ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တစ်စင်း တိမ်းမှောက်ပြီး လူလေးဦး ပျောက်ဆုံး

ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တစ်စင်း တိမ်းမှောက်ပြီး လူလေးဦး ပျောက်ဆုံး
Published 14 June 2018

ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တိမ်းမှောက်ပြီး လူလေးဦး ပျောက်ဆုံးမှုကြောင့် သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဇွန် ၁၃ ရက် ည ၁၀ နာရီခန့်က စဉ့်အိုးတန်းဆိပ်ကမ်းဘက်မှ တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တစ်စင်း ဇွန် ၁၃ ညပိုင်းက တိမ်းမှောက်ပြီး လူလေးဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ခဲ့သည့် သမ္ဗန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်း၊ ကမာကသွယ်သမ္ဗန်ဆိပ်မှ ဇွန် ၁၃ ရက် ည ၈ နာရီခွဲတွင် ဒလမြို့နယ်ဘက်သို့ စတင် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

“ရန်ကုန်ကနေ ဒလဘက်ကို လာတာ။သူက လမ်းခရီး အလယ်အရောက်မှာ စက်ပျက်သွားတယ်။ စက်ပျက်တော့ သဗ္ဗာန်က မျောပါသွားတယ်။ အဲဒီလို မျောပါရင်း ဒလဘက်ခြမ်း ရောက်ခါနီးမှာ သင်္ဘောတွေ ကပ်ထားတဲ့ နေရာဘေးမှာ ပစ္စည်းတင်တဲ့ တွဲသင်္ဘောတွေ ရှိတယ်။ အဲဒီဟာတွေကို တိုက်ခါနီးအချိန်မှာ သမ္ဗန်မောင်းတဲ့သူက ခုန်ဆင်းသွားတယ်လို့ အဲ့ဒီသမ္ဗန်ပေါ် ပါလာတဲ့သူတစ်ဦးရဲ့ပြောကြားချက်အရ သိရတယ်။ တွဲသင်္ဘောတစ်စင်း အလယ်ကို ဝင်တိုက်မိတာ”ဟု သမ္ဗန်တိမ်းမှောက်မှု၌ ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် ပါဝင်ကူညီပေးနေသည့် ဒလမြို့နယ်ရှိ ဓမ္မပါလ လူမှုကူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိမ်းမှောက်ခဲ့သည့် သမ္ဗန်တွင် သမ္ဗန်မောင်းသူ အပါအဝင် လူဦးရေ ၁၂ ဦး ပါဝင်ကြောင်းသိရပြီး လက်ရှိအချိန်တွင် ရှစ်ဦးအား ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကာ လေးဦးမှာ ည ၁၁ နာရီအထိ ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ရှစ်ဦးတွင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သုံးဦးအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“သမ္ဗန်က ရန်ကုန်ဘက်ကနေ ည ၈ နာရီခွဲလောက်မှာ ထွက်လာတာ။ သမ္ဗန်မောင်းတဲ့သူ အပါအဝင် ၁၂ ဦး ပါတယ်။ လတ်တလောတော့ လေးဦး ပျောက်ဆုံးနေပါတယ်။ ဆက်လက်ပြီးတော့ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေဆဲပါ”ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ဆိပ်ကမ်းမြို့မရဲစခန်းမှ အမှုဖွင့်ရန် ဆက်လက် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent