စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစုံစိုက်ခင်း ဧက ၇၀၀၀၀ နီးပါး ရေကြီးနစ်မြုပ်ဟု တိုင်းလယ်/ဆည်ဝန်ကြီး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစုံစိုက်ခင်း ဧက ၇၀၀၀၀ နီးပါး ရေကြီးနစ်မြုပ်ဟု တိုင်းလယ်/ဆည်ဝန်ကြီး ပြောကြား
Published 13 June 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရေနစ်မြုပ်နေသော သီးနှံစိုက်ခင်း အချို့ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်းမှ ဇွန် ၁၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစုံစိုက်ခင်း ဧက ၇၀၀၀၀ နီးပါး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

ထို့ပြင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများရှိကြောင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အတွင်းက သီးနှံများသည် အများဆုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုတစ်လော ရေမြုပ်တာက ဧကခုနစ်သောင်းနီးပါးပါ။ ရေမြုပ်တာကနေ ပြန်ပေါ်တာက ခြောက်သောင်း နီးပါးပါ။ ထိခိုက်တာကလည်း ခြောက်သောင်းကျော်ရှိတယ်။ လုံးဝပျက်စီးတာကတော့ ၉၃၇ ဧကရှိတယ်။ ထိခိုက်တဲ့ သီးနှံစုံစိုက်ခင်း တွေကတော့ နောက်ထပ်လည်း ပျက်စီးဖို့ ရှိနေတယ်။ မိုးကလည်း ဆက်တိုက်ရွာနေတယ်။ အခြေအနေကတော့ ပြောင်းလဲမယ့် သဘောရှိတယ်။ အဓိက ပျက်စီးတာကတော့ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲက များတယ်။ အခြား မြို့နယ်တွေက ဖြစ်တော့ဖြစ်တယ်။ သိပ်ပြီးတော့ များများစားစား မရှိဘူး” ဟု ဦးကမ်ဇာမုံက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့ နယ်အချို့တွင် ရေကြီးရေလျှံမှု အချို့ရှိကြောင်း၊ တမူးမြို့တွင် ရွှေ့ပြောင်းရသည့် လူနေအိမ် နှစ်လုံးရှိကြောင်း၊ အခြားသီးနှံစိုက်ခင်း အများအပြား ရေကြီးနစ်မြုပ်ခဲ့ကြောင်း၊ ရေကြီးမှုကြောင့် ကမ်းပြိုမှုများလည်းရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

“တမူးမှာတော့ အရေးပေါ် လူနေအိမ်နှစ်လုံး ပြောင်းရွှေ့ရတယ်။ အခြားမြို့နယ် တွေမှာတော့ ကယ်ဆယ်ရေး လုပ်ရမယ့် အနေအထားအထိ မရှိသေးဘူး။ သီးနှံတွေကတော့ အတော်ရေကြီး နစ်မြုပ်တယ်။ မိုးက ဆက်တိုက်ရွာနေတော့ ကမ်းပါးပြိုတာတွေတော့ရှိတယ်။ ကနီမြို့နယ်မှာတော့ ဆည်ကျိုးတော့ သီးနှံတွေ ရေနစ်မြုပ်တယ်။ ဒီပဲယင်းမြို့နယ်မှာကော ဝက်လက်မြို့နယ်မှာကော သီးနှံတွေ ရေနစ်မြုပ်တာတော့ရှိတယ်။ ထူးတာကတော့ ကျွန်တော်တို့လည်း မကြားမိသေးဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးဆက်လက် ရွာသွန်းနေမှုကြောင့် ရေကြီးပြီး သီးနှံစုံစိုက်ခင်းများ ရေနစ်မြုပ်မှု ဖြစ်ပွားနေသည့် မြို့နယ်များသည် စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ကောလင်းမြို့နယ်၊ ဒီပဲယင်းမြို့ စသည့်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent