မန္တလေးမြို့အနီး စီမံကိန်းတွေက ဒေသဖွံ့ဖြိုးရေးအတွက် ဘာမျှော်လင့်နိုင်မလဲ

မန္တလေးမြို့အနီး စီမံကိန်းတွေက ဒေသဖွံ့ဖြိုးရေးအတွက် ဘာမျှော်လင့်နိုင်မလဲ
Published 11 June 2018

မန္တလေးမြို့၏ စက်မှုဇုန်ဝန်းကျင်ကို တွေ့ရစဉ်

မန္တလေးမြို့အနီးဝန်းကျင်မှာ အကောင်အထည်ဖော် လုပ်ဆောင်နေကြတဲ့ စီမံကိန်းတွေ အများအပြား ရှိပါတယ်။ တချို့စီမံကိန်းတွေက အရင်အစိုးရလက်ထက်က ချထားခဲ့ပြီး ဆက်လက်လုပ်ဆောင်နေကြတာတွေရှိသလို အရင်အစိုးရက ချထားပေးခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ စီမံကိန်းတွေကို ပြန်လည်စိစစ်ရေးအဖွဲ့နဲ့ ပြန်လည်စိစစ်တဲ့အခါမှာ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေ သတ်မှတ်ထားတဲ့စံနှုန်းကို ကျော်လွန်နေတာကြောင့် ပြန်လည်ပြင်ဆင်နေရတာ၊ ရပ်ဆိုင်းထားရတာတွေလည်း ရှိပါတယ်။

မန္တလေးမြို့ပေါ် အပါအဝင် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စီမံကိန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အရင်ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းတွေ အများအပြား ရှိခဲ့ပါတယ်။

စီမံကိန်းတွေကို ချထားပေးခဲ့စဉ်က ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ချထားပေးခဲ့တာတွေ ရှိခဲ့သလို လက်သိပ်ထိုးပုံစံနဲ့ ချထားပေးခဲ့တဲ့ စီမံကိန်းတွေ (ဥပမာ အစိုးရသစ်မတက်ခင် လပိုင်းအလို) အများအပြား ရှိခဲ့တယ်လို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏများစွာနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေ၊ ဝေဖန်ကန့်ကွက်မှုတွေကြားထဲက လုပ်ဆောင်နေကြတဲ့ စီမံကိန်းတွေ၊ ဒေသအနာဂတ်အတွက် အလားအလာ ကောင်းမွန်လာနိုင်တဲ့ စီမံကိန်းတွေစတဲ့ တိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားကို ဘယ်လောက်အထိ ဖြစ်ထွန်းစေလာနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ စီမံကိန်းတွေ ဘယ်လောက်အထိ ချထားပေးပြီးပြီလဲ။

ပြီးခဲ့တဲ့မတ်လအတွင်းက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က “မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် စီမံကိန်းကြီးများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရန် အစီအစဉ် ရှိ မရှိ” မေးခွန်း မေးမြန်းခဲ့ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့မေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ယခင်အစိုးရလက်ထက်က ခွင့်ပြုထားခဲ့တဲ့ စီမံကိန်းတွေကိုသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွင်းမှာ စီမံကိန်းများကို လုပ်ဆောင်ရန် စိတ်ဝင်စားသူများက လာရောက်လေ့လာနေသည့် အဆင့်သာရှိနေသေးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်သည့်စီမံကိန်းကိုမှ သဘောတူညီမှု ပြုလုပ်ထားခြင်း မရှိသေးသဖြင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရန် အစီအစဉ် မရှိသေးပါကြောင်း” ကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။

တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးရဲ့ လွှတ်တော်မှာ ဖြေဆိုသွားတဲ့အဖြေကို သုံးသပ်ကြည့်မယ်ဆိုရင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံကိန်းအသစ်တွေကို ထပ်မံချထားပေးတာမျိုး မပြုလုပ်သေးဘဲ အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်မှာ ချထားပေးခဲ့တဲ့ စီမံကိန်းတွေကိုသာ ပြန်လည်စိစစ်ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ အဓိပ္ပာယ် ကောက်ရပါတယ်။ လက်ရှိ NLD အစိုးရသစ်လက်ထက်မှာ အရင်အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းတွေကို စီမံကိန်းတစ်ခုချင်းစီ အလိုက်ပြန်လည် သုံးသပ်တာ၊ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရသစ်တက်ခါစကာလမှာ မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာက အရင်အစိုးရဆင်းခါနီးရက်ပိုင်း အလိုမှာပဲ မန္တလေးမြို့ပေါ်နဲ့ တိုင်းဒေသကြီးအတွင်းမှာ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ချထားပေးခဲ့တာ စိစစ်တွေ့ရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းအချို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းပိုင်းဆိုင်ရာတွေကို သွားရောက်စစ်ဆေးတာ၊ စီမံကိန်းအချို့ကို ယာယီရပ်ဆိုင်းစေခဲ့တာတွေ တွေ့ရပါတယ်။

စီမံဘဏ္ဍာဝန်ကြီး လွှတ်တော်မှာ ဖြေဆိုသွားသလို NLD အစိုးရ လက်ထက်မှာ စီမံကိန်းတွေကို အသစ်ချထားပေးတာ မတွေ့ရသေးပေမယ့် အရင်အစိုးရလက်ထက်ကပွင့် လင်းမြင်သာမှုအားနည်းစွာနဲ့ လုပ်ဆောင်စေခဲ့တဲ့ စီမံကိန်းတွေ၊ အရင်အစိုးရဆင်းခါနီး လပိုင်းအလိုနဲ့ ရက်ပိုင်းအလိုမှာ ချထားပေးခဲ့တဲ့စီမံကိန်း အချို့ကိုတော့ စိစစ်မှုတွေ လုပ်ဆောင်ပြီး လုပ်ငန်းဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ပြုထားတာ တွေ့ရပါတယ်။ အချို့သော အငြင်းပွားဖွယ်ရာ စီမံကိန်းအချို့မှာဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ ရှေးဟောင်းအမွေအနှစ်ပိုင်းဆိုင်ရာတွေနဲ့ ငြိစွန်းနေတဲ့ စီမံကိန်းအချို့ကို ဆက်လက်လုပ်ကိုင် ခွင့်ပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပုဒ်မ ၂၅၁ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပါတယ်။

