မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် နေရာအတော်များများ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် နေရာအတော်များများ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေ
Published 17 June 2018

ဓာတ်ပုံ - ဘိုဘိုမြင့်

ဇွန်လ ၁၇ ရက်နံနက် ၂ နာရီအချိန်ခန့်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် နေရာအတော်များများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မော်လမြိုင် မြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသည့် ဖက်တန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်များ၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ တောင်ဝိုင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက် စသည်ဖြင့် ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ဘိုဘိုမြင့်

"မိုးက မနက် ၂ နာရီလောက်ကစပြီး သည်းလာတယ်။ ၃ နာရီလောက်ကျတော့ တောင်ကျရေတွေ ဆင်းလာတယ်။ ကားတွေပါ ရေပေါ်ပေါလောပေါ်နေတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ အဓိကက ချောင်းထဲ မြောင်းထဲ အမှိုက်တွေ ပစ်ချတော့ မြောင်းတွေပိတ်ပြီး ရေလျှံတာပါ။ နောက်ပြီး ချောင်းတွေ မြောင်းတွေ အပေါ် ကျူးကျော်ပြီး အိမ်တွေဆောက်၊ မြေနေရာချဲ့တာတွေ လုပ်ထားကြတော့ ချောင်းတွေ မြောင်းတွေ ကျဉ်းပြီး မိုးတအားရွာတော့ အခုလို ရေလျှံမှုတွေ ဖြစ်ရတာပါ" ဟု မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအပြင် သစ်ပင်များလဲကျခြင်းနှင့် မြေပြိုမှုတချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် လက်ရှိအခြေအနေအရ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြာင်း သိရသည်။

Most Read

Most Recent