မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့၊ အင်္ဂပူမြို့၊ စကု၊ စလင်း၊ ဒီးမော့ဆိုမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်တော်မြို့တို့တွင် ဆည်ရေကြီးခြင်း၊ တောင်ကျရေမြင့်တက်ခြင်းနှင့် တာပေါင်ကျိုးခြင်းများ ဖြစ်ပွားပြီး ရွာသားအချို့ ရေစီးနှင့်မျောပါ ပျောက်ဆုံးလျက်ရှိ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့၊ အင်္ဂပူမြို့၊ စကု၊ စလင်း၊ ဒီးမော့ဆိုမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်တော်မြို့တို့တွင် ဆည်ရေကြီးခြင်း၊ တောင်ကျရေမြင့်တက်ခြင်းနှင့် တာပေါင်ကျိုးခြင်းများ ဖြစ်ပွားပြီး ရွာသားအချို့ ရေစီးနှင့်မျောပါ ပျောက်ဆုံးလျက်ရှိ
Published 14 June 2018

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းနှင့် ထူးကြီးကြား လမ်းမကြီးတွင် ရေကျော်နေစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့၊ အင်္ဂပူမြို့၊ စကု၊ စလင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်တော်မြို့၊ ဒီးမော့ဆိုမြို့တို့တွင် ဆည်ရေကြီးခြင်း၊ တောင်ကျရေ မြင့်တက်ခြင်း၊ တာပေါင်ကျိုးခြင်းများ ဖြစ်ပွားပြီး ရွာသားအချို့ ရေစီးနှင့်မျောပါ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

■ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာနှင့် အနီးရွာများမှ လူနေအိမ်နှင့် စာသင်ကျောင်း ရေနစ်မြုပ်

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာနှင့် အနီးရွာများမှ လူနေအိမ်နှင့် စာသင်ကျောင်း ရေနစ်မြုပ်နေကြောင်း သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၉ ရက်မှစ၍ နမ့်ပါတ်င ချောင်းရေမြင့်တက်လာရာ သဝန်ထွက်ဝကျေးရွာနှင့် အနီးကျေးရွာ ခုနစ်ရွာမှ လူနေအိမ်များ ရေနစ်မြုပ်နေပြီး သဝန်ထွက်ဝကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွင်း ရေဝင်ရောက်နေသဖြင့် ယာယီပိတ်ထားရကြောင်း သဝန်ထွက်ဝကျေးရွာမှ သိရသည်။

“ရေက မိုးရွာကတည်းက စတက်လာတာ။ အခုနဲ့ဆိုရင် လေးရက်လောက် ရှိပြီ။ ရေစီးကလည်း သန်တော့ ချောင်းဘေးက အိမ်တချို့ဆိုရင် သိပ်မနေရဲကြတော့ဘူး။ မနေ့ နေ့လယ်က ရေကလျော့တော့ မလိုဖြစ်ပြီး ညနေပိုင်းမှာ မိုးက ပြန်သည်းလာတော့ ရေက ပြန်တက်လာတာ။ အခုချိန်အထိ ဆက်တက်နေတုန်းပဲ။ ကျွန်မတို့ရွာနဲ့အနီးက ရွာတွေအကုန်လုံးပဲ ရေဝင်နေတာ။ အနိမ့်ပိုင်းရွာတွေဆိုရင် ရေမြုပ်နေပြီ။ တပ်ကုန်း၊ ခံပွင့်၊ ပါဝယ်၊ ဖာနိုင်း၊ နောင်ခမ်း၊ ဂွေးတောက်ကုန်း၊ တီလောင် စတဲ့ ရွာတွေနဲ့ ရွာတွေရဲ့အနိမ့်ဘက်ပိုင်းတွေ ရေနစ်ကုန်ပြီ။ စာသင်ကျောင်းဆိုရင် မနေ့က ကလေးတွေ သွားရတာ အရမ်းခက်တာ။ ကျောင်းသွားတဲ့လမ်းက ရေစီးသန်တော့ ကလေးတွေ ရေနစ်မှာလည်း စိုးရတယ်။ တချို့ကလေးတွေကတော့ လှေနဲ့ သွားကြတယ်။ မနေ့ကအထိတော့ ကျောင်းက တက်လက်စနဲ့ဆိုပြီး ဆက်တက်ကြသေးတာ။ စာအုပ်၊ လွယ်အိတ်တစ်ဖက်နဲ့ ရေကိုဖြတ်ရတော့ မနိုင်မနင်းဖြစ်ပြီး တချို့ကလေးတွေဆို သွားကြိုရတာ။ အကြိုအပို့ လုပ်ပေးရတယ်။ ကျောင်းက အထက်တန်းကျောင်း ဆိုတော့ အနီးအနားရွာတွေက ကိုးတန်း၊ ၁၀ တန်း လာတက်တဲ့ ကလေးတွေ ရှိတယ်လေ။ ဒီနေ့တော့ ကျောင်းအောက်ထပ်အထိ ရေဝင်လို့ ကျောင်းပိတ်လိုက်ပြီ”ဟု သဝန်ထွက်ဝကျေးရွာမှ မအေးမြတ်မွန်က ပြောကြားသည်။

■ တောင်ကျချောင်းရေ စံချိန်တင် မြင့်တက်မှုကြောင့် အင်္ဂပူမြို့နယ်၌ မမြချောင်း မြောက်ဘက်ကမ်း တာပေါင်ကျိုးပေါက်ပြီး ကျေးရွာများနှင့် စိုက်ဧကများ ရေကြီးနစ်မြုပ်

တောင်ကျချောင်းရေ စံချိန်တင် မြင့်တက်မှုကြောင့် အင်္ဂပူမြို့နယ်၌ မမြချောင်း မြောက်ဘက်ကမ်း တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားပြီး ကျေးရွာများနှင့် စိုက်ဧကများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ရိုးမတွင် မိုးများသဖြင့် မမြချောင်းရေ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ဇွန် ၁၂ ရက် ည ၈ နာရီက အဆိုပါ တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သိသိချင်း လာတယ်။ ရေခွေခွေဖို့ ရိုက်နေစဉ်အတွင်းမှာပဲ အပေါက်က ကျယ်လာပြီး ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာတယ်။ ကျွန်တော်တို့ လူတွေပါ ရှောင်ဖယ်ပေးလိုက်ရတဲ့ အနေအထား ရှိပါတယ်။ ကတုတ် ရိုက်နေစဉ်အတွင်းမှာပဲ ဖယ်ပေးလိုက်ရတာ။ ဂလိုင်ထဲကို ရုတ်တရက် ဝင်ပြီး ရေပေါက်တို့ ဘာတို့မပြဘဲ အုန်းခနဲ ပြုတ်ကျပြီး တာကျိုးပေါက်မှု ဖြစ်ပွားခဲ့တာပါ။ စိုးရိမ်ရေမှတ်အောက် ရေကျသွားချိန်မှာ ကတုတ်ရိုက်ခြင်း၊ စက်နဲ့ မြေယူပြီး တာပြန်ဖို့ခြင်းလုပ်ငန်း ပြန်လုပ်မှာပါ” ဟု အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူး စိုင်းသန်းဦးက ပြောကြားသည်။

မမြချောင်း မြောက်ဘက်ကမ်းတာ၏ တာမိုင် ဝ။၂+ ၄၅၀ နှင့် ဝ။၂ + ၅၅၀ နှစ်နေရာ၌ တာကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေ့၌ တစ်ရက်တည်း ခြောက်ပေကျော်အထိ ရေတက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တာကျိုးပေါက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး နောက်နေ့တွင် ဒေသခံတစ်ဦး ရေစီး၌ မျောပါ ပျောက်ဆုံးမှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုမနက် မမြချောင်း ရေလာနေချိန်မှာ မန္တလေးကုန်းနဲ့ ဘုရားငုတ်တို ရွာချင်းဆက်လမ်းပေါ်မှာ လယ်သမားကြီးက သူ့လယ်ထဲ ရေဘယ်လောက် ရောက်ပြီလဲ သွားကြည့်တဲ့အခါ တာပေါ်ရေက တအားစီးနေတဲ့အချိန် ရေစီးနောက် မျောပါသွားတယ်။ ကြက်ခြေနီနဲ့ မီးသတ်တို့ကို လှမ်းအကြောင်းကြားတယ်။ သူတို့တွေလည်း လူ ၂၅ ယောက်လောက် ရောက်လာတယ်။ ကျွန်တော်တို့ ဒီက ဆယ်အိမ်မှူး၊ ရာအိမ်မှူးအဖွဲ့တွေနဲ့ ဝိုင်းရှာကြတယ်။ ခုအချိန်ထိတော့ ရှာလို့ မတွေ့သေးဘူး။ နံနက် ၈ နာရီလောက်မှာ ဖြစ်တာ” ဟု ဘုရားငုတ်တို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာနှင့် စာသင်ကျောင်း ရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-မဖေငြိမ်း)

■ ကုလားတန်မြစ်ရေ တက်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့တွင် အနိမ့်ပိုင်း နေထိုင်ကြသူများ ပြောင်းရွှေ့နေကြ

ကုလားတန်မြစ်ရေ တက်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့တွင် အနိမ့်ပိုင်း နေထိုင်သည့် အိမ်တချို့ မြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်များ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

“ဒီမှာက ပုံမှန် ဝင်နေကျပါ။ မိုးရာသီမှာတော့ ပုံမှန်ဝင်နေကျပါ။ အမြင့်ဆုံး စိုးရိမ်ရေမှတ်သည် ၁၆၀၀ စင်တီမီတာ ရှိပါတယ်။ အခုဟာက ၁၂၂၀ စင်တီမီတာ ရှိပါသေးတယ်။ အနိမ့်ပိုင်းတွေပါ ။ အဲဒီလို နေရာတွေက ကျွန်တော်တို့က အိမ်တွေ မဆောက်ပါနဲ့ ပြောတာပေါ့နော်။ ဒါပေမဲ့ မြို့ပြသဘောက အိမ်မြေနေရာတွေ ရှားပါးလာတယ် ။ နိုင်ငံတော်အစိုးရ တာဝန်ရှိဌာနရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်တာတွေပါ။ မိုးကတော့ ဆက်လက်ရွာနေဆဲပါ” ဟု ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြောကြားသည်။

■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် မြို့အချို့မှ ထွက်ခွာမည့် ရေယာဉ်များ ရပ်နားထားရပြီး လေးမြို့မြစ်ရေ လျှံမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ ရေလွှမ်း

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နှင့် မြို့အချို့မှ နံနက်ပိုင်းတွင် ထွက်ခွာမည့် ရေယာဉ်များ ရပ်နားထားရပြီး လေးမြို့မြစ်ရေ လျှံမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းသို့ လေးမြို့မြစ်ရေလျှံမှုသည် ပန်းမြောင်းကြီးချောင်း၊ ဖုန်သာချောင်းတို့မှ စီးလာသော ရေအရှိန်ကြောင့် ရေလျှံလာခြင်းဖြစ်ကာ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်နေပြီး မြစ်နားတစ်လျှောက် ကျေးရွာများတွင်လည်း ထိုသို့ ရေပြည့်လျှံမှုများ ဖြစ်ပေါ်ကြောင်း ဒေသခံများထံမှ သိရသည်။

■ အိုင်းမ ရေလွှဲဆည်တွင် ခြောက်ပေကျော် ရေကျော်လျက်ရှိပြီး စလင်းတမံမှလည်း ရေစတင်ကျော်လာ

မကွေးတိုင်းဒေသကြီး ငဖဲနှင့် မင်းဘူး (စကု) မြို့နယ်တို့ကို ဖြတ်သန်း စီးဆင်းသည့် မန်းချောင်း အထက်ပိုင်းရှိ အိုင်းမ ရေလွှဲဆည်ထိပ်မှ ဇွန် ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် ခြောက်ပေကျော် ရေကျော်လျက်ရှိပြီး စကုမြို့မှ နေအိမ် ရေဝင်ထားသူများ ရေဘေးရှောင် စခန်းများတွင် နေထိုင်ရဆဲ ဖြစ်ကာ စလင်းတမံမှလည်း ရေ စတင်ကျော်သောကြောင့် ချောင်းနံဘေး နေထိုင်သူများ သတိရှိကြရန် နှိုးဆော်ထားကြောင်း ဆည်မြောင်းဌာန တာဝန်ရှိသူများ၊ စကုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်မင်းနှင့် စလင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်တို့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်မှ ၁၃ ရက်အထိ မိုးရက်ဆက် ရွာသွန်းသောကြောင့် ချောင်းအများစုတွင် ကမ်းလုံးပြည့် ရေစီးဆင်းလျက် ရှိကြောင်း၊ မန်းချောင်း၏ အထက်ဘက်ရှိ အိုင်းမ ရေလွှဲဆည်ထိပ်တွင် ဇွန် ၁၀ ရက်က ရေစတင် ကျော်ခဲ့ပြီး ဇွန် ၁၃ ရက်တွင် ၆ ဒသမ ၅၀ ပေအထိ ရေကျော်ခဲ့ကြောင်း၊ ထို့ကြောင့် မန်းချောင်းနံဘေးရှိ စကုမြို့ အနိမ့်ပိုင်းရပ်ကွက်များမှ မိသားစု ၂၀၀ ကျော်၏ နေအိမ်များ ဇွန် ၁၀ ရက် ညပိုင်းမှစ၍ ရေဝင်ရောက်ခဲ့ကြောင်း၊ အိုင်းမ ရေလွှဲဆည်မှ ရေကျော်နေသည့်အပြင် မန်းချောင်းအတွင်း စီးဝင်သည့် အခြားချောင်းလက်တက် များစွာမှလည်း ရေဝင်ရောက်နေသောကြောင့် ရေဘေးရှောင် ပြည်သူများ ဇွန် ၁၃ ရက်အထိ ရေဘေးရှောင် စခန်းများတွင် ခိုလှုံရဆဲဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ စလင်းတမံတွင်လည်း ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ရေပိုလွှဲမှ ၀ ဒသမ ၉ ပေ ရေကျော်လျက် ရှိကြောင်း၊ အဆိုပါ ပမာဏသည် ၂၀၁၁ ခုနှစ် ဂီရိမုန်တိုင်း ဖြစ်ခဲ့စဉ်က ရေပိုလွှဲမှ လျှံကျခဲ့သည့် ၁၃ ဒသမ ၆ ပေနှင့် နှိုင်းစာလျှင် စိုးရိမ်စရာ မရှိကြောင်း၊ သို့သော် စလင်းချောင်း နံဘေးဝဲယာရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် သတိဖြင့် နေထိုင်သင့်ကြောင်း ဆည်မြောင်းဌာန တာဝန်ရှိသူများနှင့် စလင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ထံမှ သိရသည်။

“မန်းတမံကနေ ငါးပေခွဲလောက် ရေပိုလွှဲကနေ ရေကျော်နေပါတယ်။ အဲဒီရေတွေ ရောက်လာလို့ တမံအောက်က ချောင်းရိုးတွေမှာ ရေမတိုးရင်တော့ ကောင်းပါတယ်။ မန်းတမံက ရေမကျော်ခင်ကတည်းက တမံအောက်ဘက်က ဆည်မရှိသေးတဲ့ ပန်းထိမ်း၊ မန်း၊ ပဇီ စတဲ့ချောင်းကြီးတွေ ရှိနေပါသေးတယ်”ဟု အိုင်းမဆည်ထိပ် တာဝန်ခံဦးစီးမှူး ဦးဝင်းဇော်ထွန်းက ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း တောင်ကျချောင်းရေ စီးဆင်းနေသည်ကို တွေ့ရစဉ်

■ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းခြင်းနှင့် မြေပြိုုမှုများကြောင့် ရွာသားတစ်ဦး ချောင်းရေနှင့် မျောပါပျောက်ဆုံး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းခြင်းနှင့် မြေပြိုုမှုများကြောင့် ရွာသားတစ်ဦး ချောင်းရေနှင့် မျောပါ ပျောက်ဆုံးလျက်ရှိကြောင်း ဇွန် ၁၃ ရက်တွင် ကနဦး သတင်းရရှိသည် ။

ဒီးမော့ဆိုမြို့နယ် ဒန်တိုကျေးရွာနေ ရွာသားတစ်ဦးမှာ တောင်ကျရေဖြင့် မျောပါသွားကြောင်း ကျေးရွာနေသူများ သတင်းပေးပို့ချက်အရ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

“မီးသတ်တွေ ကယ်ဆယ်ရေး လုပ်နေပါတယ်။ မိုးက တအားရွာချနေတာ။ တောင်ကျရေကြောင့် လမ်းတွေလည်း ပျက်တယ်။ တောင်ကမ်းပါးယံတွေလည်း ပြိုတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးအတွက် ဝင်ရောက် လုပ်အားပေးသူ တစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ် ထေးထူဖျကျေးရွာတွင်လည်း ခိုင်းကျွဲလေးကောင် သေဆုံးပြီး နှစ်ကောင်မှာ ဖျားနာနေကြောင်း၊ ကျန်ကျွဲနွားများအား ကာကွယ်ဆေးများ ထိုးပေးရန် ညွှန်ကြားကြောင်း မြို့နယ် မွေးမြူရေးကုသရေးဦးစီးဌာနမှ သတင်းရရှိသည် ။

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းသောကြောင့် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာတွင် ဇွန် ၁၂ ရက် နံနက်ပိုင်းမှ စတင်၍ စိုက်ပျိုးပြီ လယ် ၂၀၀ ဧကခန့် ရေကြီးနစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ် ယပ်ခူကျေးရွာရှိ ကျောက်ချောလမ်း တောင်ကမ်းပါးများ ပြိုကျခြင်း၊ လိုဘာခိုကျေးရွာ ယာဒို-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုကား လမ်းမပေါ်တွင် ဓာတ်တိုင်များ လဲကျခြင်း၊ လိုဘာခို တိုက်နယ်ဆေးရုံသွား လမ်းပေါ်တွင် သစ်ပင် ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၃ ရက် ည ၈ နာရီခန့်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့ ဈေးကုန်းရပ်ကွက် ငွေတောင်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်သောကြောင့် ချောင်းဘေးတွင် နေထိုင်သည့် အိမ်ထောင်စု တစ်စုအား ရေဘေးအန္တရာယ် စိုးရိမ်ရ၍ ညတွင်းချင်း ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်းက ကူညီရွှေ့ပြောင်းမှု ဆောင်ရွက်ပေးပြီး ရေအခြေအနေများကို စောင့်ကြည့်နေကြောင်း သိရသည်။

Most Read

Most Recent