများက ဥရုမြစ်အတွင်းသို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း မြေစာများ စွန့်ပစ်လာခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်းဖော်ပြထားသည်။ ယင်း စွန့်ပစ်မြေစာများ၏ အကျိုးဆက်ကြောင့် ဖားကန့်မြို့အပါဝင် ဥရုမြစ်နံဘေးကျေးရွာများမှာ ရေကြီးမှုဒဏ်၊ စာသင်ကျောင်း၊ လူနေအိမ်များ၊ တံတားများမှာ မြေစာရွှံ့နွံများဖုံးလွှမ်းကာ တဖြည်းဖြည်းနစ်မြုပ်လာကြောင်း၊ ဥရုမြစ် ဆယ်ယူမှုကို သုံးနှစ်ခန့်လုပ်ဆောင်လာသော်လည်း မနိုင်ဘဲ ၂၀၁၄ ခုနှစ် သြဂုတ် ၂၄ ရက် တွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးသော ရေကြီးမှုဖြစ်ပေါ်ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ပါက ဥရုမြစ်အတွင်းသို့ မြေစာများ မပစ်ရန်၊ မြစ်နံ ဘေးဝဲယာရှိ မြင့်မားစွာတည်ရှိနေပြီး ပြိုကျနိုင် သောမြေစာပုံများကို နေရာရွှေ့ပေးပါရန် ဒေသခံရပ်မိရပ်ဖများက တိုင်ကြားခဲ့ကြောင်း  သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးမယူမီ  ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့သည်။

၁၉၉၄ ခုနှစ်နောက်ပိုင်းမှ စက်ကိရိယာ များဖြင့် လုပ်ကိုင်လာကြရာ ၂၀၀၅ ခုနှစ် နောက်ပိုင်း လူတစ်ရပ်ခန့်မြင့်သော ဘီးများ တပ်ဆင်ထားသည် အလေးချိန် တန်ပေါင်းများစွာနိုင်သော မြေသယ်ကားကြီးများ၊ ဘက် ဟိုးကြီးများအသုံးပြု၍ ကုမ္ပဏီငါးရာကျော်က ယင်းအင်အားကြီး ယန္တယားရာပေါင်းများစွာ ဖြင့် နေ့ညမနား နှစ်ပေါက် လုပ်လာသည်မှ ၂၀၁၂ ခုနှစ် မေလကုန်ခါနီးအထိဖြစ်ကြောင်း သိရသည်။

ထိုသို့ အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသရှိ သဘာ၀ တောင်အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်ခဲ့ပြီး သဘာဝဘေး အန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်းများကို ကြုံတွေ့နေရပြီဖြစ်သည်။

Most Read

Most Recent