ဒေါနတောင်ကျော်လမ်း နတ်စင်ကွေ့ကုန်းဆင်းတွင် စက်သုံးဆီပီပါများ သယ်ဆောင်လာသည့်ကုန်ကား တိမ်းမှောက်မှု ဖြစ်ပွားပြီး ယမန်နေ့က မှောက်ထားသော ကုန်ကားအနီး တောင်နံရံကို ဝင်တိုက်ကာ ယာဉ်မောင်း သေဆုံး

ဒေါနတောင်ကျော်လမ်း နတ်စင်ကွေ့ကုန်းဆင်းတွင် စက်သုံးဆီပီပါများ သယ်ဆောင်လာသည့်ကုန်ကား တိမ်းမှောက်မှု ဖြစ်ပွားပြီး ယမန်နေ့က မှောက်ထားသော ကုန်ကားအနီး တောင်နံရံကို ဝင်တိုက်ကာ ယာဉ်မောင်း သေဆုံး
Published 17 June 2018

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၏ အရေးပါသော မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်းတွင် စက်သုံးဆီ (ဒီဇယ်) ပီပါများ တင်ဆောင်လာသော ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးသည် ဇွန် ၁၅ ရက် ညနေက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယမန်နေ့က တိမ်းမှောက်ခဲ့သော ၂၂ ဘီးတွဲယာဉ်အနီး တောင်နံရံကို ဝင်တိုက်ကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်ကွဲတောင်ကုန်းဆင်း၊ အရှိန်လျှော့လမ်းခုံးများ ရှိသည့်နေရာ၊ နတ်စင်ကွေ့၊ မိုင်တိုင် ၁၄၅၊ ၁၄၆၊ ၁၄၇ ဝန်းကျင်တွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု ရက်ဆက် ဖြစ်ပွားလျက်ရှိရာ ဇွန် ၁၄ ရက် ညနေက ၂၂ ဘီးကုန်တင်တွဲယာဉ် တိမ်းမှောက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိခဲ့သလို ဇွန် ၁၅ ရက် ညနေတွင် ၁၂ ဘီး ဆီပေပါ ကုန်သွယ်ယာဉ် တိမ်းမှောက်ကာ ယာဉ်မောင်း သေဆုံးသွားခဲ့သည်။

ဒေါနတောင်ကျော်လမ်းသစ် ရင်ကွဲတောင်ကုန်းဆင်း၊ နတ်စင်ကွေ့အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ မြို့မရဲစခန်းမှူ ဒုရဲမှူး ထူးအောင်ရွှေနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းနိုင်ရွှေနှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ စက်သုံးဆီ ပီပါ ၁၀၀ တင်ဆောင်ပြီး ယာဉ်မောင်း ညီညီ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်သည် အခင်းဖြစ်နေရာသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာရံ သံပေါင်ကို ဝင်ရောက်တိုက်ပြီး ဆက်လက်၍ တောင်နံရံအား ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်း ညီညီ ၂၈ နှစ် မုဒုံမြို့နေသူသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ယာဉ်နောက်လိုက် သူရိန်ဝင်းမှာ ဒဏ်ရာရရှိခြင်း မရှိဘဲ သေဆုံးသူအား ပုလဲ ဖြူလူမှုကူညီရေးအဖွဲ့၏ ကူညီမှုဖြင့် ရဲဆေးစာနှင့်အတူ ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

လမ်းရှင်းလင်းရေး ဆောင်ရွက်နေသော ကရိန်းကားမောင်းသူ တစ်ဦးက “ကုန်းဆင်းရှည်တာရယ်၊ လမ်းခုံးတွေရယ်။ လမ်းချို့ယွင်းချက်နဲ့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု မရှိတာရယ်၊ ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုတွေကြောင့် ခုလို့ မကြာခဏ ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်နေတာပါ” ဟု ဇွန် ၁၅ ရက် နံနက်က ပြောကြားသည်။

 

Most Recent