မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားများကျိုးကျခြင်း၊ လမ်းများပျက်စီးပြတ်တောက်ကာ သွားလာရခက်ခဲပြီး လူသေဆုံးမှုအချို့ရှိခဲ့

မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားများကျိုးကျခြင်း၊ လမ်းများပျက်စီးပြတ်တောက်ကာ သွားလာရခက်ခဲပြီး လူသေဆုံးမှုအချို့ရှိခဲ့
Published 13 June 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တောမြောက်ပိုင်းသွားကားလမ်းပိုင်းတချို့ ပျက်စီးနေစဉ်

မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားများကျိုးကျ ပျက်စီးခြင်း၊ နေအိမ်များအတွင်း ရေဝင်ရောက်ခြင်း၊ လမ်းများပျက်စီးပြတ်တောက်ကာ သွားလာရခက်ခဲပြီး လူသေဆုံးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်ပိုအောင်-ဆပ်ကယား ကြိုးတံတားပျက်စီးပြီး ကျေးရွာပေါင်း ၁၀ ရွာခန့် သွားလာရခက်ခဲ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်ပိုအောင်-ဆပ်ကယား ကြိုးတံတားပျက်စီးပြီး ကျေးရွာ ၁၀ ရွာ ခန့်သွားလာရခက်ခဲနေကြောင်း သိရသည်။

နောင်ပိုအောင်-ဆပ်ကယား ကြိုးတံတားသည် နန်ထိန်ကွန်းချောင်းကို ဖြတ်ကူးဆောက်လုပ်ထားပြီး တံတားစတင်ပျက်စီးသည်မှာ သုံးရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ ထိုတံတားသည် ဆပ်ကယားကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိရွာများ အဓိကအားထားနေသော တံတားတစ်ခုဖြစ်သောကြောင့်  သွားလာရေး အခက်အခဲဖြစ်နေကြောင်း ဆပ်ကယားကျေးရွာသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ချောင်းရေကသန်တော့ တိုင်တွေက ကျွတ်ထွက်သွားတာ။ တစ်ဖက်က စောင်းသွားပြီ။ သွားလို့မရတော့ဘူး။ ချောင်းက အရမ်းမကြီးပေမယ့် ရေတိုးရင်ရေစီးကသန်တော့ ဖြတ်လို့မရဘူး။ နောင်ပိုအောင်ဘက်သွားရင် အဲဒီတံတားကနေပဲ ဖြတ်ပြီးသွားရတာ။ တခြားသွားစရာလမ်း၊ တံတားလည်း မရှိတော့ အခုဒုက္ခရောက်နေကြတယ်။ မိုးစရွာကတည်းက ဖြစ်တာပဲ။ ဝိုင်းပြီးပြင်နေကြပေမယ့် ရေကလည်းသန်တော့ လူ ၂၀၊ ၃၀ လောက် ဝိုင်းပြင်နေကြတာ ပြင်နေတာလည်း သုံးရက်ရှိပေမယ့် မိုးကရွာတိုင်တွေ၊ သစ်တွေကရှားဆိုတော့ အခုထိ မပြီးနိုင်သေးဘူး။ နောင်ပိုအောင်ကိုမသွားနိုင်တာ သုံးရက်ရှိပြီ။ ကျွန်မတို့ရွာကဆန်ထွက်တော့ ရွာကဆန်ကိုနောင်ပိုအောင်ကို သွားရောင်း နောင်ပိုအောင်က ဟင်းချက်စရာအစားအသောက်၊ ဆေးဝါး၊ တခြားပစ္စည်းတွေကို နောင်ပိုအောင်မှာ ပြန်ဝယ် အဲဒီလိုလုပ်ကြတာဆိုတော့ အခုကြိုးတံတားပျက်သွားတော့ ကျွန်မတို့ရွာရော အနီးအနားက ရွာတွေပါ ဒုက္ခရောက်နေကြတယ်” ဟု ဆပ်ကယားကျေးရွာသူတစ်ဦးက ပြောကြားသည်။

ဆပ်ကယားကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ရေကျော်၊ မှန်ကင်း၊ နောင်မော်၊ မန်မော်၊ ငေါက်စား စသဖြင့် ကျေးရွာပေါင်း ၁၀ ရွာခန့်သည် ထိုကြိုးတံတားကို အသုံးပြုနေကြပြီး ခိုင်ခံ့သော တံတားဆောက်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ယခုချိန်အထိမရရှိသေးကြောင်း  ဆပ်ကယားကျေးရွာသူတစ်ဦးက ဆက်လက်ပြောကြားသည်။

“တံတားကတော့ ကိုယ်ထူကိုယ်ထရွာကပဲ ဆောက်တဲ့တံတားပါ။ ကိုယ်ထူကိုယ်ထဆိုတော့ ရွာကငွေအင်အားလည်း သိပ်မတတ်နိုင်ဘူးလေ။ တတ်နိုင်သလောက်လေးနဲ့ ဆောက်ရတော့ ခိုင်ခံ့မှု သိပ်မရှိဘူး ထင်တယ်။ မနှစ်ကလည်း ဒီလိုဖြစ်လို့ တစ်ခါပြင် ထားရပြီးပြီ။ စဆောက်တာကတော့ ၂၀၁၆ တုန်းကဆောက်ထားတာ။ ကားတော့သွားလို့ မရဘူး။ ဆိုင်ကယ်နဲ့ သုံးဘီးပဲသွားလို့ရတယ်။ တံတားဆောက်ပေးဖို့ အစိုးရဆီမှာလည်း စာတင်တာပဲ။ စာတင်တော့လည်း ဆောက်ပေးတော့မယ်ဆိုသလိုလိုကြားရပြီး အခုချိန်ထိ မဆောက်ပေးသေးဘူး”ဟု ထိုကျေးရွာသူတစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတွဲမြို့တွင် နေအိမ်များ ရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ - ဝင်းကျော်လှိုင်)

တမူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့

တမူးမြို့တွင် ဇွန် ၁၁ ရက်ညပိုင်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ရေနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ခုမနက်တော့ ရေက ကျသွားပါပြီ။ ကျတယ်ဆိုတာက အပေါ်ပိုင်းတွေက ကျတာ။ ရေဝပ်တဲ့နေရာတွေတော့ မြုပ်တုန်းရပ်ကွက်က ဈေးတန်း ၉၊ ၁၀ ပေါ့။ ဒါ မိုးရာသီ အစ ရှိသေးတယ်။ မိုးများရင် ရေလျှံဦးမှာပဲ။ စစ်တပ်ကုန်း ဂေါက်ကွင်းလမ်းအဆင်းကနေ အောင်တော်မူ အကြားပေါ့။ အာရှလမ်းမကြီးက ပိတ်ထားတော့ ကန်ကြီးလို ဖြစ်နေသလိုဖြစ်နေပြီး ရေဝပ်တော့တာ။ ခန့်မှန်းအိမ်ခြေ ၂၀၀ လောက်ရှိမယ်။ မြို့ထဲက အနိမ့်ပိုင်းတွေလည်း ရေဝင်တာပဲ။ ရေဝင်တော့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွားဖို့ ခက်ခဲတာပေါ့။ ခြင်ကိစ္စ၊ ရေကိစ္စနဲ့ အိမ်သာကိစ္စတွေ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု တမူးမြို့ခံ ကိုအောင်သူချမ်းက ပြောကြားသည်။

တမူးမြို့တွင် မိုးရွာသွန်းမှုကြောင့် ရေနစ်မြုပ်သည့် ဒဏ်ခံစားရသော ရပ်ကွက်များမှာ ဈေးတန်း ၉ ရပ်ကွက်၊ ဈေးတန်း ၁၀ ရပ် ကွက်၊ ဈေးတန်း ၁၁ ရပ်ကွက်၊ မြို့မ ၁၂ ရပ်ကွက်၊ စော်ဘွား ၆ ရပ်ကွက်တို့ ဖြစ်သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။ ရေဘေးသင့်သော ဒေသခံများထံသို့ သောက်ရေသန့်များကိုလည်း လူမှုအဖွဲ့အစည်းမှ ကူညီပေးခဲ့ကြကြောင်း သိရသည်။

“ရေကတော့ ကျသွားပါပြီ။ ရေနုတ်မြောင်းတွေ မကောင်းလို့ အဲဒီလို ဖြစ်တာလေ။ ရေနုတ်မြောင်းတွေ လုပ်ထားပေမယ့်လည်း မိုးကတအားများလို့ ဖြစ်တာပါ။ ရေနှုတ်မြောင်းတွေက မိုးမရွာခင် တစ်ရက်က စက်ကြီးတွေနဲ့ ရေနှုတ်မြောင်းတွေ ဖော်ထားပေမယ့် မိုးများသွားတယ်။ အခုအချိန်အထိ မိုးကမရပ်သေးဘူး။ ရေကတော့ လမ်းပေါ်မှာ မရှိတော့ဘူး။ ကျန်တဲ့နေရာတော့ ကျန်သေးပါတယ်။ ရုံးတောင်မှ ခါးလောက် ရောက်သွားတယ်။ အခုတော့ ကြမ်းပေါ်ပါပြီ။ လူမှုအဖွဲ့အစည်းတွေကလည်း ရေသန့်တွေ လိုက်ဝေပေးနေတယ်” ဟု တမူမြို့ NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မောင်တော မြောက်ပိုင်းသွားကားလမ်းပိုင်းတချို့ ပျက်စီး

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မောင်တောမြောက်ပိုင်းသွား ကားလမ်းပိုင်းတချို့ ပျက်စီးမှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

မောင်တော-ကြိမ်ချောင်းလမ်းပိုင်းတွင် ငါးစားကြူးကျေးရွာနှင့် ဝက်ပိုက်ကျေးရွာကြားတွင် လမ်းပျက်စီးမှုဖြစ်နေပြီး ကြိမ်ချောင်း - တမန်းသားလမ်းပိုင်းတွင် သက်ကိုင်ညာကျေးရွာနှင့် လောင်းဘုတ်ကျေးရွာကြားတွင် လမ်းရေကျော်နေပြီး ကားတစ်စီးဗွက်နစ် နေသည့်အတွက် မော်တော်ကားများသွားလာ၍ မရဖြစ်နေကြောင်းနှင့် ဆက်သွယ်သွားလာ မှု ပြတ်တောက်နေကြောင်း သိရသည်။

သက်ကိုင်ညာကျေးရွာအနီးကားလမ်းတွင် ဗွက်နစ်နေသည့်ကားမှ ကားသမားတစ်ဦးက “လမ်းကတော်တော်ကို ဆိုးတယ်။ ဒီနေရာမှာ ကားဗွက်နစ်နေတာ နှစ်ရက်လောက် ရှိပြီ။ ဆွဲတင်လည်း မရဘူး။ လမ်းက မြေသားတွေကိုဖို့ပြီး လုပ်ထားတော့ လာသမျှ ကားဗွက်နစ်တာပဲ။ အခြေအနေက တော်တော်ကို ဆိုးတယ်” ဟု ပြောကြားသည်။

“အခု ကြိမ်ချောင်း- တမန်းသားသွားလာလို့မရတာ နှစ်ရက်ရှိပါပြီ။ သက်ကိုင်ညာနဲ့ လောင်းဘုတ်ကြားကလမ်းမှာ ရေကျော်နေတယ်။ ကားတစ်စီးကလည်း ဗွက်နစ်နေတော့  လုံးဝကားဖြတ်လို့မရဘူး။ အဲဒီလမ်းမှာ တံတားတစ်စင်းကလည်း လုပ်နေဆဲပဲဖြစ်ပြီးတော့ ရေကျော်ရေခေါင်းကလည်းမပြီးသေးတော့ ကားတွေဖြတ်သွားလို့မရဘူး။ ကျွန်တော်တို့ဒေသခံတွေက သွားလာရခက်နေတယ်။ အခုကျောင်းဖွင့်ရာသီမှာ ဆရာ ဆရာမတွေလည်း ကျောင်းတွေကိုလာနေကြတာမှာ လမ်းမကောင်းလို့ မောင်တောမှာသောင်တင်နေတာ ရှိတယ်။ မိုးကဆက်ရွာနေတော့ သွားဖို့လာဖို့ အဆင်မပြေဘူး” ဟု တမန်းသားကျေးရွာသားတစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းသဖြင့် သံတွဲမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်အချို့မှ ဒေသခံများ ပြောင်းရွှေ့နေရပြီး ကားလမ်းပိုင်းအချို့ ရေကျော်

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သံတွဲမြို့ပေါ် မြေနိမ့်ပိုင်းရပ် ကွက်အချို့မှ ဒေသခံများပြောင်းရွှေ့နေရပြီး ကားလမ်းပိုင်းအချို့ ရေကျော်မှုဖြစ်ပွားကာ ကားများစောင့်ဆိုင်းနေရကြောင်း သိရသည်။

ဇွန် ၁၂ ရက် ညပိုင်းက သံတွဲမြို့ မြို့ပြင်  ရပ်ကွက်အချို့တွင် ချောင်းရေ လေးပေခန့် ဝင်ရောက်လာ ရေပြည့်တက်လာသဖြင့် သံတွဲ မြို့၊ အမှတ် (၄) ရပ်ကွက်၊ ညောင်ပင်ဈေးရွာ၊ တမုတ်ချောင်းရွာတို့တွင် ရေကြီးမှုကြောင့် ကျား ၄၁ ဦး၊ မ ၄၉ ဦး၊ အိမ်ထောင်စု ၂၃ စုအား အမှတ် (၄) ရပ်ကွက် ရွှေဆံတော်ဘုရား ဓမ္မာရုံသို့ ရွှေ့ပြောင်းထားရကြောင်းနှင့် ရွာသားများမှာ တောင်ပေါ်စေတီသို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ မိုးရွာသွန်းမှုများပြားသဖြင့် သံတွဲချောင်းရေမှာ မြင့်တက်နေပြီး ဒွါရာဝတီ တံတားမှာ နစ်မြုပ်လုံးနီးပါးအခြေအနေတွင် ရှိခဲ့ကြောင်း သိရသည်။

“ညတုန်းကတော့ တစ်မြို့လုံးမြုပ်သွားတဲ့ အနေအထားပေါ့၊ အခုတော့ ရေပြန်ကျသွားပြီ၊ ဒါပေမဲ့ ညောင်ပင်ဈေး၊ တမုတ်ချောင်း စတဲ့ရွာတွေကတော့ နှစ်တိုင်းလိုပဲ အများဆုံး မြုပ်တာပေါ့၊ သူတို့ ရွာသားတွေကလည်း ဆံတော်တောင်ဘုရားတောင်ပေါ်ကို ပြောင်း ရွှေ့နေထိုင်ကြရတယ်။ လူမှုအဖွဲ့အစည်းတွေကလည်း ထမင်းထုပ်တွေ လိုက်ပြီး ဝေငှပေးနေကြတာ ရှိတယ်” ဟု သံတွဲမြို့မှ ဦးမြင့်မိုးက ပြောကြားသည်။

အလားတူစွာပင် ဂါယ်လောင်ရွာအနီး အမ်း-တပ်တောင်ကားလမ်း ရေကျော်မှုဖြစ်ပွားနေပြီး ကားများသွားလာ၍ မဆင်မပြေဘဲ ဖြစ်နေကြောင်းနှင့် မဲလက်မောင်းအနီး အမ်း-စစ်တွေ ကားလမ်း ရေကျော်နေသဖြင့် ကားများသွားလာ၍ မရဖြစ်နေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

ဇွန် ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အပြင် ဇွန် ၁၂ ရက်တွင်လည်း မြို့နယ်အချို့တွင် မိုးဆက်လက်ရွာသွန်းနေသဖြင့် တောင်ကျရေများမှာ ကားလမ်းများက ဖြတ်ကျော်နေကြဆဲဖြစ်ရာ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများနှင့် မိသားစုစီးကားများမှာလည်း စောင့်ဆိုင်းသွားလာနေကြရကြောင်း သိရသည်။

“အမ်း-တပ်တောင်အပိုင်းမှာဆိုရင် ဂါယ်လောင်ရွာအနီးမှာ ရေကျော်နေလို့ ကားတွေ သွားလာလို့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်။ တချို့ကားကြီးတွေကတော့ အရဲစွန့်ပြီးဖြတ်ကြတယ်လို့ သိရတယ်။ နောက်ပြီးတော့ အမ်း-စစ်တွေ အပိုင်းမှာဆိုရင် မဲလက်မောင်းတောင်အနီးမှာ ရေတွေကျော်လို့ကားတွေ ပိတ်နေတယ်။ ကားတွေသွားလာလို့မရဘူး။ မိုးကအစပဲ ရှိသေးတယ် ကားလမ်းရေကျော်တာတွေ စတင်ဖြစ်ပေါ်နေပြီ။ လမ်းတွေ ပိုင်းနေပြီဆိုတော့ ခရီးသွားလာရေးအတွက် အတော်လေးအဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။ လမ်းရေကျော်တာကလည်း နှစ် တိုင်းကျော်နေတာဖြစ်ပေမယ့် ရေမကျော်အောင် အခုထိ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်၊ ကုန်စည်ပြတ်တောက်မှုတွေ မဖြစ်ပေါ်အောင် လမ်းတွေ အမြန်ဆုံးသွားလာလို့ရစေချင်တယ်” ဟုလည်း အမ်းမြို့နယ်မှ ကိုမျိုးလွင်က ပြောကြားသည်။

သံတွဲရေကြီးနစ်မြုပ်နေမှု အနေအထားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်လူမှုရေး ဝန်ကြီးဒေါက်တာ ချမ်းသာတို့က ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်စစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်ရှိ ကြိုးတံတားတစ်စင်း ရေကြီးနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ပိုအောင်-ဆပ်ကယား ကြိုးတံတား ပျက်စီးစဉ်

တောင်ကုတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ခုနစ်လုံးနှင့်နေအိမ် ၃၄ လုံး ပျက်စီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတန်းလွဲတိုက်နယ် မြို့တောင်ကျေးရွာတွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အများပိုင်အဆောက်အဦခုနစ်လုံး နှင့်လူနေအိမ်ခြေ ၃၄ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့ အနောက်ဘက် မိုင် ၂၀ ကျော်ခန့်ဝေးသည့် မြို့တောင်ကျေးရွာ အုပ်စု မြို့တောင်ကျေးရွာနှင့် နန်းရာကုန်း ကျေးရွာတွင် ဇွန် ၁၁ ရက် နံနက် ၂ နာရီက လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အဆောင် (၁)၊ အဆောင် (၂)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများနှင့် လူနေအိမ်ခြေ  ၃၄ လုံးပျက်စီးသွားခဲ့ပြီး နန်းရာကုန်းကျေးရွာတွင် ဓမ္မာရုံ၊ အများသောက် သုံးရေလှောင်ကန် အမိုးဆောင်တို့ ပျက်စီးသွားခြင်းဖြစ်ကြောင်း မြို့တောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ဒီနေ့ မနက်ပိုင်း ၂ နာရီလောက်မှာ လေဆင်နှာမောင်းဝင်တိုက်တာပါ။ အပျက်အစီးကတော့ တော်တော်လေး ပျက်စီးသွားတယ်။ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး အဆောက်အဦး၊ ဝန်ထမ်းအိမ်ရာတွေနဲ့ လူနေအိမ်ခြေက  ၃၄ လုံးပျက်စီးသွားတယ်။ နောက်ကျွန်တော်တို့အုပ်စု နန်းရာကုန်းကျေးရွာမှာတော့ ဓမ္မာရုံတစ်ဆောင်နဲ့ အများသောက်သုံးရေလှောင်ကန် အမိုးဆောင်ပျက်စီးသွားပါတယ်” ဟု မြို့တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းညွန့်က ပြောကြားသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်ခြင်းခံရပြီး ပျက်စီးသွားသည့် အများပိုင်အဆောက်အအုံများနှင့် လူနေအိမ်များအား အပျက်အစီးစာရင်းများ ကောက်ယူကာ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်အထိ  ပျက်စီးဆုံးရှုံးမှုများအား အစီရင်ခံတင်ပြသွား မည်ဖြစ်ကြောင်းလည်း တောင်ကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“လေဆင်နှာမောင်းတိုက်လို့ ပျက်စီးသွားတာတွေကိုတော့ စာရင်းပြုစုနေတယ်။ ပြီးရင် သက်ဆိုင်ရာကို တင်ပြသွားမယ်။ ပျက်စီးသွားတာက အများပိုင်အဆောက်အအုံ ခုနစ်လုံး အမိုးလန်ပျက်စီးသွားတယ်။ လူနေ အိမ်တွေကတော့ လုံးဝပျက်စီးသွားတာ လေးလုံး၊ အမိုးအားလုံးပျက်စီးတာက ၁၈ လုံး၊ အမိုးတစ်ပိုင်း တစ်စပျက်စီးတာက ၁၁ လုံး ပျက် စီးသွားတယ်လို့ သိရတယ်” ဟု တောင်ကုတ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီဦးစီးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် လေဘေးသင့်သူများအား မိသားစုဝင်နေအိမ်များတွင် ယာယီနေထိုင်နေကြရပြီး၊ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ  မြို့တောင်ကျေးရွာသို့သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုများလာရောက်စစ်ဆေးပြီး  ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်းနှင့်လက်ရှိ ခမရ (၃၄၆)တပ်ရင်းမှ စစ်သည်များလာရောက်ကာ ပြိုကျပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများ ရှင်းလင်းနေကြကြောင်း  မြို့တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် တောင်ကုတ်-မအီကားလမ်းများရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ကာ စာသင်ကျောင်း အချို့ပိတ်ထားရကြောင်းသိရ

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တောင်ကုတ်-မအီကားလမ်းအချို့တွင် ရေကျော်နေမှု၊ တံတားများ ပျက်စီးနေမှုတို့ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ ကျေးရွာစာသင်ကျောင်းအချို့နှင့် မြို့ပေါ်မြေနိမ့်ပိုင်ရပ်ကွက်အချို့ရှိ စာသင်ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

“တောင်ကုတ်-မအီကားလမ်းအပိုင်းမှာ နေ့လည်ပိုင်းက ကင်းတောင်ကျေးရွာ ကင်းတောင်တံတားအနီးမှာ ရေကျော်နေတဲ့အတွက် ကားတွေပိတ်မိနေတယ်။ ဆားပြင်အုပ်စု ကမာရွာနားက တံတားချဉ်းကပ်လမ်းမှာ လည်းရေတိုက်စားတဲ့အတွက် ကားတွေသွား လို့မရဘူး ဖြစ်နေတယ်။ မိုးအဆက်မပြတ် ရွာနေတော့ တောင်ကျရေတွေက တအားဆင်းလာပြီး ရေကျော်နေတာပေါ့။ ဆားပြင်ရွာဆိုရင် မနေ့ကပဲ ရွာထဲအထိ ရေပြည့်နေတာ ကျောင်းတွေလည်း ပိတ်ထားရတယ်။ ကင်းတောင်ကျေးရွာမှာလည်း ချောင်းရေတွေ ပြည့်လျှံနေတော့ တောင်ကုတ်-မအီကားလမ်းကို ရေကျော်နေတယ်။ အခုထိ လမ်းမှာကားတွေ ပိတ်နေတယ်သွားလို့ မရသေးဘူး” ဟု ကားဒရိုင်ဘာ ကိုဇော်ဇော်က ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့တွင် အခြေခံပညာ
ကျောင်းတစ်ကျောင်းအတွင်း ရေဝင်ရောက်နေစဉ် (ဓာတ်ပုံ -ကိုဇော်ဇော်-တောင်ကုတ်)

သရက်ခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ တံတားတချို့ ပျက်စီး

သရက်ခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမြို့ချောင်းရေကြီးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခြင်းတံတားတချို့ ပျက်စီးခြင်းများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သရက်ခရိုင်အတွင်း သရက်မင်းလှမင်းတုန်း စသောမြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းတချို့ပျက်စီး ခြင်းတံတားအချို့ပျက်စီးခြင်းများ ဖြစ်ပေါ်နေကြပြီး ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“မင်းတုန်းချောင်းရေက မနှစ်ကထပ် တောင်ပိုများတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိအချိန်အထိတော့ ပျက်စီးထိခိုက်တဲ့ သတင်းမျိုးတွေတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ မင်းတုန်းကနေ မကွေးကိုသွားတဲ့လမ်း ပိုင်းမင်းဘူးမြို့နယ် အပိုင်ပဒါန်း-မင်းဘူးကားလမ်း လေးပင်ချောင်းရေကျမှုကြောင့် အဝေးပြေးကားတွေကော အိမ်စီးကားတွေပါတစ် နေကုန်ပိတ်မိနေတယ်။ အခုညနေပိုင်းအထိ ကားလေးတွေ ဖြတ်ကူးလို့ မရသေးပါဘူး” ဟု မင်းတုန်းမြို့နယ်တိုင်းလွှတ်တော်အမတ် ဦးအေးလှိုင်ဦးက ပြောကြားသည်။

“မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းလှမြို့နယ် ဘန့်ပြင်ရွာရေကြည်ချောင်းကမ်းပါပြိုမှုကြောင့် နေအိမ်နှစ်လုံးပြောင်းရွှေ့ ထားရပါတယ်။ နောက်မြို့မင်းလှမြို့နယ်ထဲမှာရှိတဲ့ လယ်လျားရှည်ကြိုးတံတားက ချောင်းရေလွှမ်းခံနေရတယ်။ ဒီထက်ရေပိုများလာရင် ပျက်စီးနိုင်ခြေရှိတယ်။ လောလောဆယ်တော့ ဒေသခံတွေဖြတ်သန်းလို့မရတဲ့ အခြေအနေပါ။ ဒီတံတားကတောင်ပေါ်ရွာတွေနဲ့ ဆက်သွယ်ထားတဲ့တံတားပါ။ ကျောင်းသားတွေလည်း အသုံးပြုနေရတဲ့တံတားပါ။ နောက်တစ်ခုက ရှမ်းတပ်ရွာတံတားပေါ့ ဒီတံတားလည်း နောက်ထပ်မိုးနည်းနည်းများလာ ရင်ပျက်စီးနိုင်တဲ့ အခြေအနေတွေရှိပါတယ်” ဟု မင်းလှမြို့နယ်ဒေသခံ ကိုကျော်သူရက ပြောကြားသည်။

အလားတူမိုးရွာသွန်းမှုကြောင့် သရက် မင်းလှလမ်းပိုင်းတစ်နေရာ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် သရက်ခရိုင်အတွင်း ဒေသခံများ မိုးဆက်လက်ရွာသွန်းမြို့သဘာဝဘေး အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပေါင်းတည်မြို့ပေါ် ရပ်ကွက်များ အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)

မင်းဘူး(စကု)မြို့တွင် မန်းချောင်းနှင့် နွားကူးချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းငါးခု၌ လူဦးရေ ၁၀၀၀ နီးပါးခိုလှုံနေရပြီး တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့တွင် မန်းချောင်းနှင့် နွားကူးချောင်းရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းငါးခု၌ လူဦးရေ ၁၀၀၀ နီးပါးခိုလှုံနေရပြီး ဇွန် ၁၁ ရက်က တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း စကုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောကြားသည်။

ဇွန် ၁၀ ရက် ညနေပိုင်းမှစ၍ မန်းချောင်းရေများ မြင့်တက်လာကာ ကမ်းလုံးပြည့်စီးဆင်းခဲ့ကြောင်း၊ ချောင်းရေဝင်ရောက်မှုကြောင့် စကုမြို့ အမှတ် (၁)နှင့် အမှတ် (၃) ရပ်ကွက်များအတွင်းမှ အိမ်ထောင်စု ၂၄၀ ခန့်သည် နီးစပ်ရာရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေကြရကြောင်း၊ ဇွန် ၁၁ ရက် က စကုမြို့ အမှတ် (၃)ရပ်ကွက် ရွှေပေါက်ကန်ရပ်မှ အသက်တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးသည် မိခင်အိပ်ပျော်၍ ဖခင်ကအပြင်သို့သွားစဉ် နေအိမ်အောက်သို့ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း ဦးကြည်မင်းထံမှ သိရသည်။

ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ စကုမြို့သို့ မင်းဘူးမြို့ဘက်မှ အဝင်ကားလမ်း၏ မိုင်တိုင်အမှတ် ၇ နှင့် ၈ အကြားတွင် နွားကူးချောင်းမှ ရေကျော်နေသောကြောင့် ကားနှင့် ဆိုင်ကယ်များ အန္တရာယ်မဖြစ်စေရန် ကြက်ခြေနီ၊ မီးသတ်၊ ထွေအုပ်နှင့် တပ်မတော်သားများက ကူညီပေးလျက်ရှိကြောင်း၊ ယင်းနေရာတွင် ဇွန် ၁၁ ရက်က လယ်ယာသုံးယန္တရား တစ်စီးတင်ဆောင်လာသည့် ဆယ်ဘီးကား တစ်စီးသဲနစ်ခဲ့ပြီး ဇွန် ၁၂ ရက်အထိ မဆယ်ထုတ်နိုင်သေးကြောင်း၊ နွားကူးချောင်းမှရေများ စကုမြို့ဆေးရုံသို့ ဝင်ရောက်မည်ကို စိုးရိမ်သောကြောင့် လူနာများအား အမြင့်ပိုင်း ဆေးရုံအဆောင်သစ်များသို့ ပြောင်းရွှေ့ထားခဲ့ရကြောင်း၊ ဇွန် ၁၂ ရက်အထိ ရေဘေးသင့်ပြည်သူများသည် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

“အမှတ် (၃) ရပ်က ရွှေပေါက်ကန်ရပ်မှာ အမေဖြစ်သူက အိပ်ပျော်နေတုန်း၊ အဖေက နေအိမ်ရဲ့အပြင်ဘက်ကို ရောက်ရှိနေတုန်းမှာ ကလေးက တစ်နှစ်သားကျော်ကျော် လေးဆိုတော့ လေးဖက်ထောက်သွားရင်းနဲ့ ပြုတ်ကျပြီး ရေနစ်သေသွားတဲ့သဘောပါ” ဟု ဦးကြည်မင်းက ပြောကြားသည်။

ဦးကြည်မင်းက ဆက်လက်၍ “ရေဘေး ရှောင်ပြည်သူတွေအတွက် ကျွန်တော်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးတွေရယ်၊ ဂေါ်ဆွမ်း ဆွမ်းလောင်းအသင်းရယ် ပူးပေါင်းပြီး မနေ့ (ဇွန် ၁၁ ရက်)က အစားအသောက်အတွက် ထမင်းဟင်း စီမံဆောင်ရွက်ပေးပါတယ်။ နောက်တစ်ချက်က ဒီနေ့ (ဇွန် ၁၂ ရက်)မှာ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးဦး စီးဌာနကနေပြီး ရေမျောသွားတဲ့ နေအိမ်ခြောက်လုံးအတွက် တစ်အိမ်ကိုကျပ်တစ် သိန်းနှုန်း၊ နောက်ဆန်ဖိုးအဖြစ် လူ ၁၈ ဦး အတွက် သီးခြား တစ်ဦးကိုကျပ် ၂၁၀၀ နှုန်း ပံ့ပိုးပေးထားပါတယ်။ မနေ့က သေဆုံးခဲ့တဲ့ ကလေးငယ်အတွက်လည်း သဘာဝဘေးစီမံ ခန့်ခွဲရေးကနေ ကျပ်သုံးသိန်း ထောက်ပံ့ပေးထားပါတယ်” ဟု ပြောကြားသည်။

စကုမြို့ သကျမဉ္ဇူဘုရားရေဘေး ရှောင်စခန်းတွင် ခိုလှုံနေသည့် အမှတ် (၁) ရပ်မှ ဒေါ်သန်းဌေးက “အန်တီ့အိမ်က လက် ခုပ်တစ်ဖောင်လွတ်တဲ့ အိမ်တောင်မှပဲ ရေက ကြမ်းရောက်ဖို့ တစ်ထွာလောက်ပဲ လိုတယ်။ ပစ္စည်းတွေလည်း အကုန်ပါသွားပြီ။ နေစရာ မရှိတော့ တစ်ရပ်ကွက်လုံးက ဒီဘုရားပေါ်မှာ ခိုလှုံနေရပါတယ်။ သူများပေးလှူတာ လေးတွေပဲ မျှော်ပြီးစားနေရတဲ့ အခြေအနေပါ။ ကိုယ့်အိမ်ကို ပြန်ချင်တော့လည်း အခုလောလောဆယ် ပြန်လို့မရသေးဘူး။ ဘာပြုလဲဆို ရေကမလျော့သေးဘူး။ အဒေါ်ကြီး တို့အိမ်ဆို ရေက ခါးလောက်အထိ ကျန်သေးတယ်” ဟု ပြောကြားသည်။

ဇွန် ၁၂ ရက်မှစ၍ မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်ထိပ်တွင် ရေကြီးရေ အမှတ်အောက် ပြန်လည်ကျဆင်းလာပြီး စကုမြို့ပေါ်ရှိ ရေဝင်ရောက်နေသော နေအိမ်များတွင်လည်း ရေပြန်လည်ကျဆင်းလာကြောင်း သိရသည်။

မင်းဘူး(စကု)မြို့အဝင် ကားလမ်းတွင် နွားကူးချောင်းမှ ရေကျော်နေစဉ်
(ဓာတ်ပုံ-အောင်သူငြိမ်း)

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉  ရက်မှ ၁၂ ရက်အထိ မိုးရက်ဆက်ရွာသွန်းမှုကြောင့် ချောင်းအများစုတွင် ရေပြည့်ရေလျှံ စီးဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ကျေးရွာချင်း ဆက်လမ်းများအပါအဝင် ကားလမ်းအများစုတွင် ရေကျော်ခြင်း၊ ရေကျော်များတွင် ချောင်းရေကျော်ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးများလွန်းမှုကြောင့် မကွေးမြို့နှင့် မင်းဘူးမြို့ပေါ်တွင် သက်တမ်းရင့်သစ်ပင်ကြီးများ ပြိုလဲကာ လူ၊ ကားနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မုန်းချောင်းနှင့် မန်းချောင်းများတစ်လျှောက်ရှိ ဆည်တမံကြီးများတွင် ရေအလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ဒေသခံများနှင့် ဆည်မြောင်းဌာန တာဝန်ရှိသူများထံမှ သိရသည်။

 

ပေါင်းတည်မြို့ ရန်ကုန်-ပြည် ကားလမ်း အရှည်တစ်မိုင်နီးပါးခန့် ရေကျော်နစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၀၀ ကျော် ရေလွှမ်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့ ရန်ကုန်-ပြည်ကားလမ်း အရှည်တစ်မိုင်နီးပါးခန့် ရေကျော်နစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၀၀ ကျော်ရေလွှမ်းမိုးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရေလွှမ်းမိုးမှာ ဇွန် ၁၁ ရက်က စတင်ခဲ့ပြီး ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပြည်ကားလမ်းမပိုင်းတွင် ကားလေးများ ဖြတ်သန်းမှုခက်ခဲခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် ကားလမ်းပေါ်၌ ရေအနည်းငယ် ပြန်လည်ကျဆင်းခဲ့သော်လည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆက်လက် ရေလွှမ်းမိုးလျက်ရှိနေသေးကြောင်း ဒေသခံများက ပြောကြားသည်။

“အခြေအနေကတော့ ကျေးရွာ ၂၀၀ ကျော်မှာ ၂၀၀ လောက်မြုပ်ပါတယ်။ မြို့ပေါ်က ကျွန်တော်တို့ ၃၈ လမ်းဆို ညက ရေတွေမြုပ်တယ်။ တစ်ခါမှ အဲဒီလိုမဖြစ်ဖူးဘူး။ အိမ်ထဲကို ရေဝင်တဲ့အထိ ဖြစ်တယ်။ တစ်မြို့လုံး တစ်ကွင်းလုံး နစ်တယ်။ နွေစပါးတွေကော မိုးစပါးတစ်တန်ကြဲတွေကော။ ချက်ချင်းစာရင်းကောက်လို့မရဘူး။ တစ်ကွင်းလုံးနစ်နေတဲ့ အနေအထားဆိုတော့ ပြန်ပေါ်လာမှပဲ ဘာတွေကတော့ ပျက်စီးဆုံး ရှုံးတယ်ဆိုတာမျိုး သိရမယ်။ ရုံးမှာအစည်း အဝေးလည်း ခေါ်ထားပါတယ်” ဟု ပေါင်းတည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ကို ဦးထွန်းထွန်းဦးက ပြောကြားသည်။

ပျက်စီးဆုံးရှုံးမှုများအား စာရင်းကောက်ယူနိုင်ခြင်းမရှိသေးဘဲ စာသင်ကျောင်းအချို့အားလည်း တရားဝင်ပိတ်ထားခြင်းမရှိသော်လည်း ရေကြီးနစ်မြုပ်နေသည့်အတွက် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မင်းဘူး(စကု)မြို့အဝင် ကားလမ်းတွင် နွားကူးချောင်းမှ ရေကျော်နေစဉ်
(ဓာတ်ပုံ-အောင်သူငြိမ်း)

“မနက် ၅ နာရီလောက်ကနေစပြီး ရေက တအားထိုးတက်လာတာ။ ကျွန်တော်တို့ စစချင်း ဒီတာလမ်းကို ဘယ်တုန်းကမှရေ မကျော်ခဲ့ဘူး။ ရေတွေက တဝုန်းဝုန်းနဲ့ဆင်းလာပြီး ကားတွေကို လမ်းကြောင်းရှင်းဖို့ မနက်ကတည်းက လုပ်နေတယ်။ ပြီးမှ မီးသတ်ရဲဘော်တွေရောက်လာပြီး ရှင်းနေတယ်။ ကျေးရွာအကုန်လုံး နစ်နေပြီ။ မြို့ပေါ်ရပ်ကွက်အချို့နေရာတွေဆို ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးကုန်တယ်။ တခြားမြို့က ကယ်ဆယ်ရေးတွေကိုလည်း လာပြီးအကူအညီပေးဖို့ ပြောထားတယ်။ အခုကအကုန် ရွှေ့ထားရတယ်။ ပိုးမွှားတိရစ္ဆာန်တွေတက်လာတယ်။ မြွေတွေပါပါတယ်။ ဒီနေ့ ထမင်းစားဖို့ခက်သွားပြီ။ ချက်ဖို့နေနေသာသာ အလုအယက် ထွက်ပြေးနေရတယ်” ဟု ပေါင်းတည်မြို့ဒေသခံ ဦးချစ်ကိုက ပြောကြားသည်။

မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအချို့တွင်  လူနှင့် အိမ်မွေးတိရစ္ဆာန်များအား ရေလွတ်ရာသို့ ရွှေ့ပြောင်းနေကြပြီး လတ်တလောတွင် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိနေကြောင်း၊ ဒေသအနှံ့တွင် ရေကြီးနေခြင်းကြောင့် ကူညီကယ်ဆယ်နိုင်ခြေလည်းနည်းပါးကြောင်း ဒေသခံများက ပြောကြားသည်။

 

Most Read

Most Recent