စကားဝိုင်းတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးရာသီဥတု

စကားဝိုင်းတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးရာသီဥတု
Published 18 June 2018

ဇွန် ၁၄ ရက်က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများစကားဝိုင်း

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ဇန်နဝါရီ ၁ ရက်ကစလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ပြုလုပ်ခဲ့တာပါ။

ပထမဆုံး ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်များ စကားဝိုင်းကို ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာမှာ နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ အခု ၂၀၁၇ ခုနှစ်ကနေ စတင်စဉ်းစားရမှာက ကျွန်မတို့နိုင်ငံအတွက် ဘာတွေပထမဦးဆုံး ဦးစားပေးပြီးတော့ လုပ်ရမလဲဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တုန်းက ပြည်သူလူထုအများစုရဲ့ ရွေးချယ်တင် မြှောက်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ စထူထောင်ကတည်းက ကျွန်မတို့အနေနဲ့ တင်ပြထားတဲ့ကိစ္စတွေရှိပါတယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးပြီး ဆောင် ရွက်မလဲဆိုတာကို ကျွန်မတို့တင်ပြထားပါတယ်။ အဲဒီထဲမှာ အရေးကြီးဆုံးတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတွေရဲ့ ဘဝတိုးတက်ရေးဟာ ကျွန်မတို့ ဦးစားပေးထားတဲ့ ကိစ္စနှစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခုကလည်း ဆက်နွှယ်မှုရှိပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံအေးချမ်းမှ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝတွေဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဘဝတွေတိုးတက်မှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုကို အရေးကြီးဆုံး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ငြိမ်းချမ်းရေးအပေါ် ဘယ်လိုအမြင်မျိုးတွေရှိပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေကို သိချင်တဲ့အတွက် စကားဝိုင်းဆွေးနွေးပွဲကို လုပ်ရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျွန်မတို့ ဒါကို ဆွေးနွေးဖို့အတွက်ကျတော့ ဘယ်သူတွေနဲ့ စတင်ပြီးဆွေးနွေးမလဲဆိုတာကို စဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာ အများကြီးလည်းဖြစ်တယ်။ အလွှာမျိုးစုံလည်းဖြစ်တယ်။ တိုင်းရင်းသား လူမျိုး အမျိုးစုံလည်းဖြစ်တယ်။ အမြင်မျိုးစုံလည်းဖြစ်တယ်။ ဒီတော့ ဘယ်သူတွေအတွက် ငြိမ်းချမ်းရေးက အရေးကြီးဆုံးလိုသလဲဆိုတော့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်တွေက အကြာကြီး ဒီနိုင်ငံရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားရ မယ့် အချိန်တွေကို ရှေးရှုသွားရမှာပါ။ လူကြီးတွေဆိုတာကတော့ အနိစ္စ သဘောတရားအရ သိပ်မကြာခင် ကာလမှာတော့ တာဝန်တွေကို ချရတော့မှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ တာဝန်တွေထမ်းဆောင်ရမည့် လူငယ်တွေရဲ့အမြင် ဘယ်လိုရှိသလဲဆိုတာဟာ ကျွန်မတို့အတွက် အလွန်အင်မတန် အရေးကြီးပါတယ်။ အမှန်ပြောရရင်တော့ ကျွန်မက ဒါထက်ငယ်တဲ့ ကလေးတွေနဲ့ ကျွန်မက ဆွေးနွေးချင်တာပါ။ ဒါတော့ ပထမဦးဆုံးကလေးတွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူးထင်တယ်ဆို ပြီးတော့ လူငယ်တွေနဲ့စပြီးတော့ (လုပ်တာဖြစ်ပြီး) နောင်တစ်ကြိမ် တစ်ခါမှာတော့ ကျွန်မကတော့ သတ်မှတ်ထားတဲ့အရွယ်အောက် ကလေးတွေနဲ့ပဲ ဆွေးနွေးတာမျိုးပဲ လုပ်ချင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

နောက်ပိုင်းမှာ စီးပွားရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီလိုဆွေးနွေးပွဲတွေ လုပ်ခြင်းအားဖြင့်လည်း ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်ကို သူတို့လည်း ပိုင်တယ်ဆိုတဲ့စိတ် ရှိလာအောင်လို့ပါ”လို့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ လုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

ပထမဆုံးပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၁၈ ဦးက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ လုပ်ပိုင်ခွင့်ပိုမိုရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရေး၊ မတူကွဲပြားမှုကနေ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာများ ကုစားနိုင်ရေး၊ ပြည်သူလူထုကို ဗဟိုပြုတဲ့ တရားဥပဒေနဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်များ ပါဝင်ရေး၊ စစ်ကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေကို ကူညီစောင့်ရှောက်ရေး စတဲ့ကိစ္စတွေနဲ့ ပတ် သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သတ်မှတ်ထားတဲ့အတိုင်း အဲဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးစကားဝိုင်း ငါးကြိမ်တိတိ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒုတိယမြောက် ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် ၂၀၁၇ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ  နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ ကျင်းပရင်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသားတွရဲ့ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းကိုပါ ပြုလုပ်ခဲ့ပါတယ်။

တတိယ ငြိမ်းချမ်းရေးစကားဝိုင်းကိုတော့ ၂၀၁၇ ဧပြီ ၁၁ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်တောရွာနေ လူငယ်များ စကားဝိုင်းဆိုပြီး ပြုလုပ်ခဲ့တာပါ။ စတုတ္ထစကားဝိုင်းကိုတော့ ၂၀၁၇ သြဂုတ် ၇ ရက်က မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ မြေတိုင်ကန်ကျေးရွာ သီဟာရာမဘုန်းတော်ကြီးကျောင်းဝင်းမှာ ကျင်းပခဲ့ပါတယ်။ ပဉ္စမမြောက် ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်၊ ချင်းနဲ့ ပအိုင်းဒေသတွေမှာ ပြုလုပ်နိုင်ခဲ့တာကြောင့် ငြိမ်းချမ်းရေးနှစ် ဖြစ်တဲ့ ၂၀၁၇ ခုနှစ်ဟာ တာထွက်လှခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ၂၀၁၇ မေ ၂၄ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင် လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ခြောက်ရက်ကြာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုခဲ့ရာမှာ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူ ၄၁ ချက်ရရှိခဲ့ပေမယ့် ညီလာခံမှာ နိုင်ငံရေးဆိုင်ရာ မူဝါဒအဆိုပြုချက် ၁၂ ချက်၊ စီးပွားရေးဆိုင်ရာမူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒလေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာမူဝါဒ ၁၀ ချက် စုစုပေါင်း သဘောတူညီချက် ၃၇ ချက်ကို အတည်ပြုနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆောင်ရွက်နေတဲ့ NLD အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပထမဆုံး သဘောတူ နိုင်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ် လည်းဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတဲ့ ၂၀၁၇ ဟာ ချိုမြိန်မှုတွေနဲ့ စခဲ့ပါတယ်။

“အခုလို ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဖော်ထုတ်နိုင်အောင် ကျွန်မတို့အစိုးရ၊ တပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေဟာ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခဲ့ရတာဖြစ်ပါတယ်”လို့ ဒေါ် အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ မေးခွန်းထုတ်မှုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် ငြိမ်းချမ်းရေးလေ့လာသူတွေကြားမှာပါ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးညီလာခံမတိုင်မီ NCA လက်မှတ်ထိုးအဖွဲ့အချို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခြင်း၊ ညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းနဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကျန်ရှိနေခြင်းစတဲ့ အချက် တွေအပေါ်မှာ မေးခွန်းထုတ်ကြတာပါ။

တစ်ဖက်မှာလည်း လက်နက်ကိုင်းပဋိပက္ခတွေက ဆက်လက်ဖြစ်ပွားနေပြီး ၂၀၁၇ ဇန်နဝါရီကနေ နိုဝင်ဘာအထိ တိုက်ပွဲပေါင်း ၂၃၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးအထောက်အကူပြုဆိုင်ရာ အဖွဲ့အစည်း (Myanmar Peace Monitor) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၁၆ ဇန်နဝါရီကနေ နိုဝင်ဘာအထိ တိုက်ပွဲပေါင်း ၂၂၇ ကြိမ်သာ ဖြစ်ပွားခဲ့ပေမယ့် ငြိမ်းချမ်းရေး နှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာအထိ တိုက်ပွဲပေါင်း ၂၃၃ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် အရင်ကာ လတူထက် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း ပိုများနေခဲ့ပါတယ်။

၂၀၁၇ မှာ တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ကြား ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်ကြတဲ့ (SSPP/SSA) နဲ့ (RCSS/SSA) တို့က ဒုတိယအများဆုံးဖြစ်ပွားခဲ့ပြီး DKBA လက်နက်ကိုင်အဖွဲ့၊ ULA/AA လက်နက်ကိုင်အဖွဲ့တို့နဲ့လည်း ထိတွေ့ပစ်ခတ်မှုအချို့ ရှိခဲ့တယ်လို့ Myanmar Peace Monitor ရဲ့ အ ချက်အလက်တွေမှာ ပါရှိပါတယ်။

ဒီလို လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေဆဲအချိန်မှာပဲ NCA လက်မှတ်ရေးထိုးဖို့ အစိုးရနဲ့ ညှိနှိုင်းနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ ကချင်အဖွဲ့(KIO) ၊ တအာင်းပလောင်အဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နဲ့ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က နုတ်ထွက်ခဲ့ပြီး  ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်မှုအောက်ကို ရောက်သွားပါတယ်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ဦးဆောင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) တို့နဲ့ စုဖွဲ့ပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို  ဖွဲ့စည်းလိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အနေနဲ့ NCA လက်မှတ်မထိုးဘဲ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ကြိုးစားလာပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ NCA ဟာ တိုင်းရင်းသားတွေ လိုလားချက်အတွက် မပြည့်စုံဘူးဆိုပြီး မြောက်ပိုင်း ခုနစ်ဖွဲ့ရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ အပစ်ရပ်စာချုပ်ကို ဖော်ပြခဲ့ပါတယ်။

အစိုးရအနေနဲ့ မြောက်ပိုင်းအဖွဲ့ရဲ့ စုဖွဲ့မှုနဲ့ မူဝါအပေါ် လက်ခံခြင်းမရှိသလို အဲဒီအဖွဲ့တွေ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးကိုလည်း ညှိနှိုင်းမှုမလုပ်ခဲ့ပါဘူး။ အထူးသဖြင့် တပ်မတော်က NCA ပြင်ဆင်ဖို့ မရှိ ဘူးဆိုပြီး တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

“တပ်မတော်ရဲ့ငြိမ်းချမ်းရေး ရပ်တည်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ (၆) ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေး နှုတ်ခွန်း ဆက် အမှာစကားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို အထူးဖိတ်ကြားသူအနေနဲ့ UWSA မှ ဦးကျောက်ကော်အမ်းနဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့က တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးကို တက်ရောက်လာတဲ့ မြောက်ပိုင်းခုနစ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သူ့နေအိမ်မှာ နှစ်ဖွဲ့ခွဲ တွေ့ဆုံဧည့်ခံခဲ့ပေမယ့် ဆွေးနွေးမှု မဟုတ်ကြောင့် ဘာအဖြေမှတော့ မထွက်ခဲ့ပါဘူး။

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မြောက်ပိုင်း ခုနစ်ဖွဲ့က တက်ရောက်ခဲ့ပေမယ့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကတော့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တန်းတူပါဝင်ခွင့် မရသေးတဲ့ အခြေအနေကြောင့်လို့ UNFC ဘက်က ဆိုပါတယ်။

“ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေသလို အခြားတစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့တွေ ရှိနေခဲ့ပါ တယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိ နေပါတယ်”လို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးခြင်း နှစ်နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနောက်ပိုင်း ကာလအတော်ကြာ ညှိနှိုင်းမရဖြစ်နေတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့် နေရာကို ခြောက်ကြိမ်မြောက် NCA အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ သဘောတူညီမှု ရခဲ့ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးတွေကို ကျင်းပချင်ပေမယ့် တပ်မတော်က မိုင်းပန်မှာ ကျင်းပဖို့ သဘောတူမှုကို ဒေါ်အောင်ဆန်းစုကြည် ကြားဝင်စေ့စပ်မှုနဲ့ လင်းခေးမြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။

ဒီလို အဆင်ပြေချောမွေ့လာပြီလို့ ထင်ရတဲ့  အချိန်မှာပဲ UPDJC နဲ့ JICM သဘောတူညီချက်အရ ပြုလုပ်မယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲတွေကို ကျင်းပတဲ့အခါမှာ တပ်မတော်က ဟန့်တားခဲ့ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ (အကြို) ဒါမှမဟုတ် လူထုတွေ့ဆုံပွဲတွေကို မြန်မာနိုင်ငံ ရှမ်းလူမျိုးများ နေထိုင်ရာဒေသတွေမှာ ကျင်းပရမှာဖြစ်တာကြောင့် လူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်နယ်နဲ့ ရှမ်းလူမျိုးများရှိရာ ရှမ်းပြည်နယ်ပြင်ပမြို့တွေ မှာ အစိုးရရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်တို့အရ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် ကနေ ၂၅ ရက်အထိ ရှမ်းပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၄ မြို့နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ (အကြို) ဒါမှမဟုတ် လူထုတွေ့ဆုံပွဲတွေကို ကျင်းပတဲ့အခါ မြို့နယ်အများစုမှာ တပ်မတော်က မပြုလုပ်ဖို့ တားမြစ်ခဲ့ပြီး ပင်လုံ၊ တာချီလိတ်၊ ကာလိ၊ ကျောက်မဲ စတဲ့ မြို့နယ်တွေ က အဆိုးဆုံးဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရှမ်း ပြည်ထူထောင်ရေးကောင်စီ (RCSS) ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက် နေ့စွဲနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွေ့ ဆိုင်းလိုက်တယ်လို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို လူထုတွေ့ဆုံပွဲတွေကို ပိတ်ပင်တာက မဖြစ်သင့်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ဆိုပါတယ်။

“ကျွန်တော်တို့ RCSS အနေနဲ့ လင်းခေးမှာလုပ်ဖို့ ရည်ရွယ်ထားပြီးသား။ တခြား NCA-s EAO အဖွဲ့ တွေဖြစ်တဲ့ ရခိုင်ကလည်း လုပ်ခွင့်မရသေးဘူး။ ကရင်မှာပဲ လုပ်ခွင့်ရပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်ဖို့အတွက်ကျတော့ လုပ်ခွင့်မကျဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ အမှန်က လူထုဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လေ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုကောင်းလို့ ကျွန်တော်တို့က အဲဒီလို မြင်တယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲအတွက်  ဆွေးနွေးပွဲတွေအတွက် ပိတ်ပင်ခံရတယ်ဆိုတာက အမှန်ဆိုရင် ဒီကိစ္စက မဖြစ်သင့်ဘူး” လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒီကိစ္စအပေါ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အရေးပေါ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးပြီးဆုံးချိန်မှာတော့ အချက်လေးချက်ပါတဲ့ တောင်းဆိုချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။တောင်းဆိုချက်ရဲ့ ပထမအချက်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည် ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပါရှိတာကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါ ရီလကုန်ပိုင်းမှာ ကျင်းပဖို့ လျာထားတဲ့  ၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးကို အစိုးရက ရွှေ့ဆိုင်းခဲ့ရပါတယ်။

အစိုးရက ကျင်းပခွင့်ပြုထားပေမယ့် အမျိုးသားအဆင့် နိုင်ငံရေး အကြိုဆွေးနွေးပွဲတွေကို တပ်မတော်က ကျင်းပခွင့် ပိတ်ပင်ခြင်းဟာ အရှိန်မြင့်လာတဲ့ အစိုးရငြိမ်းချမ်းရေးလမ်းစဉ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒအကြား ပွတ်တိုက်မှု ရလဒ်ဖြစ်နိုင်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက သုံးသပ်ခဲ့ပါတယ်။

အဓိက,ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ကွာဟချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ မပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးရင်းနဲ့ နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဦးတည်ထားပြီး တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကသာ တည်ဆောက်ဖို့ ရည်ရွယ်ထားထားပါတယ်။ တပ်မတော်ဘက်က မူ ခြောက်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး လမ်းပြမြေပုံ ခုနစ်ချက်ကို ထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူ ၆ ချက်မှာ ၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် ၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် ၄။ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ၅။ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ခုနစ်ချက်နဲ့ တပ်မတော်ရဲ့မူ ခြောက်ချက်က ဦးတည်ချက်ခြားနားနေပြီး အနှစ်သာရလည်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အစိုးရနဲ့ တပ်မတော်က တစ်ထပ်တည်း မဖြစ်တော့ ကျွန်တော်တို့ EAO လည်း အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်တယ်”လို့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးခွန်ထွန်းတင်က ပြောကြားပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရ အာဏာမလွှဲပြောင်းမီ ကတိုက်ကရိုက်ချုပ်ဆိုခဲ့တဲ့ NCA စာချုပ်မှာ မရှင်းလင်းမှုတွေ၊ လုပ်ငန်းစဉ် မပီပြင်မှုတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခွဖြစ်နေမှုတွေရှိနေတဲ့အတွက်  အဓိပ္ပာယ် တိတိကျကျ သတ်မှတ်မှသာ အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆိုပါတယ်။

တိကျရှင်းလင်းမှု မရှိတဲ့အတွက် အဓိပ္ပာယ် နှစ်ခွဖြစ်နေတဲ့အပေါ် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား အဓိပ္ပာယ်ကောက်ယူရာမှာ လွဲမှားမှုတွေ ရှိနေတာကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တားမြစ်ပိတ်ပင်မှုတွေ ဖြစ်ခဲ့တာပါ။

“တတိယအကြိမ် ပင်လုံညီလာခံကို ကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးတဲ့ ရှမ်းနဲ့ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ်ဆို ပိုထိရောက်မယ်။  တတိယပင်လုံဟာ ပိုပြီး အဓိပ္ပာယ် ပြည့်ဝလာလိမ့်မယ်။ ကျင်းပခွင့် မရှိဘူးဆိုရင်တော့ တတိယပင်လုံမှာ ဘာကို ဆွေးနွေးကြမလဲ။ ဘယ်အချက်ကို အခြေခံပြီးတော့ ဆွေးနွေးမလဲ။ အဲဒီလိုမျိုး စဉ်းစားစရာကြီး ဖြစ်နေတယ်”လို့ ပအိုင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးခွန်ထွန်းတင်က မေးခွန်းထုတ်လိုက်ပါတယ်။

ဒီလို ၂၀၁၇ ငြိမ်းချမ်းရေးနှစ်မှာ အကျပ်အတည်းတွေ ရှိခဲ့ပေမယ့် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ၂၀၁၈ ဧပြီ ၁၀ ရက်က ဧရာဝတီတိုင်း မြောင်းမြမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြောင်းမြမြို့ဒေသခံပြည်သူတွေရဲ့ စကားဝိုင်းကို ကျင်းပခဲ့ပါတယ်။ အမှန်က ၂၀၁၈ ဖေဖော်ဝါရီတုန်းက မော်လမြိုင်မြို့မှာ ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမယ့် မဖြစ်ခဲ့ဘဲ ဧပြီလရောက်မှသာ မြောင်းမြမြို့မှာ စကားဝိုင်းကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှုအပြီး အင်တာနက်အွန်လိုင်းကနေ မေးမြန်းတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေး တာက တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု မရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ  (UNFC) အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးခဲ့ကြပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) KNLA ငြိမ်း ချမ်းရေးကောင်စီအပြင် မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။

NCA စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာတာကြောင့် NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြီးမြောက်အောင်မြင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေက ပြည်သူတွေကြားမှာ မြင့်တက်လို့လာပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ မြင့်တက်နေတုန်းမှာပဲ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ မတ် ၅ ရက်က တပ်မတော်နဲ့ KNU အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းကတော့ တပ်မတော်အနေ နဲ့ KNU တပ်မဟာ ၅ နယ်မြေအတွင်း လမ်းဖောက်လုပ်ခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာတာပါ။ ဒါပေမဲ့ မေ ၁၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ တွေ့ဆုံခဲ့ပြီး ခေးပူ-လွယ်မူပလောလမ်းကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်ကနေ ယာယီရပ်ဆိုင်းပေးထားမယ်ဆိုတဲ့ ဆွေးနွေးသဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာတော့ နှစ်ဖက်ထိတွေ့မှုတွေ ရပ်တန့်ခဲ့ပါတယ်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ NCA စာချုပ်အရ  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပမီ မွန်ပြည်သစ်ပါတီအခြေစိုက်ရာ ခရိုင်ငါးခုမှာ မတ်လအတွင်း အကြိုလူထု တွေ့ဆုံပွဲများကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တပ်မတော်က လူဦးရေကန့် သတ်လာမှုကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။

မွန်ပြည်နယ်မှာ ဖြစ်သွားတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုလူထုတွေ့ဆုံမှု ကန့်သတ်မှုတွေရှိနေတာက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တားမြစ်ခံရမှု တူညီနေပါတယ်။ ဒီလို လူထုတွေ့ဆုံပွဲ တွေကို ကန့်သတ်တားမြစ်မှုတွေဟာ NCA လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။

NCA စာချုပ်ပါ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များအခန်း ပုဒ်မ ၂၀ ကို ဖောက်ဖျက်ရလည်း ကျပါတယ်။ ဘာလို့လဲဆိုတော့ ပုဒ်မ ၂၀ ပါ  “နိုင်ငံ ရေးလမ်းပြမြေပုံ ချမှတ်ခြင်း” မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအပါအဝင် ဆက်လက်လုပ်ဆောင်ရမယ့် အချက် ခြောက်ခု ရှိပါတယ်။ အဲဒီထဲက တတိယအချက်မှာ “ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း” ဖော်ပြထားပါတယ်။ ဒါကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲတွေကို ကန့်သတ်တားမြစ်တာဟာ NCA စာ ချုပ်ပါ ပုဒ်မ ၂၀ ကို ချိုးဖောက်သလို ဖြစ်နေတယ်လို့ ဆိုရမှာပါ။

လက်ရှိအချိန်မှာ NCA လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို လာမယ့်ဇူလိုင်လထဲမှာ လုပ်ဖို့ အစိုးရဆီ အဆိုပြုထားပေမယ့် ညီလာခံကျင်းပမယ့်ရက်ကိုတော့ သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ကို ၂၀၁၇ မေလက ကျင်းပခဲ့ပြီး လက်ရှိအချိန်အထိ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို မကျင်းပနိုင်ခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ဒီတစ်နှစ်အတွင်း ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို ရွှေ့ဆိုင်းခဲ့ရတာ သုံးကြိမ်အထိ ရှိခဲ့ပြီး လက်ရှိအချိန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လာမယ့်ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ အစိုးရထံ အဆိုပြုခဲ့တာပါ။

လက်ရှိအချိန်မှာလည်း လုံခြုံရေးကဏ္ဍနဲ့ပတ်သက်လို့ အစိုးရ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်နေပါတယ်။

ဒီလို ငြိမ်းချမ်းရေးလမ်းကြောင်းမှာ အကျပ်အတည်းတွေ ရှိနေပေမယ့်လည်း ၂၀၁၈ ဇွန် ၁၄ ရက်က မော်လမြိုင်မြို့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ၂၀၁၇ ဇန်နဝါရီ  ၁ ရက်က နေ ၂၀၁၈ ဇွန် ၁၄ ရက်အထိ ကျင်းပလာခဲ့တာ ခုနှစ်ကြိမ်တိတိ ရှိပြီဖြစ်ပါတယ်။

ဒီလိုငြိမ်းချမ်းရေးစကားဝိုင်းတွေကို ခုနစ်ကြိမ်အထိ ကျင်းပခဲ့ပေ မယ့်လည်း လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို အထောက်အကူမပြုဘူးလို့ သုံးသပ်မှုတွေကလည်း ရှိလာပါတယ်။ ဘာကြောင့် လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လိုအကျပ်အတည်းတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ငြိမ်း ချမ်းရေးစကားဝိုင်းတွေဆီကနေ ပြည်သူတွေကို ချပြမှုမရှိတဲ့အတွက်ကြောင့်လို့ ထောက်ပြပြောဆိုမှုတွေ ရှိလာပါတယ်။

“ငြိမ်းချမ်းရေး စကားဝိုင်းတွေ လုပ်ခဲ့ပေမယ့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အထောက်အကူရတယ်လု့ိ ကျွန်တော်ကတော့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးမှာ ဘယ်အဆင့်အထိရောက်နေလဲ ဆိုတာကို သာမန်ပြည်သူလူထုကမသိဘူး။ ဒီဟာကို လုပ်ဆောင်ဖို့အတွက်ကလည်း အစိုးရကလည်း တာဝန်ပျက်ကွက်တယ်။ ဒီလိုစကားဝိုင်း ပုံစံမဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးက ဘယ်လိုဖြစ်နေတယ်ဆိုတာ၊ ဘယ်လိုအခက်အခဲ အကျပ်အတည်းဖြစ်နေတယ်ဆိုတာကို ပြည်သူလူထုကို သိအောင်လို့ ချပြရမှာက အစိုးရရဲ့တာဝန်ဖြစ်တယ်။ ပြောရမယ်ဆိုရင် ချိုမှန်းချဉ်မှန်းတောင် မစားဖူးတဲ့ သူကို ချိုသလား ချဉ်သလားလို့ သွားမေးနေသလိုဖြစ်နေတော့ ကျွန်တော်က သိပ်သက်ရောက်မှုမရှိဘူးလို့ မြင်တယ်” လို့ ပြည်ထောင်စုငြိမ်းချမ်း ရေးပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး စိုင်းကျော်ညွန့်က မှတ်ချက်ပြုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “လူငယ်တွေကို ငြိမ်းချမ်းရေးကို ချပြတာတော့ ကျွန်တော်တို့က ဘယ်လိုမှ သဘောကွဲလွဲစရာမရှိပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးမရ, ရခြင်းရဲ့ အကြောင်းက အဓိကအဟန့်အတားဖြစ်နေတာမှာဘာတွေ တစ်ဆို့နေလဲ။ ဘာတွေ အခက်အခဲရှိတယ်ဆိုတာ လူထုတွေ၊ လူငယ်တွေကိုချပြဖို့ လိုတယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးစကားဝိုင်းတွေက ထိရောက်မှု ရှိ၊ မရှိ ပြန် လည်သုံးသပ်ဖို့ လိုတယ်လို့ ကချင်ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာက ဆိုပါတယ်။

“ဒီစကားဝိုင်းတွေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ဘယ်လောက် အကျိုးရှိလာသလဲ။ အကျိုးရှိသလား၊ မရှိဘူးလားဆိုတာကို သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကအစ ပြန်လည်သုံးသပ်ဖို့ လိုတယ်။ သုံးသပ်ပြီးတော့မှ ထိရောက်မှု သိပ်မရှိရင် ထိရောက်မှု ရှိအောင် လုပ်ရမယ်။ ဒီအတိုင်းပဲ ဒါကို ပြန်လည်သုံးသပ်တာ၊ ဆန်းစစ်တာ မရှိဘူးဆိုရင်တော့ ဒါက သိပ်ပြီး မထိရောက်နိုင်ဘူး” လို့ ဒေါက်တာ မနန်တူးဂျာက ဆိုပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူထုကြားထဲကို မက်ဆေ့ပေးချင်ရုံ သက်သက်လို့သာ ထင်မိတယ်လို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို နှစ်လတစ်ကြိမ် ဒါမှမဟုတ် သုံးလတစ်ကြိမ်လုပ်ဖို့ရှိတဲ့အတွက် ငြိမ်းချမ်းရေးလမ်းကြောင်းကို တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်ဖို့ဆိုရင် လူငယ်တွေသာမက ငြိမ်းချမ်းရေး၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်သူတွေနဲ့ပါ စကားဝိုင်းတွေ လုပ်သင့်တယ်လို့ အကြံပြုမှုတွေလည်း ရှိလာပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ဒီအတိုင်းသာ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ ပြည်သူကို ငြိမ်းချမ်းရေးအသိလောက်သာ ပေးရုံရှိပြီး တကယ့်ငြိမ်းချမ်းရေးလမ်းကြောင်းကို အထောက်အကူ မပြုနိုင် တဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေး ရာသီဥတု ပကတိအခြေအနေအမှန်ကို ပြည်သူတွေ တကယ်သိနိုင်မှာ မဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး စိုင်းကျော်ညွန့်က “တကယ် ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကြောင်းကို ဂဃနဏ နားလည်တဲ့လူ၊  နောက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီအကြောင်းကို ဂဃနဏနားလည်တဲ့သူ၊ ပြီးတော့ လက်ရှိ နိုင်ငံရေးအခင်းအကျင်း တွေကိုလည်း သိတဲ့လူ၊ ပြီးရင် ဒေသနိုင်ငံရေးအခင်းအကျင်းကိုလည်း သိတဲ့လူတွေပါမယ်။ ကမ္ဘာ့အခင်းအကျင်းကို သိတဲ့လူတွေလည်း ပါမယ်။ အဲဒီလိုမျိုးလူတွေကို ထောင့်စုံအောင် ဖိတ်ကြားပြီးတော့ ပြောတယ်ဆို ဒီထက်ပိုပြီးတော့ အဓိပ္ပာယ်ရှိမယ်လို့မြင်တယ်” လို့ သုံးသပ်ပါတယ်။

Most Read

Most Recent