မကွေးတိုင်းဒေသကြီးအတွင်း မိုးရက်ဆက်ရွာသွန်း၍ ချောင်းများရေလျှံမှုကြောင့် သီးနှံစိုက်ခင်းဧက ၉၀၀၀၀ ကျော် ရေဝင်နစ်မြုပ်

မကွေးတိုင်းဒေသကြီးအတွင်း မိုးရက်ဆက်ရွာသွန်း၍ ချောင်းများရေလျှံမှုကြောင့် သီးနှံစိုက်ခင်းဧက ၉၀၀၀၀ ကျော် ရေဝင်နစ်မြုပ်
Published 20 June 2018

စကုမြို့နယ်အတွင်း နွားကူးချောင်း ရေလျှံဝင်ရောက်ခဲ့သည့် နှမ်းခင်းများကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉  ရက်မှ ၁၄ ရက်အထိ မိုးရက်ဆက်ရွာသွန်း၍ ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းခဲ့မှုကြောင့် သီးနှံစိုက်ခင်းဧက ကိုးသောင်းကျော် ရေဝင်နစ်မြုပ်ခဲ့ပြီး ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ထွန်းထံမှ သိရသည်။

မိုးရက်ဆက် ရွာသွန်း၍ ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းခဲ့မှုကြောင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း လယ်မြေများတွင် မိုးစပါးနှင့် နွေစပါးအကြား ရေသွင်းစိုက်ပျိုးခဲ့သည့် နှမ်းခင်းများနှင့် စပါးခင်းအချို့တွင် ရေဝင်ရောက်ခဲ့ကြောင်း မိုးများလွန်းမှုကြောင့် ရိတ်သိမ်းလက်စ နှမ်းခင်းများနှင့် ရိတ်သိမ်းရလုနီး နှမ်းခင်းများ ပျက်စီးမှု ရှိခဲ့ကြောင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ မြေပဲနှင့် နှမ်းစိုက်ခင်းများတွင် ရေတိုက်စားမှုနှင့် ရေဝပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျွန်းပေါ်မှာ စိုက်ထားတဲ့ နှမ်းတွေ၊ နေကြာတွေက ပုံမှန်ဆိုရင် ဇွန်လကုန်ပိုင်းမှာ ရိတ်သိမ်းရတော့မှာပါ။ အခုက မြစ်ရေတွေ ရက်ပိုင်းအတွင်း တက်လာပြီး ရေမြုပ်ကုန်တော့ ပျက်စီးကုန်ပြီ။ ကျွန်းပေါ်မှာ အခြား ဟင်းသီးဟင်းရွက် စိုက်ခင်းတွေလည်း ရေမြုပ်ပျက်စီး ခဲ့ပါတယ်” ဟု မကွေးမြို့နယ် ဝါးတောကျောင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ဆည်ဝန်ကြီး ဦးဝင်းမော်ဌေးက “ကျွန်တော်တို့ ဌာနအနေနဲ့က ပျက်စီးသွားတဲ့ သီးနှံတွေနေရာမှာ အစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ အချို့ဝါဆိုပဲ စိုက်လို့ရတဲ့ နေရာတွေမှာ သုံးလပဲစိုက်ဖို့ မျိုးစေ့တွေလည်း စီစဉ်ထားပါတယ်။ နောက်ပြီးတော့ ပဲတီစိမ်းစိုက်မှာ၊ ဝါစိုက်မှာတွေ၊ အစေ့လွတ်ပြောင်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို အခြေအနေတွေနဲ့ ဘယ်လိုထောက်ပံ့ပေးနိုင်မယ် ဆိုတာတော့ ကျွန်တော်တို့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မကွေးမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက “ကျေးရွာနေ ပြည်သူတွေက ကျွန်တော့ဆီကို ဖုန်းနဲ့ဆက်သွယ် ပြောပြချက်တွေအရ သူတို့ဆီမှာ ရေစီးကြောင်းတွေကြောင့် မြေပဲနဲ့ နှမ်းစိုက်ခင်းတွေ ပျက်စီးခဲ့တာ ရှိတယ်လို့ သိရပါတယ်။ အဲဒီလို ဆက်သွယ်လာသူတွေကို ကျွန်တော်က သက်ဆိုင်ရာ ဌာနတွေကို တင်ပြဖို့ ပြောကြားခဲ့ပါတယ်။ ကျွန်တော်က မကွေးမြို့နယ်ထဲက ပျက်စီးသွားတဲ့ တောင်သူတွေရဲ့ ဧကစာရင်းတွေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုကူညီ ထောက်ပံ့ပေးနိုင်မလဲဆိုတာ အစိုးရနဲ့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေး ထားပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်း ဒေသကြီးအတွင်း မိုးဦးရာသီအစမှာပင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ချောင်းရေကြီးရေလျှံ မှုများကြောင့် လမ်းတံတား ပျက်စီးမှုများလည်း ရှိခဲ့ပြီး လူငါးဦး သေဆုံးခဲ့ကြောင်း၊ ချောင်းရေကြီး မှုများကြောင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ စသည့် မြို့နယ်ပေါင်း ၁၀ ခုကျော်မှ သီးနှံစိုက်ခင်း ၉၀၇၈၃ ဧကကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent