<

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းမိခဲ့မှုနှင့် ပတ်သက်၍ ဆက်စပ်တရားခံများ ထပ်မံဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများကို တာချီလိတ်မှ ရန်ကုန်မြို့သို့ ပို့ခဲ့ခြင်းဖြစ်

ဓာတ်ပုံ – ပြည်ထဲရေး ၀န်ကြီးဌာန

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်၍ ဆက်စပ်တရားခံများ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများမှာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ဇွန် ၁၉ ရက်ညပိုင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂ ရက်တွင် မင်းနိုင်ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း မင်းနိုင်မှတဆင့် ဖော်ထုတ်ချက်အရ ဇွန် ၅ ရက်တွင် မောင်မောင် (ခ) Yassin ကို ဖမ်းဆီးရမိခဲ့ကြောင်း Yassin ၏ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများမှာ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် (ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ် အမျိုးမျိုးတို့ကို အသုံးပြုကာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ မင်းနိုင်ပိုင် Nice Guy သောက်ရေသန့် စက်ရုံသို့ ပို့ခဲ့ကြောင်း၊ ၎င်းစက်ရုံမှတစ်ဆင့် ဟူစိန် (ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး)မှ ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် မင်းနိုင်၏ Nice Guy Clearance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာ အစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားနိုင်ငံတွင် နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသည့် Yassin ၏ ယောက်ဖတော်စပ်သူ ဇေယျာဟိန်းက အဆင့်ဆင့်သော အဆက်အသွယ်များဖြင့် လက်ခံရယူ ထိန်းသိမ်းပြီး ဇေယျာဟိန်းမှတစ်ဆင့် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်၏ခင်ပွန်း အကိုကြီး (ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင် နေထိုင်သူ) ထံသို့ ဆက်လက်ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းနောက် ဇေယျာဟိန်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန် ၉ ရက်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် Yassin နှင့် ဇေယျာဟိန်းတို့ကို စစ်ဆေးချက်အရ ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့သူ ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဇွန် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကာ ၎င်း၏ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် ထားဝယ်ကြီးကို စစ်ဆေးချက်အရ မောင်မောင် (ခ) Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

အဆိုပါ တရားခံများ၏ အစစ်ခံ ဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင် (ခ) Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင်(ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန် (ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော်တို့အား ကနဦး စိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကြောင့် တရားခံပြေး ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် (၄၅)နှစ်ခန့်၊ (ဖ) ဦးစိုင်းမောင်၊ မှတ်ပုံတင်အမှတ် ၁၃/တကန (နိုင်) ၁၂၈၈၆၆၊ အမှတ် ၁/၆(၅၆)၊ ဘုရားဖြူလမ်း၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ၊ တောင်ကြီးမြို့နှင့် အမှတ် (၂/၂၉)၊ ဗိုလ်ချုပ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် ဟူစိန် (ခ) မိုဟာမက်ဟူစိန် (၄၄)နှစ်ခန့်၊ (ဖ) ဦးဂိုလာမာမက်၊ မှတ်ပုံတင်အမှတ် ၁၀/မလန (နိုင်) ၁၅၀၈၁၂၊ အမှတ် ၈၁/F၊ ပထမထပ်၊ ၅၅ လမ်း၊ (၂) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့အား တွေ့ရှိပါက နီးစပ်ရာရဲစခန်း အသီးသီးသို့ သတင်းပေးပို့နိုင်ပါကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

 

 

 

June 19, 2018














Copy Protected by Chetan's WP-Copyprotect.