မော်လမြိုင်နှင့် သထုံခရိုင်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ ၇၄၀၀ ခန့်ရှိ

မော်လမြိုင်နှင့် သထုံခရိုင်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ ၇၄၀၀ ခန့်ရှိ
Published 19 June 2018

မော်လမြိုင်မြို့တွင် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးနေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

မော်လမြိုင်နှင့် သထုံခရိုင်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုပြီး ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၆၀၀၀ ကျော်ရှိပြီး ရေဘေးသင့်ပြည်သူ ၇၄၀၀ ခန့်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ဇွန် ၁၇ ရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ရေကြီးခဲ့ခြင်းဖြစ်ပြီး ဘုရား၊ ကျောင်း၊ လူနေအိမ်၊ လမ်း၊ တံတား ပျက်စီးဆုံးရမှု ကျပ်သိန်း ၆၄၄၁ ခန့်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ မော်လမြိုင်ခရိုင်တွင် အိမ်ထောင်စု ၂၂၁၀၊ အိမ်ခြေ ၃၅၀၅၊ လူဦးရေ ၇၁၄၇၊ သထုံခရိုင်တွင် လူဦးရေ ၂၇၀ ရှိကြောင်း သိရသည်။

ထို့ပြင် တောင်ရိုးတန်းရှိ ကျိုက်သလံ ဘုရားကြီးကုန်းတော်ပေါ် အရှေ့ဘက်၊ အနောက်ဘက်တို့တွင် မြေပြိုခြင်းကြောင့် အရှေ့ဘက်မုခ်ရှိ ဓာတ်လှေကားကို သုံးစွဲခွင့်မပြုဘဲ ဘုရားပေါ်သို့ တက်ရောက်ဖူးမျှော်ခွင့် ပြုခဲ့သော်လည်း ဇွန် ၁၈ ရက်တွင် ဘုရားပေါ်သို့ တက်ရောက်ခွင့်ပါ ပိတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံံမှ သိရသည်။

မော်လမြိုင်မြို့တွင် ဇွန် ၁၇ ရက်က မိုးရေချိန် ၁၃ ဒသမ ၇ လက်မရှိရာ အချိန်တိုအတွင်း ပြင်းအားများ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများကိုလည်း သတိထားရမည် ဖြစ်ကြောင်း မွန်ပြည်နယ် မိုးဇလမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဌေးက ပြောကြားသည်။

ဇွန်လ ဒုတိယ ၁၀ ရက် နေပြည်တော်မှ မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း သိရသည်။

“ဇွန် ၁၇ ညက မိုးတစ်ချက်သည်းပြီး နည်းသွားပါတယ်။ ဇွန် ၁၈ ရက် မနက်မှာ လုံးဝလင်းသွားပါတယ်။ မနေ့က အိမ်ပေါ် ရေခြောက်လက်မ ကျော်ရောက်နေတာ။ ဒီမနက်က အိမ်ပေါ် ရေမကျန်တော့ပေမယ့် အိမ်နားဝန်းကျင်မှာတော့ ရေနည်းနည်း ကျန်နေသေးတယ်။ မိုးဆက်မရွာရင်တော့ ရေတွေ ကျသွားမှာပါ”ဟု သမာဓိလမ်းမ သီရိမင်္ဂလာရပ်ကွက်နေ ဦးတင်ဦးက ပြောကြားသည်။

မော်လမြိုင် ဈေးကြိုရပ် ဓမ္မရိက္ခိတဘုန်းကြီးကျောင်းတွင် တောင်ဝိုင်းရပ် ဥယျာဉ်လမ်းမှ ရေဘေးရှောင်သူ ၂၈၅ ဦးရှိပြီး ဇွန် ၁၈ ရက် ညနေထိ အများပြည်သူ လှူဒါန်းမှုဖြင့် ထမင်းထုပ်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး၊ ဆန်များ ထောက်ပံ့လျက်ရှိပြီး ယခုအချိန်ထိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှု မရရှိသေးကြောင်း၊ ယနေ့ ညနေတွင် မိုးရွာမှုနည်းပြီး အန္တရာယ်ကင်း၍ နေအိမ်ပြန်လိုသူ တစ်ဝက်ကျော်ရှိကြောင်း ယင်းစခန်းတာဝန်ခံက ပြောကြားသည်။

မွန်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၃၈ ခု ဖွင့်လှစ်ထားရာ မော်လမြိုင် မြို့ပေါ်တွင်ပင် စခန်း ၂၄ ခုရှိသည်။

ရေဘေးကြောင့် ကွယ်လွန်သူ တစ်ဦးလျှင် ကျပ်သုံးသိန်း၊ ရေဘေးရှောင် တစ်ဦးလျှင် ကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၁၅,၅၅၄,၄၀၀ ကို ထုတ်ပေးပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent