မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ရာရှေ့ ဦးဝိစာရလမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော အငှားယာဉ်မှ အခြားယာဉ်သုံးစီးအား ဆင့်တိုက်မှုဖြစ်ပွား

မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ရာရှေ့ ဦးဝိစာရလမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော အငှားယာဉ်မှ အခြားယာဉ်သုံးစီးအား ဆင့်တိုက်မှုဖြစ်ပွား
Published 19 June 2018

မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ရာရှေ့ ဦးဝိစာရလမ်းပေါ်တွင် လမ်းပြောင်းပြန် မောင်းနှင်လာသော အငှားယာဉ်မှ အခြားယာဉ်သုံးစီးအားဆင့်တိုက်မှု ဇွန် ၁၉ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ် မဟာမြိုင် အိမ်ရာရှေ့ ဦးဝိစာရလမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ပရိုဘောက် အမျိုးအစား အငှားယာဉ်မှာ အကြော်ဆိုင် မှတ်တိုင်နှင့် ဟောင်ကောင်မှတ်တိုင်ကြားအရောက်၌ တစ်ဖက်ယာဉ်ကြောတွင် ရပ်ထားသော Toyota Premio အမျိုးအစား အိမ်စီးယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အိမ်စီးယာဉ်မှာ အနောက်တွင်ရပ်ထားသော Fielder အမျိုးအစား အငှားယာဉ်၏ ခေါင်မိုးပေါ်သို့ ရောက်ရှိသွားကြောင်း၊ ထို့ပြင် အနောက်တွင်ရပ်ထားသော အငှားယာဉ်တစ်စီးအား အဆင့်ဆင့်တိုက်မိခဲ့ကြောင်း သိရသည်။

“ကားတိုက်တော့ အစ်ကိုတို့က လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်နေကြတာ။ အသံကြားလို့ထွက်ကြည့်လိုက်တော့ အိမ်စီးကားလေးက နောက်ကတက္ကစီ ခေါင်မိုးပေါ် ရောက်နေပြီ။ တိုက်တာက မျက်နှာချင်းဆိုင်တိုက်တာ။ အရှိန်ပါတော့ တက္ကစီကား ခေါင်မိုးပေါ်အထိ ရောက်သွားတယ်။ တိုက်တဲ့ တက္ကစီ သမားကလည်း မူးနေတာ။ အိမ်စီးကားမှာတော့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးရယ်၊ ကလေးရယ်ပါတယ်။ လေအိတ်ပွင့်သွားလို့ သူတို့ကတော့ ဘာမှမဖြစ်ဘူး။ တိုက်တဲ့တက္ကစီသမားကိုတော့ အခုဆေးရုံပို့လိုက်ပါပြီ” ဟု ယာဉ်တိုက်မှုကို ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။

လမ်းပြောင်းပြန်မောင်းနှင်လာသော အငှားယာဉ်သည် ဟောင်ကောင်မှတ်တိုင်နားတွင် အခြားယာဉ်တစ်စီးနှင့် ဦးဆုံးတိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

“အရင်ဆုံး ကျွန်တော့်ကားနဲ့ တိုက်မိတာ။ ကျွန်တော်က ကားပေါ်ကဆင်းပြီး ဓာတ်ပုံတွေဘာတွေရိုက်တော့ မောင်းပြေးသွားတယ်။ ကားဘီးကလည်းလိမ်နေတော့ ကျွန်တော်လည်း သူ့နောက်က ဖြည်းဖြည်းချင်းပဲ လိုက်သွားတာ။ အကြော်တဲမှတ်တိုင်ရောက် ခါနီးလောက်ကျတော့ လူတွေလည်း အုံနေလို့ ဆင်းကြည့်တော့မှ ကျွန်တော့်ကိုတိုက်သွား တဲ့သူပဲ ဒီမှာထပ်တိုက်ထားတာ။ တော်တော် လည်း မူးနေတယ်နဲ့တူတယ်။ ကားပေါ်က ဆွဲချတော့လည်း အရက်နံ့တွေ နံနေတာ။ သတိလည်းမရတော့ဘူး” ဟု အငှားယာဉ်မောင်း ကိုမိုးဇော်အောင်က ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် လမ်းပြောင်းပြန် မောင်းနှင်သူ အငှားယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းကို အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent