ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းမည့်ကော်မရှင်သည် အုပ်ချုပ်ရေးပိုင်းအထိ စစ်ဆေးနိုင်မည့် အခြေအနေရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် တရားရေးအာဏာကို နိုင်ငံခြားအဖွဲ့အစည်း တစ်ခုကို အပ်နှင်းလိုက်ကဲ့သို့ ဖြစ်နေမည်ကို သတိပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းမည့်ကော်မရှင်သည် အုပ်ချုပ်ရေးပိုင်းအထိ စစ်ဆေးနိုင်မည့် အခြေအနေရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် တရားရေးအာဏာကို နိုင်ငံခြားအဖွဲ့အစည်း တစ်ခုကို အပ်နှင်းလိုက်ကဲ့သို့ ဖြစ်နေမည်ကို သတိပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 11 June 2018

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုးမြင့်အောင် ဆွေးနွေးနေစဉ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းမည့်ကော်မရှင်သည် အုပ်ချုပ်ရေးပိုင်းအထိ စစ်ဆေးနိုင်မည့် အခြေအနေရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် တရားရေးဆိုင်ရာ အချုပ်အခြာအာဏာကို နိုင်ငံခြားအဖွဲ့အစည်း တစ်ခုကို အပ်နှင်းလိုက်ကဲ့သို့ ဖြစ်နေမည်ကို သတိပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ထောက်ပြ ဆွေးနွေးခဲ့သည်။

မိုင်းပန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် ''နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး အပါအဝင် အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းနည်းလမ်း နှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစား ယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း'' အရေးကြီးအဆိုကို ဇွန် ၁၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ၎င်းက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

''အဖွဲ့ဝင်သုံးဦး ပါဝင်ဖွဲ့စည်းမည့် စစ်ဆေးရေးကော်မရှင်မှာ နိုင်ငံတကာပုဂ္ဂိုလ်တစ်ဦး ပါဝင်မှုဆိုတာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ စိစစ်ကြည့်ရန် လိုအပ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄ မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ အုပ်ချုပ်ရေးပိုင်းအထိ ယခုဖွဲ့စည်းသော ကော်မရှင်က စစ်ဆေးနိုင်မယ့် အခြေအနေရှိတဲ့အတွက် နိုင်ငံတော်သားများထံမှ ဆင်းသက်လာသော ကော်မရှင် မဟုတ်ဘဲ နိုင်ငံခြားသားထံမှ ဆင်းသာလာသော ကော်မရှင်ဖြစ်လာမည်ကို သတိပြုရမည် ဖြစ်သောကြောင့် နိုင်ငံတကာပုဂ္ဂိုလ် ပါဝင်သာ စစ်ဆေးရေး ကော်မရှင်ဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ပထမဦးစွာ တွေ့ရပါတယ်။ ယင်းကော်မရှင်ဟာ မြန်မာနိုင်ငံသားများကို ခေါ်ယူခြင်း တွေ့ဆုံခြင်း မေးမြန်းခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသား တစ်ဦးဦးကို ဥပဒေရဲ့ ခွင့်ပြုချက်မှတစ်ပါး မည်သူကမှ မေးမြန်းပိုင်ခွင့် မရှိပါဘူး။ ၎င်းအာဏာမှာ တရားရေးအာဏာသာ ဖြစ်ပါတယ်။ တရားရေး အာဏာကို ကော်မရှင်သို့ ပေးအပ်ပါက မြန်မာနိုင်ငံရဲ့ တရားရေးဆိုင်ရာ အချုပ်အခြာအာဏာကို နိုင်ငံခြား အဖွဲ့အစည်းတစ်ခုကို အပ်နှင်းလိုက်သလို ဖြစ်နေမှာ သတိပြုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ Sovereign Decision ကို နိုင်ငံခြားသားက ချမှတ်ပါက မမျှော်လင့်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကျွန်တော်တို့ ပြည်နယ်တစ်ခုရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကျိုးပေါက်သွားနိုင်သကဲ့သို့ နိုင်ငံတော်ရဲ့ အချုပ်အခြာကိုပါ ထိပါး စွက်ဖက်လာနိုင်တာကိုပါ သတိပြုရမှာ ဖြစ်ပါတယ်"ဟု ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင် က ပြောကြားသည်။

ထို့ပြင် အာဆာအကြမ်းဖက်မှု ကာလနောက်ပိုင်းအား စုံစမ်းမယ်ဆိုသည့်အတွက် ၎င်းကာလသည် ဒေသတွင်း တည်ငြိမ်းအေးချမ်းမှု မရှိချိန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားနေချိန်၊ ဒေသခံ ပြည်သူများ စိုးရိမ်ကြောက်လန့်ပြီး တစ်ဦးနှင့်တစ်ဦး၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး နာကျင်ခံစားပြီး သံသယကြီးနေချိန် ဖြစ်ကြောင်း၊ အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြသည့် ဒေသခံပြည်သူများဖြင့် ဒေသတွင်း တည်ငြိမ်ရေး၊ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး၊ အချုပ်အခြာအာဏာ ထပ်မံမဆုံးရှုံးရေး၊ ပြည်သူလူထု အိုးအိမ်စည်းစိမ် ထပ်မံမထိခိုက်စေရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အဓိကထား လုပ်ဆောင်နေချိန် ကာလဖြစ်၍ ၎င်းကာလကို နိုင်ငံခြားသား ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သမိုင်းနောက်ခံ အခြေအနေမသိ၊ ဒေသခံများ၏ ခံစားနေရသည့် ဒုက္ခကိုမသိဘဲ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ်များဖြင့် သုံးသပ် စစ်ဆေးလာမည်ဆိုပါက နိုင်ငံတော်အစိုး၏ ပုံရိပ်ကို ထိခိုက်လာနိုင်သည်ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ဆွေးနွေးသည်။

''မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို မြန်မာနိုင်ငံသားများကသာ ကွပ်ကဲစီရင်ပိုင်ခွင့် ရှိပြီးတော့ ပြည်ပနိုင်ငံသားများ ပါဝင်စေခြင်းဟာ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို မိမိကိုယ်တိုင် ကြိုဆိုနေသလို ဖြစ်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မြန်မာအစိုးရကသာ အုပ်ချုပ်နေတာဖြစ်ပြီးတော့ UN က လာရောက် အုပ်ချုပ်နေတာ မဟုတ်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်''ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသော်အေး ကပြောကြားသည်။

ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားသည့် မဲရလဒ်အား တွေ့ရစဉ်

ယခုကဲ့သို့ နောက်ကြောင်းပြန် ဆောင်ရွက်ခြင်းသည် ကျယ်ပြန့် နက်ရှိုင်းပြီး ပြည်ပ ပယောဂများ အဖျက်အမှောင့်များ မတည်ငြိမ်မှုများ စသည့် ကဏ္ဍပေါင်းစုံမှ ဆက်နွှယ်လာနိုင်သည်ကို သတိပေး ဆွေးနွေးလိုကြောင်း၊ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအကျိုးကို ထည့်သွင်းမစဉ်းစားဘဲ လူ့အခွင့်အရေးကို ဇောင်းပေးကာ ဒေသခံ တိုင်းရင်းသားများ၏အရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့ဖြစ်စေချင်သည့် အကြောင်းအရာများကိုသာ စစ်ဆေး ဖော်ထုတ်လာပါက ပြည်တွင်းရေး ပြဿနာကို တရားနည်းလမ်းကျ ဖြေရှင်းရာမရောက်ဘဲ နိုင်ငံတကာသို့ ကျယ်ပြန့်စွာ လှုံ့ဆော်ဖန်တီးမှုမျိုး ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံခြားသား ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်အစိုးရ အနေဖြင့် နက်နက်နဲနဲ စဉ်းစားသင့်ကြောင်း၊ ပြဿနာများကို ပိုမို ကျယ်ပြန့်စေခြင်း၊ အခြေအနေ ပိုမိုရှုပ်ထွေး ဆိုးရွားသွားစေခြင်း မရှိစေရန်နှင့် တစ်ဖက်နှင့် တစ်ဖက် အမုန်းတရားများ မဖြစ်ပေါ်စေရေး ထိန်းသိမ်းရန်မှာ ပြည်ထောင်စုအစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောကြားသည်။

''လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အခြေခံကျကျ စဉ်းစားပြီး အစိုးရရဲ့ အခွင့်အာဏာအတွင်းမှ နိုင်ငံတော်နဲ့နိုင်ငံသားများ၊ ဒေသခံ တိုင်းရင်းသားများရဲ့ မွေးရာပါ အခွင့်အရေးများနဲ့ အကျိုးစီးပွားကို ရှေးရှုသော ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စဟာ မြန်မာပထဝီဝင် အနေအထားအရ နိုင်ငံခြားသားများနဲ့ ဖြေရှင်းရမယ့်ကိစ္စ မဟုတ်ဘဲ မိမိနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ရင်း စေတနာအမှန်နဲ့ ဆောင်ရွက်လိုသူများ၊ မြန်မာနိုင်ငံ အတိတ်သမိုင်းကြောင်းကို သိရှိလက်ခံနိုင်သည့် မိမိနိုင်ငံသား အသိပညာရှင်များ၊ အတက်ပညာရှင်များနဲ့သာ ဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာရှိတဲ့ ပညာရှင်နိုင်ငံသားများနဲ့သာ ပါဝင်ဖွဲ့စည်းသော ကော်မရှင်တစ်ခုကို ပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ ဖွဲ့စည်းဆောင်ရွက်သင့်ပါတယ်။ ထိုသို့ ကော်မရှင် ဖွဲ့စည်းသောကိစ္စဟာ နိုင်ငံတော်အတွက် အထူးအရေးကြီးပြီး အတိမ်းအစောင်း မခံသည့်ကိစ္စဖြစ်၍ လုပ်ဆောင်မှု နည်းလမ်းမှားယွင်းခဲ့ရင် ဒေသခံ ပြည်သူလူထုများ ထိခိုက်နစ်နာပြီး မလိုလားအပ်သော ပြဿနာများ နစ်နာဆုံးရှုံးမှုများ နက်ရှိုင်းစွာ ဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတော်ရဲ့ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားများကို ထိခိုက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော လွှတ်တော် ကိုယ်စားလှယ်များတို့ရဲ့ အတည်ပြုချက်ရယူပြီး အထူးဂရုပြု ဆောင်ရွက်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်''ဟု ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံကို စေလွှတ်ရန် ၂၀၁၇ ခုနှစ် မတ် ၂၄ ရက်တွင် မဲခွဲမှု မလုပ်ဘဲ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအပေါ် R2P ဆောင်ရွက်ရန် တွန်းအားပေးမှုများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာ တက္ကသိုလ်ကောလိပ်များတွင် ဘွဲ့လွန်စာတမ်းများ ပြုစုခြင်းတို့ကိုပါ အချိန်ကိုက် ဆောင်ရွက်လာကြကြောင်း၊ ကိုဖီအာနန် ကော်မရှင်သည် အကြံပေးရန်ဟု ဆိုခဲ့သော်လည်း ဖွဲ့စည်းဆောင်ရွက်ပြီးသည့်နောက်တွင် ကော်မရှင်၏ အကြံပြုချက်များကို UN တွင် တင်ပြခဲ့ပြီး တရားဝင်အတည်ဖြစ်ကာ ယခုအခါတွင် ရခိုင်အရေး လမ်းပြမြေပုံအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်သည် ကိုဖီအာနန် ကော်မရှင်ဆိုသည့် နိုင်ငံခြားသားများ ပါဝင်လာသည့် အကျိုးဆက်ဖြစ်ပြီး မိအေးနှစ်ခါနာ သာမက ၁၀ ခါမကနာသည့်အဖြစ်သို့ ရောက်နေကာ မိမိနိုင်ငံသူ၊ နိုင်ငံသားများကိုလည်း မယုံကြည်ရာ ရောက်ကြောင်း ဒုတိယဗိုလ်မှူးကြီး မင်းသော်အေး ကပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသည့် ပြဋ္ဌာန်းချက်များ၊ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ဥပဒေအရ စည်းနှောင်မှု မရှိသည့် ကုလသမဂ္ဂ၏ တိုက်တွန်း အကြံပြုချက်များကို အလုံးစုံလိုက်နာ ဆောင်ရွက်ရန်မလိုဘဲ မိမိနိုင်ငံ၏ အခြေအနေအရ ဆောင်ရွက်သင့်သည်များကိုသာ ဆောင်ရွက်ရန်ဖြစ်ပြီး မဆောင်ရွက်နိုင်သည့် ကိစ္စများကို မဆောင်ရွက်ဘဲ ထားရှိသင့်ကြောင်းနှင့် ရွေးချယ်စရာ နည်းလမ်းများနှင့် အကောင်းဆုံး ရွေးချယ်မှုကို မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေနိုင်သော အခြေခံအချက်အပေါ် မူတည်ပြီး ရွေးချယ် ဆောင်ရွက်သင့်ကြောင်း ဗိုလ်မှူးကြီး ခင်မောင်ချိုက ပြောကြားသည်။

အဆိုပါ အရေးကြီးအဆိုအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်း၍ အဆိုအား အတည်မပြုရန် သဘောထားတင်ပြခဲ့ပြီးနောက် အဆိုအပေါ် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲများသည့်အတွက် အဆိုတင်သွင်းခြင်း ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent