အာဏာလက်ရှိဖြစ်နေတဲ့သူတွေကို အရေးမယူနိုင်တဲ့အချက် ပါဝင်နေသလား

အာဏာလက်ရှိဖြစ်နေတဲ့သူတွေကို အရေးမယူနိုင်တဲ့အချက် ပါဝင်နေသလား
Published 11 June 2018

နေပြည်တော်တွင် ဇွန် ၉ ရက်က ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

အဂတိလိုက်စားမှု တိုက်ဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တဲ့ NLD အစိုးရဟာ နှစ်နှစ်ပြည့်ချိန်မှာတော့ ကျောသားရင်သား ခွဲခြားနေသလားဆိုတဲ့ ဝေဖန်သံက ပြည်သူတွေကြား ဆူညံနေပါပြီ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဦးကျော်ဝင်းနဲ့ သားဖြစ်သူကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က လက်ရှိအချိန်အထိ အရေးမယူဘဲ၊ ပြည်သူကို ရှင်းလင်းပြောကြားမှုမရှိဘဲ တာဝန်ကနေ နုတ်ထွက်ခွင့်ပဲ ပေးလိုက်တဲ့ဖြစ်စဉ်မျိုးဟာ ကျောသားရင်သားတင်မက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တယ်ဆိုတဲ့ “လာဘ်မစားနဲ့၊ အဂတိမလိုက်စားနဲ့။ လာဘ်စားရင်၊ အဂတိလိုက်စားရင် ထောင်ပဲနော်” ဆိုတဲ့ စကားကိုပါ ပြက်ရယ်ပြုသလို ဖြစ်သွားစေခဲ့ပါတယ်။

အစိုးရတစ်ရပ်ရဲ့ ခြစားမှု၊ အုပ်ချုပ်သူလူတန်းစားရဲ့ အဂတိလိုက်စားမှုဟာ နိုင်ငံတစ်ခုကို မြောင်းထဲထိုးချနိုင်သလို အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်တဲ့အထိ ပြည်သူလူထုရဲ့ စိတ်နာကြည်းမှုခံရနိုင်တဲ့ ဖြစ်စဉ်မျိုးတွေကို အစိုးရတစ်ရပ်က သတိမူဖို့ လိုအပ်ပါတယ်။ ဒီလိုသတိမူဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံက အုပ်ချုပ်သူ အစိုးရတွေကတော့ လွယ်လွယ်နဲ့ သတိမူနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တည်ဆဲအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ အုပ်ချုပ်သူအစိုးရတွေကို လွယ်လွယ်အရေးယူဖို့အတွက် ခွင့်ပြုမထားလို့ပါ။

အုပ်ချုပ်သူအစိုးရရဲ့ အဂတိလိုက်စားမှုကို အရေးမယူနိုင်တဲ့ ဥပဒေနဲ့ အဂတိတိုက်ဖျက်နေရတဲ့ မြန်မာနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုဟာ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေတဲ့ အခြေအနေပါ။ ဒီလို အခြေအနေဆိုးတွေနဲ့ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အောင်မြင်ပါ့မလားဆိုတဲ့ သံသယ ပြည်သူတွေရဲ့စိတ်သန္တာန်ဆီ ဝင်ရောက်လာချိန်မှာ ပြည်သူတွေဆီက မမှန်မကန် ငွေသိန်း ၁၀၀ တောင်းခံမှုပြုခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးက အိမ်မဲလွှတ်တော် ကိုယ်စားလှယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးမယူနိုင်ဘူးဆိုတဲ့ အခြေအနေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သူ့ဥပဒေအရ အရေးမယူနိုင်လို့ တိုင်ကြားချက်တွေ မမှန်ကန်ဘူးလို့ ဆုံးဖြတ်ခဲ့ရပေမယ့် “ဦးကျော်ဝင်း အပြစ်မရှိဘူးလို့ မပြောပါဘူး” လို့ ပြောနေချိန်မျိုးမှာ NLD ကိုယ်စားလှယ်ဖြစ်ရင် အဂတိလိုက်စားလည်း အရေးမယူနိုင်ဘူးလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ NLD ကိုယ်စားလှယ်ဖြစ်ရင် အရေးမယူဘူးလို့များ ပြဋ္ဌာန်းထားသလားလို့ မေးငေါ့သံတွေ ထွက်လာပါတယ်။

ဒီလို မေးငေါ့သံထွက်လာအောင်လည်း NLD အစိုးရအဖွဲ့က အပြောင်းအလဲလုပ်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ NLD ကိုယ်စားလှယ်တွေရဲ့ အဂတိလိုက်စားမှုကို တိုင်ကြားခံရတဲ့ဖြစ်စဉ်တွေက သက်သေခံနေပြီး ဝန်ကြီးတစ်ယောက် အနားပေးတိုင်း အဂတိနဲ့ ပတ်သက်သံ ထွက်ပေါ်ခဲ့ပေမယ့် NLD အစိုးရက ဖြေရှင်းမှုမရှိသလို မသိကျိုးကျွန် နေနေတာတွေကလည်း NLD အစိုးရ “ကျောသားရင်သား ခွဲခြားနေသလား” ထင်မြင်သံ ညံစေခဲ့ပါတယ်။

ရိုးသားတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ဒုဝန်ကြီးဒေါက်တာထွန်းဝင်း၊ ပြည်နယ်ဝန်ကြီးတွေ ဆလိုင်းအိုင်းဇက်ခင်၊ ဦးမင်းထင်အောင်ဟန်တို့ အစိုးရအဖွဲ့က ထွက်ခွာသွားချိန်မှာ သူတို့လာဘ်မစားကြောင်း ပြည်သူတွေကို ပြောခဲ့သလိုမျိုး တခြားနုတ်ထွက်သူ၊ အနားယူသူတွေမှာ အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်မှုတွေ ရှိတယ်လို့ NLD တာဝန်ရှိသူတွေကပြောခဲ့ပေမယ့် ဒီလို လူစားလဲမှုတွေမှာ ရှင်းလင်းတဲ့ ထုတ်ပြန်ချက်တစ်ခုမှ မရှိခဲ့ဘဲ ပြည်သူတွေက သို့လောသို့လောနဲ့ စောင့်ကြည့်နေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ NLD အစိုးရအဖွဲ့ နှစ်နှစ်သက်တမ်းအတွင်း NLD ကိုယ်စားလှယ်တွေကို တိုင်ကြားမှု ၃၅၀ ကျော်ရှိပြီး အဂတိလိုက်စားမှု တိုင်စာတွေလည်း ပါဝင်နေတယ်လို့ NLD ပါတီရဲ့ တိုင်ကြားစာကော်မတီတာဝန်ခံနဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလာချိန်မှာ NLD ကိုယ်စားလှယ်တွေရဲ့ အဂတိလိုက်စားကြောင်း တိုင်ကြားစာတွေကို ဘာလို့မထုတ်ပြန်တာလဲ။ ဘာလို့ NLD ပါတီကဆုံးဖြတ်နေတာလဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအထက်မှာ NLD ကိုယ်စားလှယ်တွေ ရှိနေသလားလို့ မေးငေါ့သံတွေ ထွက်လာပြန်ပါတယ်။

နေပြည်တော်တွင် ဇွန် ၉ ရက်က ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အခုငါးကြီးကြီးဖမ်းမယ်။ ကော်မရှင်ကြီးတွေဖွဲ့တယ်။ နိုင်ငံတော်အဆင့်ကနေပြီးတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးနဲ့ တန်းတူ ဒါကိုလုပ်တယ်။ ဒါပေမဲ့ အခုတကယ်လုပ်တဲ့အခါလည်းကျရော ကျောသားရင်သား မခွဲခြားဘဲ လုပ်ရမှာဖြစ်တဲ့အခါကျတော့ NLD အခု အာဏာရပါတီ ပါလာမယ်။ နောက်အာဏာရတဲ့ အဖွဲ့အစည်းတွေလည်း ပါလာမှာပဲ။ အရင်အာဏာရတဲ့ အဖွဲ့အစည်းတွေ။ အဂတိလိုက်စားတယ်ဆိုတာ အာဏာရတဲ့သူတွေက အများဆုံး လိုက်စားတာလေ။ ဟုတ်တယ်မလား။ အဲဒီတော့ ပါလာမယ့်အခါကျတော့ ဘာတွေဖြစ်လာလဲဆိုတဲ့ အခါကျတော့ ငဲှ့ရမယ့်ဟာတွေ။ နောက် ကြောက်ရမယ့်ဟာတွေပေါ့။ အဂတိကို အဂတိလိုက်တာပေါ့။ အဂတိတိုက်စားမှု တိုက်ဖျက်ပါတယ်ဆိုမှ အဂတိအတိုင်းဆက်ပြီး လိုက်နေရတယ်။ ဘယာဂတိပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက သတ္တိဗျတ္တိလည်း ရှိရမယ်။ ကျောသားရင်သား မခွဲခြားဘဲလည်း လုပ်ရမယ်ဆိုတဲ့ အခါကျတော့ သူကိုယ်တိုင်က ဟိုငဲှဲ့ဒီငှဲ့နဲ့ သူကိုယ်တိုင် အဂတိလိုက်စားတာပဲဗျ။ ပိုက်ဆံယူတာမှ အဂတိလိုက်စားတာ မဟုတ်ဘူး။ အဂတိလိုက်စားတယ်ဆိုတာ ဘယာဂတိ၊ ဆန္ဒာဂတိ၊ မောဟဂတိ၊ ဒေါသဂတိ ဒါအဂတိလေးပါး ရှိတယ်။ အဲဒီတော့ ပြောချင်တာက ဒီပုံစံသွားမယ်ဆိုရင် မဖြစ်နိုင်ဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပတ်ဝန်းကျင်နိုင်ငံမှာ အဂတိလိုက်စားမှုကို နောက်ဆုံးဗျာ ကျွန်တော်တို့နဲ့ တစ်ချိန်တုန်းက အတူတူ ၁၉၈၈ မှာ အရေးအခင်းတွေဖြစ်တယ်။ ကွမ်ကျိုးလူသတ်မှုတွေ ဖြစ်ခဲ့တဲ့ ချွန်ဒူးဝမ်တို့ဆိုရင် အဂတိလိုက်စားမှုနဲ့ သမ္မတကနေဆင်းရော သေဒဏ်ပေးခံရတယ်။ ဆိုင်းငံ့သေဒဏ်တွေဘာတွေ၊ နောက်ဆုံး လက်ရှိသမ္မတကြီးကို အဂတိလိုက်စားမှုနဲ့လုပ်ပြီး ချက်ချင်းထောင်ချပစ်လိုက်တယ်လေ။ ဒါက ကိုးရီးယားပေါ့။ ဗီယက်နမ်ဆိုလည်း တစ်ပါတီစနစ် ဆိုပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အထိုက်အလျောက် လုပ်နိုင်တာဖြစ်တဲ့အတွက် စီးပွားရေး ရှေ့တန်းရောက်လာတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ပေါ့ပေါ့လုပ်လို့မရဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်မယ်ဆိုတဲ့ လူတွေကိုယ်တိုင် အဂတိကင်းမှရမယ်။ သတ္တိရှိမှရမယ်။ အစိုးရတစ်ရပ် ဖယ်လိုက်တာနဲ့ နောက်အစိုးရတစ်ရပ်တက်လာရုံနဲ့ တိုးတက်ဖို့ဆိုရင် ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား လုပ်ရင်တော့ အဲဒီကျလို့ရှိရင် အမိန့်ညွှန်ကြားချက်တွေက ဥပဒေအတိုင်း ထွက်လာမှာပေါ့။ အဂတိလိုက်စားမှု ခံနေရင်တော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ကဏ္ဍတိုင်းမှာ ဒါတွေကို ပြောနေကြတာပဲ။ အဲဒီတော့ တိုင်းသူပြည်သားတွေကလည်း အစိုးရအပေါ်မှာ ယုံကြည် အားထားမှုတွေ လျော့လာမယ်။ နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဆိုတော့ လူထုကိုယ်တိုင် စိတ်ဓာတ်ပျက်ပြားပြီးတော့ အဂတိလိုက်စားမှု သံသရာထဲကို လူထုက ဘာထူးမှာလဲကွာ ငါတို့လည်း ငွေရေးကြေးရေး၊ သြဇာ၊ အာဏာ၊ အရှိန်အဝါနဲ့ ရှင်းမယ်ဆိုပြီး အဂတိလိုက်စားမှု သံသရာထဲ ထပ်ခုန်ဆင်းသွားမှာပဲ။ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးက ငါးပွက်ရာငါးစာချလို့လည်း မရသလို၊ ဟန်ပြလည်းလုပ်လို့ မရသလို၊ သတ္တိမရှိဘဲလုပ်လို့ မရဘူး။ ကျောသားရင်သား ခွဲခြားပြီး လုပ်လို့လည်းမရဘူး” လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူ ဦးဇော်ရန်းက ပြောပါတယ်။

ဦးကျော်ဝင်းနဲ့ အိမ်မဲကိုယ်စားလှယ်အရေး

စီမံ/ဘဏ္ဍာဝန်ကြီးဖြစ်ခဲ့တဲ့ ဦးကျော်ဝင်းအရေးဟာ တော်တော်ရှုပ်ထွေးပါတယ်။ ပိုရှုပ်နေတာက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ အစိုးရအုပ်ချုပ်သူ လူတန်းစားကို အရေးယူနိုင်ဖို့ လုံလောက်တဲ့ ပြဋ္ဌာန်းချက် မပါတာပါ။ အဲဒါကြောင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သူတို့အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဥပဒေနဲ့ အရေးယူဖို့ မလုံလောက်လို့ သမ္မတဆီ တင်ပြခဲ့ပြီး သမ္မတက နုတ်ထွက်စေခဲ့တာပါ။

ဦးကျော်ဝင်းကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောသမျှ အနှစ်ချုပ်ရမယ်ဆိုရင် ဦးကျော်ဝင်းနဲ့ သူ့သားကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတယ်။ စုစုပေါင်း အချက်ရှစ်ချက်နဲ့ တိုင်ကြားပြီး တိုင်ကြားချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရမယ့်အချက်က နှစ်ချက်ပါတယ်။ သုံး ချက်က လူမှုရေးကိစ္စ။ နှစ်ချက်က မမှန်မကန် တိုင်ကြားမှု။ နောက်တစ်ချက်က လုပ်ငန်းရှင်ကြီးတစ်ယောက်က ငွေပေးပြီး စီမံ/ဘဏ္ဍာ အမည်ခံနဲ့ ဂေါက်ရိုက်ပြိုင်ပွဲ စပွန်ဆာလက်ခံမှု။

အဂတိလိုက်စားမှုနဲ့ သေချာပေါက် အရေးယူနိုင်မယ့် အချက်နှစ်ချက်မှာ ပုဂ္ဂလိကဘဏ်တစ်ခု ဖွင့်ဖို့တင်ပြလာတဲ့ ငွေကြေးတွေက ငွေကြေးခဝါချမှုနဲ့ ငြိစွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်။ အဲဒီ ပုဂ္ဂလိကဘဏ်ကို လိုင်စင်ခွင့်ပြုခဲ့တာက ဦးသိန်းစိန်မဆင်းခင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်။ ဒီတော့ ဒီပြသနာမှာ ဦးကျော်ဝင်း ပါဝင်ပတ်သက်မှု မရှိနိုင်ဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆုံးဖြတ်တယ်။ ဒီနေရာမှာ ပြဿနာတစ်ခုက ဦးသိန်းစိန်မဆင်းခင် ခွင့်ပြုခဲ့တဲ့ ဘဏ်လေးခုရှိပြီး ဒီနေ့အထိ အဲဒီဘဏ်လေးခုဟာ ဒီနေ့အချိန်အထိ ဖွင့်လှစ်ကြခြင်း မရှိသေးဘဲ ပြန်လည်သုံးသပ်နေဆဲပါ။ ဒါပေမဲ့ ဒီပြဿနာမှာ ရိုးရှင်းမှုရှိတယ်လို့ ဗဟိုဘဏ်က ဆုံးဖြတ်တယ်လို့တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်ပါတယ်။

ဒုတိယက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စီမံ/ဘဏ္ဍာ အောက်ရွှေ့တာပါ။ ဒီလိုရွှေ့ရာမှာလည်း ဦးသိန်းစိန်ကာလမှာ လုပ်ခဲ့ပြီး ဦးကျော်ဝင်းက ခေါင်းဆောင်တာ မဟုတ်ဘဲ စီမံ/ဘဏ္ဍာဒုတိယဝန်ကြီးက ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်တာမို့ ဦးကျော်ဝင်း အပြစ်မရှိဘူးလို့ ကော်မရှင်က ဆုံးဖြတ်တာပါ။ လူမှုရေးတိုင်ကြားမှုသုံးချက်မှာ တစ်ချက်က ဦးကျော်ဝင်းရဲ့ သားဖြစ်သူနဲ့ ဆက်နွှယ်နိုင်ပြီး ဦးကျော်ဝင်းသားမှာ ဇိမ်ခံကားများစွာပိုင်နေတယ်လို့ တိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဦးကျော်ဝင်းရဲ့ သားကို စစ်ဆေးရာမှာလည်း ဒီကားတွေက ဇိမ်ခံကားအဆင့်မဟုတ်တာ။ တစ်ဦးတည်းပိုင်တာ မဟုတ်တာ။ လုပ်ကိုင်နေတဲ့လုပ်ငန်းသဘောနဲ့ ဆက်စပ်နေတာကြောင့် ဦးကျော်ဝင်းမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ကျန်တဲ့ လူမှုရေးကိစ္စနှစ်ချက်ကတော့ ကော်မရှင်က ထုတ်ပြောမှု မရှိဘဲ လျှို့ဝှက်ထားတာမို့ လူမှုရေး ပြဿနာမှန်သမျှ ဘာမဆိုတွေးနိုင်ပါတယ်။

မမှန်ကန်တဲ့ တိုင်ကြားချက် နှစ်ချက်ဖယ်လိုက်ရင် လုပ်ငန်းရှင်ကြီးတစ်ယောက်က ငွေပေးပြီး စီမံ/ဘဏ္ဍာအမည်ခံနဲ့ ဂေါက်ရိုက်ပြိုင်ပွဲစပွန်ဆာ လက်ခံမှုပဲ ကျန်ပါတယ်။ အဲဒီတိုင်ကြားချက်မှာလည်း ဂေါက်ရိုက်ပြိုင်ပွဲ ငွေကုန်ခံ စပွန်ဆာပေးတဲ့ လုပ်ငန်းရှင်က ဘာအကျိုးအမြတ်မှရတာ မတွေ့ရလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးမယူနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ကော်မရှင်က ရှင်းလင်းပါတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်တွေက ဦးကျော်ဝင်းမှာ အပြစ်လုံးဝမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘဲ ကျဉ်းမြောင်းလှတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူနိုင်ဘူးဆိုတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က “ကျွန်တော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်းမဟုတ်ပါဘူး။ တိုင်ကြားချက်မှာ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျွန်တော်တို့ ဥပဒေနဲ့ ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အရေးယူ ဆောင်ရွက်ခွင့်မရှိတဲ့ သဘောပါ။ အဲဒီတော့ ကျွန်တော်တို့ သမ္မတကြီးဆီတင်ပြတဲ့အခါမှာလည်း ဒီအတိုင်းပဲတင်ပြခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းက ကျွန်တော်တို့ကိစ္စ မဟုတ်ပါဘူး။ ဒါက နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က နုတ်ထွက်ခွင့်ပြုခြင်း၊ မပြုခြင်းဟာ အုပ်ချုပ်ရေးပိုင်းကဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ လုံး၀ ပတ်သက်မှု မရှိပါဘူး” လို့ ဇွန် ၉ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဦးအောင်ကြည်ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ရှင်းလင်းချက်ကို ကြည့်မယ်ဆိုရင် ဦးကျော်ဝင်းကို အရေးယူရေး၊ မယူရေးဟာ ကော်မရှင်နဲ့ မဆိုင်တော့ဘဲ သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သေဘောပါ။ ဒါကြောင့်မို့လည်း Eleven Media Group အနေနဲ့ “ဦးကျော်ဝင်းကို တိုင်ကြားချက်အပေါ် ကော်မရှင်က မမှန်ကန်သော တိုင်ကြားချက်များ ဖြစ်နေပေမယ့် အပြစ်မရှိဘူး ပြောကြားတာမဟုတ်ကြောင်း ပြောဆိုမှုကြောင့် ဦးကျော်ဝင်းကို အရေးယူခြင်း၊ မယူခြင်းတာဝန်ဟာ သမ္မတထံ ရောက်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က လာဘ်စားရင် ထောင်ဝင်စာတွေ့မယ် ပြောကြားထားမှု၊ သမ္မတသစ်ဦးဝင်းမြင့်က အဂတိလိုက်စားမှု အဓိကတိုက်ဖျက်မယ် ပြောကြားထားတဲ့ အခြေအနေတွေကြောင့် ဦးကျော်ဝင်းကို တာဝန်ကပဲ နုတ်ထွက်စေခြင်းဟာ ပြည်သူလူထု နှစ်လိုမှာ မဟုတ်ကြောင်းနဲ့ တာဝန်ကနုတ်ထွက်စေရုံနဲ့ ဒီအဂတိမှု ပြီးဆုံးသွားမယ်။ လက်ရှိအစိုးရ ရပ်တည်ချက်အပေါ် ပြည်သူက အမြင်ကြည်လင်ပါ့မလား” ဆိုတာတွေ မေးခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်က ကူးပြောင်းလာတဲ့ FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို တိုင်စာရရချင်းဖမ်းပြီး NLD ကိုယ်စားလှယ်အဖြစ်က ဝန်ကြီးဖြစ်လာတဲ့ ဦးကျော်ဝင်းကို တာဝန်က နုတ်ထွက်စေရုံနဲ့ အနားပေးတာဟာ ပြည်သူတွေကြားမှာ “သူ့လူကျ အရေးယူတယ်၊ ငါ့လူကျ အရေးမယူဘူး” ဆိုတဲ့ အမြင်တွေ ဖြစ်စေနိုင်မှုရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းချက်အပေါ် ဦးအောင်ကြည်က “ကျွန်တော်တို့ ကော်မရှင်အနေနဲ့က တိုင်တန်းချက်အပေါ် မူတည်ပြီးမှ ဥပဒေနဲ့ ငြိစွန်းသလား၊ မငြိစွန်းဘူးလားဆိုတာ စစ်ဆေးရတဲ့အလုပ်ပဲ ရှိပါတယ်။ ဒီအပေါ်မူတည်ပြီး ကျွန်တော်တို့က ကျွန်တော်တို့ ဥပဒေ ၁၆ (င) အရ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌများကို ကျွန်တော်တို့ရဲ့ တွေ့ရှိချက် တင်ပြရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းက ကျွန်တော်တို့နဲ့ ဘာမှမသက်ဆိုင်ပါဘူးလို့ ပြောကြားလိုပါတယ်။ ဘယ်လိုမှ သက်ဆိုင်စရာ အကြောင်းလည်း မရှိဘူးလေ။ ကျွန်တော်တို့က လွတ်လပ်တဲ့ သီးခြားအဖွဲ့အစည်းပဲ။ အစိုးရလည်းမဟုတ်ဘူး။ အစိုးရအဖွဲ့ဝင်လည်း မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဘာမှပြောဖို့မရှိပါဘူး။ သက်ဆိုင်မှု မရှိပါဘူးလို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။

ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သူတို့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမရဘူး။ ဒါပေမဲ့ အပြစ်မရှိဘူးလို့ပြောတာ မဟုတ်ဘူးလို့ဆိုတာကြောင့် အဂတိလိုက်စားမှုကို တကယ်တိုက်ဖျက်ချင်ရိုးမှန်ရင် လက်ရှိအစိုးရအဖွဲ့ကို အကြံပြုချင်တာက ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့နဲ့ ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိစွာ သက်သေပြပါလို့ တောင်းဆိုချင်ပါတယ်။ ဦးကျော်ဝင်းမှာ အပြစ်မရှိဘူးဆိုရင်လည်း ပြည်သူတွေသိအောင် ထုတ်ပြန်ပါလို့ တောင်းဆိုရမှာဖြစ်ပြီး ကြာရင်မေ့သွားပါလိမ့်မယ်ဆိုတာမျိုးနဲ့ မြုံစိစိလုပ်နေမယ်ဆို အစိုးရရဲ့ အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို ဘယ်သူကမှယုံမှာမဟုတ်တဲ့ အဖြစ်မျိုးကြုံပြီး အခွင့်ကြုံတိုင်း ထောက်ပြနေပါလိမ့်မယ် ဆိုတာ အသိပေးချင်ပါတယ်။ အစိုးရတစ်ရပ်ရဲ့ သမိုင်းဆိုတာ မေ့သွားရိုး ထုံးစံမရှိပါဘူး။

အိမ်မဲကိုယ်စားလှယ်ရဲ့ ကျပ်သိန်း ၁၀၀ တောင်းခံမှုနဲ့ ပတ်သက်တာကလည်း ရှုပ်ထွေးပါတယ်။ ဖြစ်စဉ်က အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာမှာ ကျေးရွာမီးလင်းရေးအတွက် ဘတ်ဂျက် ခေါင်းစဉ်ပြောင်းလဲခအဖြစ် မြို့နယ်နဲ့ တိုင်းအဆင့်ဌာနဆိုင်ရာတွေကို ငွေကြေးပေးရမယ်ဆိုပြီး အိမ်မဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) က ဦးအောင်ကျော်မြိုင်က ကျပ်သိန်းသုံးရာ တောင်းခံပြီး ကျပ်သိန်း ၁၀၀ ယူဆောင်ခဲ့မှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားခဲ့တာပါ။ ဒီဖြစ်စဉ်ကို ဒေသခံတွေက အသံဖမ်းထားပြီး သတင်းရေးဖို့ သွားရောက်သတင်းယူတဲ့ ဦးသူရစိုးကိုလည်း သတင်းမရေးဖို့ ငွေကြေးပေးမယ့် ညှိနှိုင်းမှုတွေ လုပ်ခဲ့တာကြောင့် ကော်မရှင်က စစ်ဆေးအပြီးမှာ ကော်မရှင်၏ စစ်ဆေးမှုအရ လွှတ်တော်ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ငွေကျပ်သိန်းတစ်ရာကို မမှန်မကန် တောင်းခံရယူခဲ့ပေမယ့် သူ့ကိုယ်ကျိုးအတွက် သုံးစွဲခဲ့မှုမရှိတာနဲ့ လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း အထောက်အထား ခိုင်မာမှုမရှိတာကြောင့်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ လွှတ်တော်ကပဲ အရေးယူ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ပါတယ်။

ငွေမမှန်မကန် တောင်းခံတယ်။ ငွေမမှန်မကန်တောင်းလို့ သတင်းရေးမယ့်သူကို မရေးဖို့ ငွေနဲ့ညှိတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမရဘူး။ တိုင်းလွှတ်တော်ပြန်လွှဲရတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ ခံရတဲ့ပြည်သူဘက်က ကြည့်မယ်ဆိုရင် မခံချိ မခံသာဖြစ်စရာပါ။ ပိုဆိုးတာက တိုင်ကြားတဲ့သူတွေကို စစ်ဆေးတဲ့သူတွေက တရားခံတစ်ယောက်လို စစ်ဆေးသွားတာပါ။ ဒီဖြစ်စဉ်ဟာ လျှို့ဝှက်မို့လို့ တခြားပါတီတွေ သိရင်လည်း မကောင်းဘူးလို့ ပြောတာမျိုးကြုံခဲ့ရတယ်လို့ တိုင်ကြားသူ ဦးသူရစိုးက ပြောခဲ့သလို ညောင်ကုန်းချောင်းဖျားကျေးရွာ ဒေသခံမီးလင်းရေးကော်မတီ အဖွဲ့ဝင် ဦးအောင်သိန်းဝင်းကို စစ်ဆေးရာမှာလည်း “ကိုအောင်သိန်းဝင်းကို စစ်ဆေးနေစဉ်ပေါ့လေ။ ကိုအောင်သိန်းဝင်းကလည်း သူ့အသိလေးတွေကို ပြောတဲ့အခါကျတော့ ဟေ့ကောင် ငါမေးတာဖြေ၊ ငါစိတ်က တိုနေတာ၊ ငါဖြတ်ရိုက်ပစ်လိုက်မယ် ငါဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးတော့ ကိုအောင်သိန်းဝင်းတောင် အဟောက်ခံခဲ့ရသေးတယ်ပေါ့” လို့ ဦးသူရစိုးက ပြောပါတယ်။

ပိုဆိုးတာက အဂတိကနေ တိုင်းလွှတ်တော်ကို ပြန်လွှဲတဲ့အချိန်မှာ စစ်ဆေးတဲ့သူတွေက တိုင်ကြားသူကို စစ်ဆေးမှုမရှိသေးဘဲ ကိုယ်စားလှယ်ကိုပဲ စစ်ဆေးတာပါ။ ဒီလိုကိုယ့်လူကိုယ်စစ်ဆေးပြီး တိုင်ကြားသူ မစစ်ဆေးတာနဲ့ ပတ်သက်ပြီး ဦးသူရစိုးက “တိုင်ကြားသူတွေအနေနဲ့ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံတွေ့လာရလဲဆိုတော့ အဲဒီတော့ ဒီလိုမသမာမှုတွေ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ခု အမှားအယွင်းတစ်ခု အပြစ်လုပ်လာလို့ရှိရင် အမြင့်ဆုံးဆိုတဲ့ တိုင်ကြားစရာနေရာ ဘာမှမရှိတော့ဘူး။ မရှိတော့တဲ့အခါမှာ သူတို့တွေက ဒီတစ်ချိန်မှားတယ် မှားလို့ဆိုရင် နမူနာစံပြအနေနဲ့ အပြစ်ပေးစေချင်တယ်၊ ဒါကိုမှ အပြစ်မပေးဘူး စံပြလည်းမရှိဘူးဆိုရင် နောက်နောင် ဒီလိုမျိုးကိုယ်စားလှယ်တွေ အများကြီး ပေါ်လာနိုင်တယ်။ အလားတူဖြစ်ရပ်မျိုးတွေ အများကြီးဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်လာခဲ့လို့ရှိရင် အစ်ကိုတို့ ပြည်သူအနေနဲ့ ဘယ်လိုလုပ်မလဲ။ အစိုးရကတော့ အစိုးရအဖွဲ့အနေနဲ့ အစိုးရလိုပဲ စဉ်းစားမယ်။ ပြည်သူကလည်း ပြည်သူလိုစဉ်းစားမယ်။ ပြည်သူလို စဉ်းစားတဲ့အခါမျိုးကျရင် အစ်ကိုတို့က ဘယ်သူကို အားကိုးရမလဲ။ ဘယ်သူကို သွားတိုင်ကြားရမလဲ။ ဒီလို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ မှားယွင်းမှုတွေက ဘယ်လိုအရေးယူမလဲ။ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံမှာတောင်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တန်းပြီးဖြုတ်နိုင်တဲ့ အနေအထား မရှိဘူးလေ။ အဲဒီတော့ ဒီစနစ်ကြီးတစ်ခုလုံးကို တို့တွေက ဘယ်လိုတွန်းလှန်မလဲ။ ဒါတွေကို တွေးမိတယ်။ အခက်အခဲဆိုတာကလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်လာမယ်ဆိုရင် အစ်ကိုတို့က အားကိုးရာမဲ့သွားပြီလို့ပဲ ကိုယ့်ကိုယ်ကိုယ် ပြည်သူတစ်ယောက်အနေနဲ့ပဲ ဆုံးဖြတ်လိုက်တယ်၊ တွေးလိုက်တယ်” လို့ ဆက်ပြောပါတယ်။

NLD ကိုယ်စားလှယ်ဟာ ရွာသားတွေဆီက မမှန်မကန် ယူသွားတဲ့ သိန်း ၁၀၀ ကို ချက်ချင်းပြန်ပေးနိုင်တဲ့ အခြေအနေမဟုတ်ဘဲ သိန်း ၉၀ ပဲ အများရှေ့မှာ ပြန်ပေးနိုင်ခဲ့တာပါ။ ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ညောင်ကုန်းချောင်းဖျားကျေးရွာ ဒေသခံမီးလင်းရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သိန်းဝင်းက “ကျွန်တော်တို့ တိုင်တန်းထားတာ မှားလား။ မှားတယ်ဆို ကျွန်တော်တို့ကို အရေးယူဆောင်ရွက်။ NLD ကိုယ်စားလှယ်တစ်ယောက်ကို ကျွန်တော်တို့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ NLD ပါတီ မှေးမှိန်အောင် ကျွန်တော်တို့ တိုင်ပါတယ်။ မဟုတ်မမှန် လုပ်ကြံတိုင်ပါတယ်ဆို ကျွန်တော်တို့ကို အရေးယူ တရားစွဲထောင်ချ။ အရေးယူ ဆောင်ရွက်။ ကျွန်တော်တို့ဘက်က မှန်ပါလျက်နဲ့ ဒီလိုလိမ်လည်မှုကို လက်ခံနေမယ်ဟေ့ဆိုရင် မဟုတ်ဘူး။ ဆက်လက်ပြီးတော့ ဒီလိုငွေကိုယူသွားတာ အဂတိမမြောက်ပါဘူး။ သူယူသွားတာ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲတာ မဟုတ်ပါဘူးဆိုလို့ရှိရင် ရှေ့မှာသူယူသွားတာ ပါရမီဒေါင့်ကျေးရွာပါ ရှိသေးတယ်။ ဘတ်ဂျက်ခေါင်းစဉ်ပြောင်း ဘာညာဆိုပြီးတော့ အဲဒီလိုပဲ လုပ်သွားတာ။ အဲဒါတွေကိုလည်း လိုက်လံပြီးတော့ စစ်ဆေးမယ်ဟေ့ဆိုရင် အခုလွှတ်တော်ကနေ အရေးယူ ဆောင်ရွက်ပေးမှလား” လို့ မေးခွန်းထုတ်ပါတယ်။

ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် အစိုးရတွေရဲ့ ဖိစီးမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေဘက်က ကြည့်မယ်ဆိုရင် ဒီလိုအခြေအနေတွေဟာ NLD အစိုးရတွေ၊ NLD ကိုယ်စားလှယ်တွေဟာ ဥပဒေအထက်မှာ နေနေသလားဆိုတဲ့ မေးခွန်းထုတ်မှုမျိုးကိုပဲ ကြုံရနိုင်ပါတယ်။

“ပထမတစ်ချက်က ဒါကတော့ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်တို့၊ တရားစီရင်ရေးမဏ္ဍိုင်တို့ ဒီအပေါ်မှာ Check & Balance လုပ်နိုင်တယ်။ စောင့်ကြည့်မှုလုပ်နိုင်တယ်ဆိုတဲ့ ယန္တရားတစ်ခုကတော့ ဒီပြင် နိုင်ငံထက် ကျွန်တော်တို့နိုင်ငံက မတူတဲ့ဟာက ဘာလဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အစိုးရနဲ့ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကျွန်တော်ဆိုလိုတာက သူတို့သည် တကယ်ကို သီးခြားလွတ်လပ်တဲ့ ပုံစံမျိုး၊ Third Party ပုံစံမျိုးမဟုတ်ဘူး။ ဒီလိုမျိုး ကြည့်လိုက်ရင် သီးခြားလွတ်လပ်တယ်လို့ ယူဆရသော်လည်းပဲ အမှန်တကယ်က အုပ်ချုပ်ရေးယန္တရားနဲ့ ဒီဘက်က ဥပဒေပြုရေးအဖွဲ့အစည်းတွေနဲ့ ရွေးချယ်လိုက်တဲ့အပေါ်မှာ ဘာပဲပြောပြော မျက်နှာနာစရာ၊ မျက်နှာထောက်စရာ ဒီလိုဟာမျိုးတွေတော့ ရှိနေတာပေါ့။ နောက်ပြီးတော့ သက်တမ်းကလည်း အကုန်လုံး အတူတူဖြစ်နေတော့ အချို့နိုင်ငံတွေမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သီးခြားပုံစံမျိုးနဲ့ ရှိတယ်။ သူတို့က ပိုပြီးတော့တောင့်တင်း ခိုင်မာမှုရှိတယ်။ အဲဒီတော့ တောင့်တင်းခိုင်မာမှုရှိတဲ့အလျောက် သူတို့ရဲ့ ထိရောက်စွာ ခေါ်ယူစစ်ဆေး မေးမြန်းပြီး လိုအပ်ရင်တရားစွဲဆိုတဲ့ ကိစ္စတွေက ပိုပြီးခိုင်မာတယ်။ အနီးစပ်ဆုံး အင်ဒိုနီးရှားနိုင်ငံဆိုရင် တကယ့်ထိတ်ထိတ်ကြဲ ငါးကြီးကြီးတွေကို မိတယ်ဆိုတဲ့ဟာမျိုး သူတို့က အမြဲတမ်းထွက်ပြနေတာပေါ့။ ကျွန်တော်တို့ဆီမှာ ပထမတစ်ချက် အဲဒါတစ်ခုလို့ မြင်တယ်။ နောက်တစ်ခုဘာလဲဆိုတော့ ပါတီပိုင်းပေါ့။ ပါတီကဘာပဲပြောပြော ဦးဆောင်ပါတီတစ်ခုအနေနဲ့ကျတော့ သူ့အစိုးရကိုသူဖွဲ့မှာပဲ။ ဒီအစိုးရဖွဲ့တဲ့အချိန်မှာ အစိုးရယန္တရားထဲမှာ ဒီလိုဖြစ်တာမျိုး ရှိလာရင်တောင် အကယ်၍သူအနေနဲ့ တရားဝင် ဘာကြောင့်အနားယူ ခွင့်ပြုလိုက်တာ။ တာဝန်က ရပ်စဲစေလိုက်တာ ဆိုတဲ့ဟာတွေက ထုတ်ပြောဖို့ဆိုတဲ့ ကိစ္စကတော့ ပါတီရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အနေအထားမျိုး အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီလိုမျိုး သူတို့ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူးလို့ယူဆတယ်။ ယေဘုယျနှစ်ခုတော့ မြင်တယ်။ နောက်တစ်ခုကတော့ ခြုံငုံပြီးပြောလိုက်ရရင်တော့ ဒီကနေ့ အရင်သက်တမ်းနဲ့ ယခုသက်တမ်းအရ ကြည့်လိုက်ရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အတော်အတန် ခေါ်ယူအပြစ်ပေး အရေးယူမှုတွေ၊ စစ်ဆေးမေးမြန်းမှုတွေ အားကောင်းလာတာ တွေ့တယ်။ အဲဒါ တစ်ချက်တွေ့တယ်။ သို့သော်လည်း ဝန်ထမ်းယန္တရားကြားထဲမှာရော အုပ်ချုပ်ရေးအဖွဲ့အစည်း၊ တရားစီရင်ရေး အဖွဲ့အစည်းတွေ ကြားထဲမှာရော အောက်ခြေပိုင်းမှာတော့ ဒီအကျင့်ပျက်ခြစားမှုတွေ ပြောရရင်တော့ သိသိသာသာကြီး လျော့ကျသွားတယ်ဆိုတဲ့ဟာမျိုးတော့ လူထုကြားထဲမှာ အဲဒီခံစားမှုမရသေးဘူး။ ကျွန်တော့်အမြင်ပေါ့နော်။ အဲဒီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတဲ့နေရာမှာ အစိုးရနဲ့ လွှတ်တော်က ရွေးချယ် အဆိုပြု ဖွဲ့စည်းတာမျိုးထက်ကို နိုင်ငံရေးအရ နိုင်ငံရေးပါတီတွေ အားလုံးဘက်က အဆိုပြုပါဝင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း ဖွဲ့စည်းသင့်တယ်လို့မြင်တယ်။ ဒါဆိုရင်တော့ ပိုပြီးတော့ သီးခြားလွတ်လပ်တဲ့ တစ်ခုခုကို အစိုးရအဖွဲ့ဖြစ်စေ၊ တရားစီရင်ရေးအရဖြစ်စေ၊ ဥပဒေပြုရေး လွှတ်တော်မဏ္ဍိုင်ဖြစ်စေ သူ့မှာမျက်နှာနာနေစရာမျိုးတို့၊ ငဲ့ညာထောက်ထားနေစရာမျိုးတို့ ကင်းသွားနိုင်တယ်။ အဲဒီသူ့ရဲ့ ငဲ့ညာထောက်ထားမှုတွေ၊ မျက်နှာနာမှုတွေ ပိုပြီးကင်းလာလေ။ သူတို့အတွက် ပိုပြီးတော့ Strong ဖြစ်လေလို့ ယူဆတယ်။ အခုနေကတော့ ဒီလိုမျိုးတဲ့ကြီး မျက်နှာထောက်မှုရှိတယ်လို့၊ ဒါမှမဟုတ်ရင် မကင်းရာ မကင်းကြောင်းရှိတယ်လို့ ပြောသော်လည်းပဲ တကယ့်ဥပဒေနဲ့ ပြန်ကြည့်တဲ့ အခါကျတော့ ကင်းသလို ထင်ရတယ်။ ဥပဒေပိုင်းအရကြည့်ရင် ကင်းသလိုရှိတယ်လို့ ယူဆရတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတာဝန်ပေးတဲ့ သဘောသဘာဝအရတော့ မကင်းသလို ဖြစ်နေတာမျိုးတွေ ရှိနေတယ်။ မျက်နှာထောက်စရာမျိုးတွေ ရှိနေတယ်” လို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ NLD ကိုယ်စားလှယ်ဖြစ်ရင် အရေးမယူနိုင်ဘူးဆိုတဲ့အချက် ပါဝင်သလား

ဥပဒေတစ်ရပ်ရဲ့ ထုံးစံဟာ တာဝန်နဲ့ အခွင့်အရေး မျှတရပါတယ်။ စစ်အာဏာရှင်စနစ်နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီး ခရိုနီနဲ့ စစ်အာဏာရှင်ဟောင်းတွေ ကာကွယ်ရေး အသားပေး ရေးဆွဲလေ့ရှိတဲ့ မြန်မာ့ဥပဒေတွေရဲ့ ပြဿနာက ပြည်သူတွေက လိုက်နာရမယ့် တာဝန်တွေချည်း ဖြစ်နေတာပါ။ ပိုဆိုးတာက မြန်မာ့ဥပဒေအများစုဟာ ကိုင်တွယ်သုံးစွဲသူတွေအတွက် ထွက်ပေါက်ပေးထားပြီး လိုက်နာရမယ့် ပြည်သူတွေအတွက် လိုရာဆွဲ အရေးယူနိုင်အောင် လုပ်ဆောင်ထားတဲ့ ဥပဒေတွေ ဖြစ်နေတာပါ။ ဒီလို မတရားတဲ့၊ မမျှတတဲ့ ဥပဒေတွေဟာ အမြန်ဆုံး ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စနစ်တစ်ခုလို အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေဟာ ခိုင်မာအားကောင်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က လုပ်ဆောင် ဆုံးဖြတ်ရမယ့်ကိစ္စမျိုးကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရပါမယ်။ ဥပမာအားဖြင့် မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေရဲ့ ရေနံလက်ယက်တွင်းရန်ပုံငွေ ကိစ္စမျိုးဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လုပ်ဆောင်ရမှာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်သွားတာပါ။ ဒီလိုမျိုး လုပ်ဆောင်မှုတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေရဲ့ အားနည်းချက်တွေကို ပေါ်လွင်စေပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဟာ ဒီနေ့မှာဆို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းဖို့အထိ ဖြစ်လာခဲ့ပါပြီ။ ကျော်စောသတင်းထွက်သူတွေကို စစ်ဆေးအရေးယူမယ်ဆိုတဲ့အချက် ထည့်သွင်းလာပေမဲ့ စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်လာရင်တောင် ခိုင်မာကောင်းမွန် တောင့်တင်းတဲ့ ဥပဒေဖြစ်လာဖို့ မသေချာသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်နဲ့ရှိနေပြီး ပုဒ်မ ၂၂ မှာ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ တိုင်ကြားတဲ့ကိစ္စတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးပြီးရင်၊ အရေးကြီးတဲ့ သက်သေခံချက်တွေ မပါရင်၊ ထပ်မံတိုင်ကြားပေမဲ့ အရေးကြီးတဲ့ သက်သေခံချက်အသစ်တွေ မပါရင် စစ်ဆေးလို့ မရပါဘူး။

ဒီအချက်တွေထက် ပိုဆိုးတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးလို့မရတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒီအချက်တွေက အဂတိလိုက်စားမှုဖြစ်ပေမဲ့ ဒီဥပဒေမပြဋ္ဌာန်းခင် ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်ရှေ့က ဖြစ်ခဲ့တာတွေကို စိစစ်အရေးယူလို့ မရတာတွေနဲ့ အုပ်ချုပ်သူ လူတန်းစားဖြစ်တဲ့ အာဏာရှိသူတွေကို စစ်ဆေးအရေးယူခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ (၃၀) အကျပ်အတည်းပါ။

ပုဒ်မ (၃၀) မှာဆိုရင် “ကော်မရှင်သည် -

(က) လုပ်ပိုင်ခွင့်အာဏာရှိသူအပေါ် တရားစွဲဆိုအရေးယူရန် အကြောင်းပေါ်ပေါက်ကြောင်း ဆုံးဖြတ်သည့်ကိစ္စတွင် ယင်းကိစ္စအတွက် မိမိ၏ အစီရင်ခံစာကို ပုဒ်မ ၂၁ ပုဒ်မခွဲ (က) အရ တာဝန်ပေးသည့် နိုင်ငံတော်သမ္မတထံသို့ လည်းကောင်း၊ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) အရ တာဝန်ပေးသည့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်ကြားသော နစ်နာသူထံသို့ လည်းကောင်း၊ ထိုသူအား ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အစီအစဉ်အရ ဆက်လက်အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့လည်းကောင်း ပေးပို့ရမည်။

(ခ) စုံစမ်းစစ်ဆေးချက်အရ စွပ်စွဲခံရသူအပေါ် ဝန်ထမ်းစည်းကမ်းအရသာ အရေးယူသင့်သည်ဟု ယူဆပါက ယင်း၏ ဝန်ထမ်းအကြီးအကဲထံ အကြောင်းကြားရမည်” ဆိုပြီး အကာအကွယ်ပေးထားမှုပါ။ ဦးကျော်ဝင်းကို ကော်မရှင်က အရေးယူလို့မရတာ ဒီအကျပ်အတည်းပါ။ ဒီလိုအခြေအနေတွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။

“အစိုးရယန္တရားတစ်ခုမှာဆိုရင် ဝန်ကြီးတွေပေါ့။ လွှတ်တော်လည်း ပါတာပေါ့ဗျာ။ အဂတိလိုက်စားမှုက အနည်းနဲ့အများရှိမှာပဲ။ နည်းတာများတာပဲ ကွာမှာပေါ့။ လုံး၀ ကင်းရှင်းတာကတော့ မရှိနိုင်ပါဘူး။ ဘယ်နိုင်ငံမှာမှ။ ဒါပေမဲ့ ဒီဟာကို ထိထိမိမိ အရေးယူနိုင်ဖို့ အရေးကြီးတယ်။ နို့မို့လို့ရှိရင် သေးသေးလေးကနေ ကြီးထွားလာနိုင်တယ်။ အဲဒါကြောင့် အခုက NLD အနေနဲ့ တိုင်ကြားမှုတွေ ရရှိထားတဲ့အပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်လာတာ ပြည်သူတွေက တော်တော်လေးကို အားရနေကြတယ်။ နားထောင်နေကြတာပေါ့။ အဲဒါကို စနစ်တကျ လုပ်ဖို့လိုတယ်။ မျက်နှာလိုက်တဲ့ပုံစံမျိုး မသင့်တော်ဘူး။ သူများကိုလုပ်မယ်။ ကိုယ့်အတွက် လုပ်စရာမလိုဘူးဆိုတာမျိုးဆိုရင် ဒါတော့မမှန်ဘူးပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အားလုံးအတွက် ဖြစ်စေရမှာပေါ့။ အဲဒါမှပဲ ထိရောက်မှုရှိမယ်။ အကျိုးသက်ရောက်မှုရှိမယ်။ နို့မို့လို့ဆိုရင် နာမည်ပိုပျက်ဖို့ရှိတယ်။ နာမည်ကောင်းရဖို့က ဝေလာဝေးပဲ။ အဲဒါကြောင့်မို့လို့ သက်ဆိုင်ရာအနေနဲ့ မျက်နှာမလိုက်ဘဲနဲ့ အားလုံးပေါ်မျှမျှတတ အရေးယူ ဆောင်ရွက်ပေးသင့်တာပေါ့။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် ကိုယ့်နာမည်ကိုယ် ပြန်ဖျက်ယူတဲ့သဘောမျိုး ဖြစ်သွားနိုင်တာပေါ့” လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက သုံးသပ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအထက်မှာ ဘယ်သူမှ မရှိဖို့ဆိုရင်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ အားနည်းချက် အများအပြား ရှိနေသလို ပေးထားချက် ကျဉ်းမြောင်းတဲ့ ဥပဒေကြောင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဟာ စိန်ခေါ်မှု အများအပြားနဲ့ လုပ်ကိုင်ရ အကျပ်အတည်း အများအပြား ရှိပါတယ်။ ဒီလို အကျပ်အတည်းတွေမှာ ပိုဆိုးနေတာက အုပ်ချုပ်သူ လူတန်းစား အများစုက မမှန်မကန်ချမ်းသာတဲ့ မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့်အာဏာရှိသူအပေါ် အရေးယူဆောင်ရွက်နိုင်မှု ကန့်သတ်ထားချက်ပါ။ ပိုဆိုးတာက အာဏာရပါတီနဲ့ ဆက်နွှယ်ရင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် အရေးယူဖို့ ခက်ခဲတာပါ။ ဒီလို ခက်ခဲမှုတွေရှိနေပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကတော့ သူတို့ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ အကျုံးဝင်နေသရွေ့ အကုန်အရေးယူမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံခြင်း မပြုပါဘူးလို့ အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ဦးအောင်ကျော်မြိုင်နဲ့ ပတ်သက်မှုအပြင် NLD ဘက်ကမို့ အရေးမယူတာလားဆိုတဲ့ အမြင်တွေအပေါ် ဖြေကြားပါတယ်။

“ခင်ဗျားမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်မို့ အရေးမယူတာလား။ NLD ဘက်ကမို့ အရေးမယူတာလားဆိုတဲ့ကိစ္စရယ်။ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံခြင်း မပြုပါဘူး။ ဘယ်သူ့ကိုမဆို၊ မည်သူမဆိုလို့ပဲ ကျွန်တော်တို့ဥပဒေမှာ ခွင့်ပြုထားတာ ရှိပါတယ်။ ဒီဥပဒေနဲ့ အကျုံးဝင်လာရင်တော့ အကုန်အရေးယူမှာပါ။ အခုနက ကိစ္စသည် ကျွန်တော်တို့ဥပဒေနဲ့ အကျုံးမဝင်တဲ့အတွက် အကျုံးမဝင်သော်လည်းပဲ သက်ဆိုင်ရာသူ့ကို ကွပ်ကဲတဲ့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌကို ဒီလိုကိစ္စမျိုးတော့ ကျွန်တော်တို့ဆီ တိုင်ကြားစာ ရောက်လာပါတယ်။ ဒီဥစ္စာဟာ ကျွန်တော်တို့ ဥပဒေနဲ့ အကျုံးမဝင်ဘူး။ သို့ရာတွင် သူ့မှာ ချို့ယွင်းချက် ရှိနိုင်တယ်။ ဒါကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပါဆိုပြီး သဘောရိုးပဲ ကျွန်တော်တို့ရေးတာ။ သူ့ဘာအမှုနဲ့ အကျုံးဝင်တယ်။ ညာအမှုနဲ့ အကျုံးဝင်တယ် ကျွန်တော်တို့က ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့က ရဲမဟုတ်ဘူး။ တရားစွဲတဲ့ အဖွဲ့အစည်းမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်တို့က သင့်တော်သလို စာရွက်စာတမ်းတွေ့တယ်ဆိုရင်လဲ စာရွက်စာတမ်းတွေ့လို့၊ ပစ္စည်းတွေ့တယ် ဆိုရင်လည်း ခိုးရာပါပစ္စည်းတွေ့လို့ ကြိုက်သလို သင့်တော်တဲ့ ဥပဒေနဲ့ တရားစွဲလို့ရတယ်။ သူတို့ကျတော့ ကျွန်တော်တို့ ဥပဒေနဲ့ အကျုံးဝင်သလား။ မဝင်ဘူးလားဘဲ ပြောလို့ရတယ်။ ကျွန်တော်တို့က မသိတာ မဟုတ်ဘူးပေါ့။

ကျွန်တော်တို့က ဥပဒေသမားတွေဘဲ။ ဥပဒေသမားတွေဆိုတော့ သိပါတယ်။ ဒါပေမဲ့ ထုတ်ဖော်ပြောလို့တော့ မရဘူး။ ပြောပိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် သက်ဆိုင်ရာဌာန အကြီးအကဲ လွှတ်တော်ဥက္ကဋ္ဌဆီ ကျွန်တော်တို့ အကြောင်းကြားရတဲ့ သဘောပါပဲ။ ဒီဥစ္စာဟာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ဘာမှမဆိုင်ဘူး။ စာထဲမှာ ရေးထားတာလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ မဖြစ်လို့ဆိုတာ မပါပါဘူး။ သူ ကျူးလွန်တဲ့ကိစ္စသည် အဂတိလိုက်စားမှုနဲ့ မပတ်သက်လို့ ဆိုတာပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဓိပ္ပာယ် အယူအဆလေး လွဲသွားမှာ စိုးရိမ်လို့ပါ။ ဒီဥပဒေနဲ့သာ အကျုံးဝင်မယ်ဆိုရင် ကျွန်တော်တို့ ထပ်ပြောပါဦးမယ်။ ဘယ်သူ့ကိုမဆို အရေးယူမှာပါ။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုမှန်သမျှ ခိုင်လုံတဲ့ အထောက်အထားနဲ့ တိုင်ကြားလာရင် အဲဒီတိုင်ကြားချက်အတိုင်း အတိအကျ အရေးယူမှာပါ။ ကျွန်တော်တို့ ဘယ်သူ့မှ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ စောစောက ပြောသွားသလိုပဲ ကျွန်တော်တို့ဟာ ဘက်လိုက်ခြင်းကင်းတဲ့ စံနှုန်းတွေကို အမြင့်ဆုံး တင်ထားပါတယ်လို့ ပြောချင်ပါတယ်။ ဘက်လိုက်ခြင်းကင်းတဲ့ စံနှုန်းတွေကို အမြင့်ဆုံး တင်ထားပါတယ်။ ဒီထက်ရှင်းအောင် ဘယ်လိုပြောရပါမလဲ” လို့ ဦးအောင်ကြည်က ပြောကြားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ ဘက်လိုက်ခြင်းကင်းတဲ့ စံနှုန်းတွေ အမြင့်ဆုံး တင်ထားပေမယ့် လုပ်ကိုင်ခွင့် အကန့်အသတ်နဲ့ရှိနေတဲ့ အခြေအနေဟာ အမြန်ဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို အကန့်အသတ်တွေ မဖြေရှင်းနိုင်သရွေ့ ငါးကြီးကြီးကြော်နိုင်မှာ မဟုတ်သလို မိထားတဲ့ငါးတောင် ကြော်ဖို့ဆီမရှိလို့ ပြန်လွှတ်ပေးရတာမျိုး ဆက်ဖြစ်နေမှာပါ။

“တို့ဘက် (ကရင်ပြည်နယ်)မှာတော့ အဂတိနဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ မရှိဘူးပေါ့။ လောက်လောက်လားလား မရှိဘူးပေါ့ဘူး။ နောက် ဦးကျော်ဝင်းတို့အဆင့် ဘာညာကျတော့ကာ ဒါကနုတ်ထွက် ခွင့်ပြုလိုက်ပြီဆိုရုံနဲ့ မလုံလောက်သင့်ဘူးလို့ စိတ်ထဲမှာခံစားမိတယ်။ သူရဲ့အဂတိလိုက်စားမှု အတိုင်းအတာက ဘယ်လောက်အထိ ပေါက်ရောက်သလဲ။ ဘယ်လောက်အထိ ဖြစ်ပျက်သွားပြီလဲဆိုတာ အမှန်က စေ့စေ့စပ်စပ်လေး။ စေ့စေ့စုံစုံလေး စုံစမ်းဖို့လိုတယ်။ အဲဒီအပေါ်မှာမှ တစ်စုံတစ်ခုသော အရေးယူမှုပေါ့။ အခုအဲဒီလူလည်း ဖတ်ကြည့်တာ အတော်လေးကို ချမ်းသာတယ်လို့ ထင်ရတယ်။ ဝန်ကြီးကနေ နုတ်ထွက်လည်းသူ့အတွက် ဘာမှမထူးဘူးပေါ့။ အဂတိတိုက်ဖျက်ရေးရယ်လို့ လုပ်ချင်သပဆိုရင် ဒါထိထိရောက်ရောက်နဲ့ ဒါထက်ပိုတဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့လိုတယ်” လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ငါးကြီးကြီးဖမ်းနိုင်တဲ့ ဖြစ်စဉ်ဆိုလို့ သိန်းထောင်ချီ လာဘ်စားမှုကြောင့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေးအရာရှိတွေ အပါအဝင် စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးမှုပါ။ ကျန်တာတွေက သိန်းဆယ်ဂဏန်းလောက်နဲ့ မစားလောက်လို့ ယူတဲ့သူ အများစုပါ။ ဦးအောင်ကြည်ကို တာဝန်ပေးအပ်အပြီးမှာ တိုင်စာရရချင်း FDA ညွှန်ချုပ်ကို ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ NLD ဝန်ကြီး ဦးကျော်ဝင်းနဲ့ သားဖြစ်သူကို စစ်ဆေးမှုပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာတော့ ကော်မရှင်ရဲ့ ကျဉ်းမြောင်းတဲ့ဥပဒေနဲ့ အရေးယူမရတာမို့ အဖျားရှူးနေပြီလားလို့ ထင်မြင်စရာ ဖြစ်နေပါတယ်။

“အဓိကပြောချင်တာက အဂတိလိုက်စားမှုကို တိုက်ဖျက်တယ်၊ တိုက်ခဲ့တယ်လို့ အစိုးရတိုင်းကတော့ ကြွေးကြော်ခဲ့တာပဲ။ သို့သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်တဲ့နေရာမှာ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဆင့်ဆင့်ဟာ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့်မအောင်မြင်ခဲ့လဲဆိုရင် ပြောလို့ရှိရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွေကိုယ်၌ ကိုယ်က အဂတိမကင်းခဲ့ဘူး။ ပြောချင်တာက အဆင့်တစ်ခုရောက်တဲ့ အခါမှာ ဘယာဂတိကြောင့် ဘယာဂတိဆိုတာ ကိုယ့်အပေါ်မှာ အန္တရာယ်ဖြစ်လာမှာ စိုးလို့ဆိုတာမျိုးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သေသေချာချာ မလုပ်နိုင်တဲ့အခါမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာက လူအထင်သေးဖြစ်တာပဲ ခံလိုက်ရတယ်။ တကယ်ထိထိရောက်ရောက် မဖြစ်လာဘူးပေါ့နော်။ အဲဒီတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက လူတွေကိုယ်တိုင်က အဂတိကင်းဖို့လိုတယ်။ ဥပမာ ရှင်ဘုရင်မို့လို့ ရွှေဖော့ရိုးနဲ့ ဆုံးမချင်ပြီးတော့ အောက်ခြေဝန်ထမ်းမို့လို့ ဝါးရင်းတုတ်နဲ့ ရိုက်ချင်တာမျိုးတာကတော့ အဂတိလိုက်စားမှုမှာ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဒါက ခုနကပြောတဲ့ ဦးကျော်ဝင်းကို ဆိုလိုတာမဟုတ်ဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွေ အနေနဲ့ ရှိသင့်ရှိအပ်တဲ့ဥစ္စာကို ပြောတာ။ အဲဒီတော့ ခုနကပြောတဲ့ အဲဒီလို တစ်ပြေးညီကိုင်တွယ်မှု မရှိနိုင်ဘဲနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘယ်လိုလုပ်မယ်၊ ဘယ်ဝါလုပ်မယ်လို့ ကြိမ်းဝါးနေရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာ အများအမြင်မှာ ရယ်စရာသက်သက်ပဲ ဖြစ်နေလိမ့်မယ်လို့ ပြောချင်တယ်။ ဒါ ဦးကျော်ဝင်းကိစ္စရယ်လို့ မဆိုလိုဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လုပ်တဲ့လူတွေကိုယ်တိုင်က အဂတိကင်းဖို့ လိုတယ်။ အဂတိဆိုတာက လေးမျိုးရှိတယ်။ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ လေးမျိုးရှိတယ်။ ဒီဟာ လေးမျိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လူတွေကိုယ်တိုင်ကကင်းမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာကို လူတွေက ယုံကြည်မှာ။ နို့မို့ဆိုရင်တော့ ကွယ်ရာမှာ လူရယ်စရာဖြစ်နေမှာပဲ။ ရှေ့တင် ပြောင်ပြောင်တင်းတင်း မပြောသော်လည်း။ ဒါကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လူတွေရော အဲဒီတာဝန်ပေးတဲ့လူတွေရော အဆင့်ဆင့်သော ပုဂ္ဂိုလ်တွေက ဒါတွေကို သတိချပ်ဖို့လိုတယ်” လို့ နိုင်ငံရေးအကျဉ်းဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ဆိုပါတယ်။

အနှစ်ချုပ် ပြောရမယ်ဆိုရင် စနစ်တစ်ခုလို အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို သိသိသာသာ လျော့ကျစေချင်တယ်ဆိုရင် လက်ရှိအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေရဲ့ အားနည်းချက်ကို ပညာရှင်တွေနဲ့ ဝိုင်းဝန်းသုံးသပ် ပြင်ဆင်ပြီး ကိုရီးယားလို၊ ထိုင်းနိုင်ငံလို၊ အင်ဒိုနီးရှားလို၊ တရုတ်လို၊ နိုင်ငံတကာမှာလို သမ္မတကနေ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ထမ်းတွေအထိပါ စစ်ဆေးအရေးယူနိုင်တဲ့ ဥပဒေမျိုးဖြစ်လာတဲ့အထိ အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် နှစ်ဆက်ရဲ့ စွမ်းဆောင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ကော်မရှင်ဟောင်းရဲ့ သုံးနှစ်ကျော်ကာလအတွင်း တိုင်ကြားစာ ၄၅၀၀ လောက် ရောက်ရှိခဲ့ပြီး အမှု ၅၀ လောက် စုံစမ်းစစ်ဆေးနိုင်ခဲ့မှုနဲ့ ကော်မရှင်သစ် ခြောက်လအတွင်းမှာ တိုင်ကြားစာ ၃၉၀၀ လောက်ရောက်ခဲ့တာနဲ့ယှဉ်ရင် ပြည်သူ့ယုံကြည်မှု မြင့်တက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ ဒီလို ပြည်သူ့ယုံကြည်မှု မြင့်တက်လာတဲ့ အခြေအနေကို ဖန်တီးခဲ့တဲ့ အစိုးရဟာ သူ့လူငါလူခွဲ၊ လုပ်ပိုင်ခွင့် အကျပ်အတည်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ငါတို့လုပ်ပိုင်ခွင့်ထဲက ငါတို့ဥပဒေနဲ့ အကျုံးဝင်မှ အရေးယူမယ်။ ဘက်လိုက်မှုစံနှုန်း အမြင့်ဆုံးတင်ထားတယ် ဆိုရုံနဲ့တော့ ငါးကြီးကြီးဖမ်းနိုင်မှာ မဟုတ်သလို ရထားတဲ့ ပြည်သူ့ယုံကြည်မှုတောင် လျော့ကျသွားပါလိမ့်မယ်။

Most Read

Most Recent