ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ နေ့ခင်းကြောင်တောင် ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင်ကို သေနတ်ဖြင့်ပစ်ခတ်၍ အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ နေ့ခင်းကြောင်တောင် ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင်ကို သေနတ်ဖြင့်ပစ်ခတ်၍ အနုကြမ်းစီးသူကို ဖမ်းဆီးရမိ
Published 13 June 2018

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ နေ့ခင်းကြောင်တောင်တွင် ဖြူစင်သန့်ရတနာရွှေဆိုင် အတွင်းဝင်ရောက်ကာ ဆိုင်ရှင်ကို သေနတ်ဖြင့် ပစ်ခတ်၍ အနုကြမ်းစီးသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် စုံစမ်းသိရသည်။

အဆိုပါသေနတ်သမားမှာ ကော့ကရိတ်မြို့နယ် ဆိပ်ဖူးကုန်းကျေးရွာတွင်နေထိုင်သူ အလား(ခ)ကျင်ဦး(ခ) ဆိပ်ဖူးကုန်း(ခ) အောင် ကျင်သိန်းဆိုသူဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပွားစဉ်က သုံးစွဲသည့်သေနတ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဘန်ကောက်မြို့သို့ သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဇွန် ၁၀ ရက်က ရွှေဆိုင်ကို အနုအကြမ်းစီးပြီးနောက် ၎င်းနှင့် ဦးလေးတော်စပ်သူ နေထိုင်သည့်ကျုံဒိုးမြို့နယ်ရှိ ကျေးရွာသို့ သွားရောက်တိမ်းရှောင် နေထိုင်လျက်ရှိစဉ် သေနတ်အပါအဝင် အခြားပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမှုနှင့်စပ်လျဉ်း၍ ဆက်လက်စစ်ဆေးလျက်ကြောင်း သိရသည်။

အထက်ပါ အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဖြူစင်သန့်ရတနာရွှေဆိုင်ရှေ့သို့  Wave ဆိုင်ကယ်တစ်စီးရပ်လာပြီး၊ ဆိုင်ကယ်ပေါ်မှ ဆင်းလာသူတစ်ဦးက မိုးကာကျောပိုး အိတ်အထဲမှ သေနတ်အတိုထုတ်ကာ ဆိုင်အတွင်းရှိ ဒေါ်…(၅၅နှစ်)ကို ချိန်ရွယ်ခဲ့ကြောင်း ထိုသို့ချိန်ရွယ်ပြီးနောက် ရွှေထည်ပစ္စည်းများအား အိတ်အတွင်းသို့ ထည့်ရန်ပြောဆိုခဲ့ကြောင်း၊ ယင်းကြောင့်ဒေါ်…က ငွေကျပ်တစ်သိန်းထုတ် ပေးစဉ်အနုကြမ်းစီးသူ အမျိုးသားက သေနတ်ဖြင့် ပစ်လိုက်သဖြင့် ဒေါ်…၏ ရင်ညွန့်တည့်တည့်သို့ ဖောက်ထွင်းဝင်ရောက်သွားကြောင်း သိရသည်။

ထို့နောက် အနုအကြမ်းစီးသူသေနတ်သမားသည် ရွှေထည်ပစ္စည်းများထည့်ထားသည့် ဘီရိုအနီးသို့ သွားရောက်ပြီး သေနတ်ဖြင့်ချိန်ကာ ရွှေထည်ပစ္စည်းများအား အိတ်အတွင်းသို့ ထည့်ခိုင်းရာ ဒေါ်…နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် ဒေါ်……မှာ သေနတ်ဖြင့် ထပ်မံပစ်ခတ်မည်စိုး၍ မှန်ဘီဒိုနောက်သို့ ထိုင်ချလိုက်စဉ် သေနတ်သမားက ရွှေထည်ပစ္စည်း များအား မယူဆောင်တော့ဘဲ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။ ယင်းကြောင့် ရွှေဆိုင်တွင်းသို့ ဝင်ရောက်ကာ ဒေါ်…ကို ခြိမ်းခြောက်ပြောဆို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား အရေးယူပေးရန် ဒေါ်… ၏ ခင်ပွန်းဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းမှ (ပ)၂၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည့်အမှုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent