၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးအား ဇူလိုင်လလယ်တွင်ပြုလုပ်ရန် အပါအဝင် ဆက်စပ်အစည်းအဝေးများ ပြုလုပ်မည့် အဆိုပြုရက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရထံ တရားဝင်စာပေးပို့

၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးအား ဇူလိုင်လလယ်တွင်ပြုလုပ်ရန် အပါအဝင် ဆက်စပ်အစည်းအဝေးများ ပြုလုပ်မည့် အဆိုပြုရက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရထံ တရားဝင်စာပေးပို့
Published 13 June 2018

ဇွန် ၁၁ ရက်က ထိုင်းနိုင်ငံတွင် ၂၁ ကြိမ်မြောက် PPST အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁  ရာစုပင်လုံ တတိယအစည်းအဝေးအား ဇူလိုင်လလယ်တွင် ပြုလုပ်ရန်အပါအဝင် ဆက်စပ်အစည်းအဝေးများ ပြုလုပ်မည့်အဆို ပြုရက်များကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဇွန် ၁၂ ရက် တွင် တရားဝင်စာဖြင့် ပေးပို့လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့ (PPST)  ၏ (၂၁) ကြိမ်မြောက်အစည်း အဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များကို အစိုးရထံ စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“PPST အစည်းအဝေးကတော့ ပင်လုံကျင်းပမယ့် ရက်ရယ်၊ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပမယ့်ရက်ရယ်၊ UPDJC  အစည်းအဝေး ကျင်းပမယ့်ရက်ရယ်ကိုလာပြီး အဆိုပြုတာပေါ့နော်။ ဒါက EAO တွေရဲ့ အဆိုပြုချက်ပဲ ရှိသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ အဲဒီမှာရတဲ့ သဘောထားတွေကို အစိုးရဘက်ကို တရားဝင်စာနဲ့ ပို့ထားပြီးပြီ” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ထို့ပြင် ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးကို ဇူလိုင်လလယ်တွင် ကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များက အဆိုပြုထားပြီး အဆိုပါညီလာခံတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးစသည့် ခက်ခဲသော ကိစ္စရပ်များ မဆွေးနွေးရန် PPST အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပင်လုံညီလာခံကို ယခုလကုန်ပိုင်းတွင် ကျင်းပရန်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ကနဦးသဘောတူညီထားသော်လည်း ကြားကာလတွင် ပြုလုပ်ဆောင်ရွက်ရမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လုပ်ငန်း ကော်မတီ အစည်းအဝေးများနှင့် UPDJC အစည်းအဝေးများ ကျင်းပရန်အတွက် အချိန်ယူရမည့်ဖြစ်သဖြင့် ဇူလိုင်လလယ်တွင် ကျင်းပရန် EAOs ဘက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပင်လုံညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည့်ရက်များနှင့်ပတ်သက်၍ အစိုးရထံ ပေးပို့ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆုံးဖြတ်ချက်များ အတည်ပြုချက်ရယူရန် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မကြာမီ ထပ်မံတွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်သော သဘောတူညီချက်များ စုပေါင်းရယူရေး၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် နိုင်ငံရေးတိုးတက်မှု ဖြစ်ပေါ်လာမှုကို ပေါ်လွင်စေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကို အထောက်အကူပြုသော သဘောတူညီချက်များ ဖော်ဆောင်ရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို အသုံးပြု၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အမှန်တကယ် အကောင်အထည်မဖော်နိုင်သော သဘောတူညီချက်များ မရရှိအောင်ဆောင်ရွက်ရေးတို့ကိုလည်း (၂၁) ကြိမ်မြောက် PPST အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent