ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်နီးပါး ရောက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၈ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်နီးပါး ရောက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၈ ကျပ်အထိ မြင့်တက်
Published 21 June 2018

ဇွန် ၂၀ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်နီးပါးသို့ ရောက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၈ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသ မ ၈၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော အညွှန်းကိန်းများမှာ ဒီဇင်ဘာတွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့် ဖြစ်သည်။ ဧပြီလကုန်ပိုင်းအအထိ ၉၁ ပွိုင့် အထက်တွင်ရှိသော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မေ ၁ ရက်တွင် ၉၂ ပွိုင့် အထက်၊ မေ ၁၅ ရက်တွင် ၉၃ ပွိုင့်အထက်၊ မေ ၂၅ ရက်တွင် ၉၄ ပွိုင့်အထက်၊ ဇွန် ၁၅ ရက်တွင် ၉၅ ပွိုင့်အထက် ရောက်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှ စတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄ - ၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ် ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊ ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ် ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇွန် ၂၀ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ၁၃၆၈ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇွန် ၂၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၅၈၇ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၁၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၁ ဒသမ ၅ ကျပ်၊ ထိုင်းဘတ် ၄၂ ဒသမ ၃၅ ကျပ်၊ တရုတ်ယွမ် ၂၁၀ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၃၅ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၂၇ ကျပ် ဖြစ်သည်။

Most Read

Most Recent