မန္တလေးမြို့အနီး အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း

မန္တလေးမြို့အနီးမှာ လက်ရှိအစိုးရက စိစစ်ပြီး ဆက်လက်ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေ ရှိပါတယ်။ အဲဒီစီမံကိန်းတွေထဲက မကြာသေးခင်ကမှ လုပ်ငန်းစတင်လုပ်ဆောင်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဟာ အရင်အစိုးရလက်ထက်မှာပဲ စာချုပ်ချုပ်ဆိုခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ စာချုပ်ပါ အချက်အလက်တွေကို ပြန်လည်စိစစ်ပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို ပြန်လည်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ NLD အစိုးရတက်လာချိန်မှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီမံကိန်းကို သေသေချာချာစိစစ်ပြီး ခွင့်ပြုပေးလိုက်တာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ဒီစီမံကိန်းဟာ အရင်အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။ အသံတွေကတော့ မျိုးစုံထွက်နေတာပါပဲ။ ဒါပေမဲ့ အရင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုအကောင်အထည်ဖော်ဖို့ နောင်အစိုးရတာဝန်ပါ။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ နည်းနဲ့လမ်းနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီရပါမယ်။ ဒီဖွံ့ဖြိုးရေး စီမံကိန်းကို သေချာစိစစ်ပါတယ်။ အဖွဲ့တွေ ဖွဲ့ကွင်းဆင်းပြီး သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့မှ ခွင့်ပြုပေးခဲ့တာဖြစ်တယ်။ ဒီနေရာမှာ ပြောစရာရှိတာက အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးတွေ လုပ်တဲ့အခါမှာ စီမံကိန်း ဖော်ဆောင်သူတွေနဲ့ ဆက်ဆံရပါတယ်။ မဆက်ဆံလို့ မရပါဘူး။ ဒါကိုပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အစိုးရဟာ ခရိုနီတွေနဲ့ ဆက်ဆံတယ်။ ခရိုနီတွေနဲ့ ဆက်ဆံတယ်လို့ ပြောနေကြတာပါ။ ဖွံ့ဖြိုးရေး စီမံကိန်းမလုပ်ဘဲ ဘယ်လိုလုပ်ပြီး တိုးတက်မလဲ” လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အပါအဝင် တိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်အတွင်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတည်နေရာဟာ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ အနီးမှာရှိတဲ့ မြေဧက ၂၀၀၀ ကျော်ပေါ်မှာ ကနဦးမတည်ငွေအနေနဲ့ ငွေကျပ် ဘီလျံ ၅၀၀ အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကုမ္ပဏီက MBCCD(Mandalay Business Capital City Development) ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းထဲမှာ ဟိုတယ်ဇုန်၊ စီးပွားရေးဇုန်၊ ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း၊ ပညာရေးဇုန် (ကိုယ်ပိုင်ကျောင်း အပါအဝင် အသက်မွေးဝမ်းကျောင်းများ)၊ ဆေးရုံ၊ မီးသတ်၊ ဝန်ထမ်းအိမ်ရာ၊ လူနေအိမ်ရာ စတဲ့ ဇုန်ခုနစ်ခုကို အပိုင်း (၇) ပိုင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းကာလကို ၁၀ နှစ် သတ်မှတ်ထားတယ်လို့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ စီမံကိန်းဧရိယာထဲက မြေဧက ၄၀ ကိုသာ မြေယာပြုပြင်တာတွေ လုပ်ဆောင်နေသေးတာ ဖြစ်ပါတယ်။ မြေဧက ၄၀ ပေါ်မှာပဲ ကနဦး စီမံချက်အနေနဲ့ လူနေအဆောက်အအုံ၊ အသက်မွေး ဝမ်းကျောင်းတွေ၊ စီပွားရေးဇုန်တွေကို ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဟာ အရင်အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာ ပြန်လည်စိစစ်ပြီး လုပ်ငန်းဆောင်ရွက် ခွင့်ပြုပေးထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး ကနဦးကာလမှာ ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဧရာဝတီမြစ်ရဲ့ နှစ်စဉ်မြစ်ရေတက်လေ့ရှိတဲ့ ရေဝေရေလဲ ဧရိယာတစ်ခုအပေါ်မှ ာ မြေဖို့ပြီးတော့ စီမံကိန်းကို အကောင်အထည် ဖော်သွားမှာဖြစ်တဲ့အတွက် ကမ်းပြိုမှုတွေ၊ မြစ်ရေတက်ချိန်ကာလမှာ ရေကြီးမှုဒဏ်တွေ ပိုမိုခံစားလာနိုင်ဖွယ် ရှိတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေသူတွေက ထောက်ပြဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ စီမံကိန်းဧရိယာဟာ မြေဧက ၂၀၀၀ ကျော် ရှိနေတာကြောင့် ရာနှုန်းပြည့် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့မယ်ဆိုပါက ဧရာဝတီမြစ်ရဲ့ ရေလမ်းကြောင်း ပြောင်းလဲလာတာ၊ ကမ်းပြိုမှုတွေ၊ မြစ်ရေကြီးမှုဒဏ်တွေစတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်လာရမှာကို ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

“စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က ဒေသခံတွေရဲ့ သဘောထား ကောက်ခံခဲ့လားဆိုတော့ ကောက်ခံခဲ့တယ်ဗျ။ ဘယ်လိုကောက်ခံခဲ့လဲဆိုတော့ အစည်းအဝေးတစ်ခုမှာ စီမံကိန်းကို ကန့်ကွက်မယ့်သူတွေ ခေါ်မလာခဲ့နဲ့ ထောက်ခံပေးမယ့်သူတွေပဲ ခေါ်လာခဲ့ပါဆိုတာ ကြားရတဲ့အတွက် ကျွန်တော်တို့က သဘောမတူလို့ မသွားခဲ့ဘူး။ ဒီစီမံကိန်းကြီးကြောင့် မြစ်ရေကြီးမှုဒဏ် ပိုပြီးခံစားလာရမှာနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သွားမှာ စိုးရိမ်နေကြတယ်” လို့ အမရပူရဒေသခံ လုပ်ငန်းရှင်တစ်ဦးက စီမံကိန်းနဲ့ပတ်သက်လို့ သူကြုံတွေ့ခဲ့တာကို ပြောပြခဲ့ပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်မှုတွေ ရှိနေပေမယ့် စီမံကိန်းဘက်ကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းတွေကို နိုင်ငံတကာကပညာရှင်တွေ စစ်တမ်းကောက်ယူခဲ့ပြီး စီမံကိန်းနဲ့ သက်ဆိုင်တဲ့ သုတေသန စာတမ်းအချက်အလက်တွေကို အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်တယ်လို့ စီမံကိန်းဘက်က သိရပါတယ်။ တစ်နေ့တခြားလူဦးရေ ထူထပ်လာတဲ့ မန္တလေးမြို့မှာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ အိမ်ရာစီမံကိန်းတွေ အစရှိတဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ မရှိမဖြစ် လိုအပ်လာတာ အမှန်ပင် ဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ သက်ဆိုင်ရာဒေသအတွက် အမှန်တကယ် အကျိုးရှိစေနိုင်မယ့် စီမံကိန်းတွေဖြစ်လာဖို့က အဓိကအကြောင်းအရာ အချက်ပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ကလည်း အရေးကြီးပြန်ပါတယ်။ အရင်အစိုးရလက်ထက်က စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဖြစ်စဉ် သာဓကတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဟိုတယ်ဇုန်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းစတဲ့ စီမံကိန်းအသံ ဟစ်ပြပြီး မြေယာတွေကို ဈေးကစားသွားခဲ့တာကြောင့် ဥပမာ မြေတစ်ဧက ၁၀ သိန်းခန့် ရှိနေတဲ့မြေယာတွေက ကျပ်သိန်း ရာဂဏန်းကျော်ထိ ရောက်သွားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စီမံကိန်းကတော့ လေထဲမှာပြောပြီးလေထဲမှာပဲ ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် စီမံကိန်းတွေဟာ ဒေသအတွက် အမှန်တကယ် အကျိုးပြုစေမယ့် စီမံကိန်းတွေဖြစ်လာဖို့က အဓိကဖြစ်ပါတယ်။ အမရပူရမြို့ပြစီမံကိန်းဟာ ဒေသအတွက်၊ မန္တလေးမြို့ပြရဲ့ လိုအပ်ချက်တွေအတွက် ဘယ်လောက် အတိုင်းအတာအထိ အထောက်အကူပြုနိုင်မလဲ၊ အမှန်တကယ် အကျိုးပြုလာနိုင်၊ မလာနိုင်ဆိုတာ ဆက်လက်စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

“အမရပူရမြို့ပြစီမံကိန်းဟာ သယံဇာတတွေ ထုတ်ယူသွားမယ့်လုပ်ငန်းတွေလို လုပ်ငန်းအမျိုးအစားတွေ မဟုတ်ပါဘူး။ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေဟာ သယံဇာတတွေလို ဘယ်လိုမှသယ်ယူသွားလို့ မရပါဘူး။ ဒီမြေဒီဒေသမှာပဲ တည်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စကားနည်းနည်းပြောပြီး မြေပြင်ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ အမရပူရမြို့ပြစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ခွင့်ရရှိထားတဲ့ MBCCD ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ၂၀၁၇ ခုနှစ်အတွင်းက စီမံကိန်းနဲ့ ပတ်သပ်ပြီး ဝေဖန်ပြောဆိုနေမှုတွေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မန္တလေးမြို့တွင် တည်ဆောက်ဆဲ စီမံကိန်းလုပ်ငန်းခွင်အချို့ကို တွေ့ရစဉ်

တောင်သမန်အင်းထိပ်က တောင်သမန်သစ္စာစီမံကိန်း

တောင်သမန်သစ္စာစီမံကိန်းဟာ အရင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တဲ့ စီမံကိန်းတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ စီမံကိန်း စတင်ကတည်းက ဝေဖန်ကန့်ကွက်မှုတွေနဲ့အတူ ပွဲဦးထွက်လာခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်မှာတော့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် စီမံကိန်းကို ယာယီရပ်ဆိုင်းခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ စီမံကိန်းဟာ တောင်သမန်အင်းအရှေ့ဘက်၊ ဦးပိန်တံတားတောင်ဘက်အနီး၊ အင်းမြေပေါ်မှာမြေဖို့ပြီး တည်ဆောက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။ မြေဧက ၂၀၀ ကျော်ပေါ်မှာ အကောင်အထည်ဖော် တည်ဆောက်နေတာဖြစ်ပြီး ကနဦးစီမံကိန်းအပိုင်း (၁) မှာ ဟိုတယ်၊ လူနေဆိုင်ခန်း၊ အရောင်းပြခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။ စီမံကိန်းကို အပိုင်းလေးပိုင်းခွဲပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တဲ့ တောင်သမန်သစ္စာစီမံကိန်းဟာ မြေဧက ၁၀၀ ဝန်းကျင်ကို ပြီးခဲ့တဲ့အစိုးရလက်ထက်အတွင်းမှာပဲ ဂရန်ရရှိခဲ့တယ်လို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။ လက်ရှိ NLD အစိုးရတက်လာချိန်မှာတော့ စီမံကိန်းဟာ ခွင့်ပြုချက်ထက် အဆောက်အဦးတွေကို ကျော်လွန်ဆောက်လုပ်ထားတာ၊ ဦးပိန်တံတားနားအထိ မြေဖို့ပြီးလမ်းဖောက်လုပ်တာ စတဲ့ သတ်မှတ်ချက်ထက် ကျော်လွန်လုပ်ဆောင်လာတာကြောင့် ၂၀၁၆ ခုနှစ်ထဲမှာပဲ အစိုးရအဖွဲ့က စီမံကိန်းကို စစ်ဆေးမှုတွေပြုလုပ်ဖို့ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ သတ်မှတ်ချက်ထက် ကျော်လွန်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ပြန်ဖျက်ခိုင်းပြီး ဦးပိန်တံတားအနီးမြေဖို့ လမ်းဖောက်နေတာကိုလည်း ဖယ်ရှားခိုင်းခဲ့ပါတယ်။ သက်ဆိုင်ရာဌာနအလိုက် စိစစ်ရေးအဖွဲ့ဖွဲ့ပြီး စီမံကိန်းကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်လည်ခွင့်ပြုချက်နဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုချက် မရရှိသေးတဲ့အတွက် ခွင့်ပြုချက် ရရှိဖို့တင်ပြထားတယ်လို့ စီမံကိန်းဘက်က ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ လတ်တလောမှာတော့ MIC ခွင့်ပြုချက်ရရှိ၊ မရှိဆိုတာ ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

“တောင်သမန်သစ္စာစီမံကိန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပြန်လည်ခွင့်ပြုထားတာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ငန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကလဲ မြန်မာမှုဟန်ပန်အတိုင်းပဲ လုပ်ဆောင်ရမှဖြစ်သလို အမြင့်ပေက ပေ ၄၀ ထက်ကျော်လို့မရဘူး။ အင်းရဲ့ သဘာဝပတ်ဝန်းကျင်၊ တံတားနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်လို့မရပါဘူး” လို့ တောင်သမန်သစ္စာ စီမံကိန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က စီမံကိန်းနဲ့ပတ်သက်ပြီး ပြောကြားထားတာ ဖြစ်ပါတယ်။

တောင်သမန်သစ္စာ ကုမ္ပဏီကနေ ဦးပိန်တံတားတောင်ဘက် တောင်သမန်အင်းအတွင်းမြေဖို့ပြီး တည်ဆောက်နေတဲ့ တောင်သမန်ကျေးလက် အပန်းဖြေစီမံကိန်းဟာ လက်ရှိအချိန်မှာတော့ NLD အစိုးရရဲ့ ပြန်လည်စိစစ်ခွင့်ပြုချက်နဲ့ စီမံကိန်းလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ စီမံကိန်းဟာ နာမည်ကျော် တောင်သမန်အင်းနဲ့ ဦးပိန်တံတား၊ စီမံကိန်းအရှေ့ဘက်က ကျောက်တော်ကြီးဘုရား အစရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကြားမှာ တည်ဆောက်နေတဲ့စီမံကိန်း ဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် အလွန်ပဲ အချက်အချာနေရာကောင်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပိုင်းဆိုင်ရာတွေနဲ့ ပြန်လည်တွက်ချက် ကြည့်မယ်ဆိုရင် စီမံကိန်းဘက်ကို မေးခွန်းထုတ်စရာတွေက အများကြီး ဖြစ်ပါတယ်။ တောင်သမန်အင်းအတွင်း မြေဖို့ပြီး စီမံကိန်းကို တည်ဆောက်နေတာ၊ ရှေးဟောင်းအမွေအနှစ် ဦးပိန်တံတားနဲ့ နီးကပ်နေတာ၊ အင်းအတွင်းမြေဖို့ပြီး စီမံကိန်းတည်ဆောက်ထားတာကြောင့် မိုးရာသီကာလမှာ တောင်သမန်အင်းပတ်ဝန်းကျင်မှာ ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပွားလာတာစတဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာတွေ ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တာကြောင့် စီမံကိန်းအပေါ် အမရပူရဒေသခံတွေ အပါအဝင် တောင်သမန်အင်းနဲ့ ဦးပိန်တံတားရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို တန်ဖိုးထားလေးစားကြသူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စီမံကိန်းစတင်ကတည်းက သတ်မှတ်ချက်တွေ၊ ညွှန်ကြားချက်တွေကို မလိုက်နာခဲ့တာကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းခိုင်းရတဲ့အထိ ဖြစ်ပွားထားတဲ့ သက်သေသာဓကတွေ ရှိထားတာကြောင့် စီမံကိန်းအပေါ်ပိုပြီးတော့ စိုးရိမ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တောင်သမန်သစ္စာစီမံကိန်းဟာ တောင်သမန်အင်းအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ၊ ဦးပိန်တံတားကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ၊ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိစေမလဲ၊ ဒေသအတွက် ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

“တောင်သမန်သစ္စာစီမံကိန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၄/၂၀၁၇၊ အပိုဒ် ၃၁ အရ ပြန်လည် ခွင့်ပြုပေးထားတဲ့ ဧရိယာထဲမှာပဲ လုပ်ငန်းလုပ်ဆောင်နေတာပါ။ ပေ ၅၀ ရှိတဲ့ အဆောက်အအုံက အရင်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့တာပါ။ အစိုးရသစ်လက်ထက်မှာ ပေ ၄၀ ထက်မကျော်ရဘူးလို့ ညွှန်ကြားထားတဲ့အတွက် ကျော်နေတဲ့ အဆောက်အအုံတွေကို ပြန်ဖျက်သွားမှာပါ။ လက်ရှိအစိုးရလက်ထက်မှာ စီမံကိန်းကိုပိတ်ပြီး အဖွဲ့ပေါင်းစုံပါဝင်တဲ့ အဖွဲ့နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ရှစ်လကျော် ကြာခဲ့ပါတယ်။ ပြန်လည်ခွင့်ပြုခဲ့တာက ၂၀၁၇ ဖေဖော်ဝါရီမှာ ဖြစ်ပါတယ်။ မြေဂရန်ကတော့ အရင်အစိုးရလက်ထက်မှာပဲ ဧကပေါင်း ၉၉ ဧကကျော် မြေဂရန်ရရှိထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့စီမံကိန်းကို အွန်လိုင်းတွေပေါ်မှာ ဝေဖန်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို အပြုသဘောနဲ့ ဝေဖန်မှုတွေ ထောက်ပြမှုတွေကို လက်ခံပါတယ်။ ဒီစီမံကိန်းဟာ တောင်သမန်အင်းနဲ့ ဦးပိန်တံတား၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုရင် ကျွန်တော့်တို့ကို ကြိုက်သလို အရေးယူ အပြစ်ပေးပါ။ အဲဒီလိုထိခိုက်တယ်ဆိုရင် ကျွန်တော်တို့ စီမံကိန်းရဲ့ စီးပွားရေးကိုပါ လာပြီးတော့ထိခိုက်မှာပါ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်၊ အင်းနဲ့ တံတားကို မထိခိုက်အောင် လုပ်ဆောင်သွားမှာပါ” လို့ တောင်သမန်သစ္စာ စီမံကိန်းဒါရိုက်တာ ဦးထွန်းဝင်းနောင်က စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းမီဒီယာတွေကနေတစ်ဆင့် တုံ့ပြန်ပြောကြားထားပါတယ်။

မန္တလေးမြို့အနီးက စီမံကိန်းတွေ ဘာလဲ၊ ဘယ်လဲ

မန္တလေးမြို့အနီးက စီမံကိန်းတွေ တိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးနဲ့ နိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို အမှန်တကယ် အကျိုးပြုနိုင်ဖို့ အဓိကဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အပြည့်အ၀ ခွင့်ပြုချက်မရရှိဘဲ အကောင်အထည် ဖော်ဆောင်နေတဲ့ စီမံကိန်းတွေ၊ လုပ်ငန်းတွေရှိနေခဲ့မယ်ဆိုရင် ဒေသအပါအဝင် တိုင်းဒေသကြီး အစိုးရအတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရာမှာ အသုံးပြုမယ့် ငွေကြေးဟာလည်း ငွေကြေးခဝါချမှုတွေ၊ ငွေဖြူငွေမည်းပြဿနာ၊ ဝင်ငွေခွန်ပေးဆောင်ထားခြင်း ရှိ၊ မရှိ အစရှိတဲ့အချက်တွေကို ပြန်လည်စိစစ်သုံးသပ်ဖို့လည်း လိုအပ်ပါတယ်။

မန္တလေးအနီးဝန်းကျင်နဲ့ တိုင်းဒေသကြီးအတွင်းမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာ အများကြီးရှိပါတယ်။ မန္တလေးမြို့အနီးဝန်းကျင်မှာဆိုရင် ဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်တို့ မြစ်နှစ်စင်းဆုံရာမှာ တည်ဆောက်နေတဲ့ စက်သုံးဆီဆိပ်ကမ်း စီမံကိန်း၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ တောင်သမန်သစ္စာစီမံကိန်း၊ မန္တလေး-ပြင်ဦးလွင် လမ်းသစ်စီမံကိန်း၊ စက်ရုံစီမံကိန်း၊ အိမ်ရာစီမံကိန်းအစရှိတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ ဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်ဆုံနေရာမှာ တည်ဆောက်သွားမယ့် စက်သုံးဆီဆိပ်ကမ်း စီမံကိန်းဟာ ဆီကန်တစ်ကန်မှာ ဆီဂါလန်နှစ်သန်းဆံ့ပြီး ဆီကန်ပေါင်း ၃၂ ကန်ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဟာ မြစ်နှစ်စင်းဆုံတဲ့ နေရာမှာတည်ရှိနေတာ၊ အင်းဝမြို့ဟောင်းနဲ့ အလွန်နီးကပ်နေတာ၊ ကမ်းပြိုမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်လာရနိုင်တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာစတဲ့ အချက်တွေကြောင့် စီမံကိန်းကို အလုံးစုံ ခွင့်ပြုပေးထားခြင်းမရှိသေးဘဲ စိစစ်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေး-ပြင်ဦးလွင်လမ်းသစ်ဖြစ်တဲ့ စီမံကိန်းကိုလည်း အစိုးရအဖွဲ့က စစ်ဆေးမှုတွေ လုပ်ဆောင်ထားပါတယ်။ လမ်းဖောက်လုပ်ရာမှာ ကျွန်းပင်အပါအဝင် အပင်ပေါင်းများစွာကို ခုတ်လှဲရမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာလည်း အရင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအတွင်းမှာဆိုရင် စီမံကိန်းလုပ်ငန်းကြီးတွေ ရှိပါတယ်။ မြင်းခြံခရိုင်အတွင်းမှာ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ မြို့သာစက်မှုဥယျာဉ်စီမံကိန်းတို့လို စီမံကိန်းလုပ်ငန်းကြီးတွေ ရှိပါတယ်။ ဒီစီမံကိန်းဟာလည်း အရင်အစိုးရလက်ထက်က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဒေသခံတောင်သူတွေရဲ့ ယာမြေတွေကို ဝယ်ယူထားပြီး မြေယာပြုပြင်မှုတွေ လုပ်ဆောင်ပြီး စီမံကိန်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ ကန့်ကွက်ဆန္ဒပြနေတဲ့ စီမံကိန်းတွေလည်း ရှိနေပါတယ်။ မကြာသေးခင်က မတ္တရာမြို့နယ်အတွင်းမှာ တည်ဆောက်လည်ပတ်နေတဲ့ တစ်ရက်ကို တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စက်ရုံဟာ ကျေးရွာနှစ်ရွာအနီးမှာတည်ရှိပြီး လက်ရှိအချိန်မှာတော့ ကုန်ပစ္စည်း အချို့ကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာလည်း ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာလည်း ဆက်လက်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စက်ရုံစီမံကိန်းအနီးက ဒေသခံတွေဟာ စီမံကိန်းကိုကန့်ကွက်နေကြပြီး ထောက်ခံတဲ့ဒေသခံအချို့လည်း ရှိနေကြပါတယ်။ ဒေသခံကျေးရွာသားတွေကတော့ စက်ရုံဟာ ကျေးရွာအနီးမှာ တည်ဆောက်လည်ပတ်မှာ ဖြစ်တာကြောင့် ကျောက်မီးသွေး လောင်စာစွမ်းအင်ရဲ့ အန္တရာယ်ကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့အနီးဝန်းကျင်နဲ့ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်နေတဲ့ စီမံကိန်းတွေအားလုံးဟာ လက်ရှိအစိုးရလက်ထက်မှာ ချထားပေးခဲ့တဲ့ စီမံကိန်းတွေတော့ မဟုတ်ပါဘူး။ ယခင်အစိုးရအဖွဲ့နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သဘောတူ ခွင့်ပြုပေးထားတဲ့ စီမံကိန်းလုပ်ငန်း အသစ်မရှိသေးဘူးလို့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။ NLD အစိုးရသစ်တက်လာချိန်မှာ အရင်အစိုးရက ချထားပေးခဲ့တဲ့ စီမံကိန်းတွေ အားလုံးနီးပါလိုလို ပြန်လည်စိစစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့စီမံကိန်းတွေက လက်ရှိအချိန်ထိ ရပ်ဆိုင်းထားရဆဲဖြစ်သလို အချို့စီမံကိန်းတွေကတော့ ခွင့်ပြုချက်နဲ့ ဆက်လက်အကောင်အထည် ဖော်နေကြပါတယ်။

အရင်အစိုးရအဖွဲ့က ချထားပေးခဲ့တဲ့ စီမံကိန်းတွေကို NLD အစိုးရလက်ထက်မှာ ပြန်လည်စိစစ်ခဲ့တာက သဘာဝကျတယ်လို့ ဆိုရပါမယ်။ ဘာကြောင့်ဆို အရင်အစိုးရလက်ထက်က ပွင့်လင်းမြင်သာမှု အားနည်းခဲ့တဲ့ စီမံကိန်းတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်ထက်မှာ စီမံကိန်းတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ခဲ့တဲ့အတွက် အချို့သောစီမံကိန်းတွေဟာ ယခင်ကလုပ်ဆောင်မယ့်ပုံစံနဲ့ ပြောင်းပြန်အသွင်ပြောင်းသွားခဲ့တာတွေ တွေ့ရပါတယ်။ သို့သော် အရင်အစိုးရက ချထားပေးခဲ့တဲ့ စီမံကိန်းဆိုပေမဲ့ လက်ရှိအစိုးရမှာလည်း တာဝန်အပြည့်အ၀ ရှိပါတယ်။ သူ့ကြောင့်ဆိုပြီး လက်ညှိုးထိုးပြနေမယ့်အစား ပြည်သူ့မဲနဲ့အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ထားချိန်မှာ ပြည်သူတွေ သဘောမကျတဲ့၊ သဘောမတူတဲ့ စီမံကိန်းတွေကိုတော့ ပြည်သူ့အစိုးရအနေနဲ့ ဒေသအတွက်၊ တိုင်းဒေသကြီးနဲ့ နိုင်ငံအတွက် အကျိုးမရှိဘူးဆိုရင် ပြတ်ပြတ်သားသား ငြင်းဆန်ရမှာ ဖြစ်ပါတယ်။ သို့မှသာလျှင် ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျတဲ့အစိုးရဖြစ်မှာပါ။ စီမံကိန်းလုပ်ဆောင်မယ့်၊ လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း မိမိကိုယ်ကျိုးထက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးပြီး မိမိအကျိုးကို တရားမျှတစွာ ရယူခံစားသင့်ပါတယ်။

သို့သော် မန္တလေးမြို့အနီး ဝန်းကျင်မှာတော့ အစိုးရခွင့်ပြုချက်နဲ့ ဆက်လက်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေ ရှိနေပါတယ်။ အချို့သောစီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ယဉ်ကျေးမှု အမွေအနှစ်ပိုင်းဆိုင်ရာစတဲ့ ဝေဖန်အငြင်းပွားဖွယ်ရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေရတဲ့ စီမံကိန်းတွေ ရှိနေဆဲပါ။ အကောင်အထည် ဖော်ဆောင်နေတဲ့ စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်မှုမရှိတာ စတဲ့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အတွက် ဆောင်ရွက်သင့်တာ အမှန် ဖြစ်ပါတယ်။ သို့သော် အဆိုပါအချက်တွေနဲ့ ပြောင်းပြန်အချိုးကျနေမယ်ဆိုရင်တော့ ခွင့်ပြုခဲ့တဲ့အစိုးရတွေရဲ့ တာဝန်၊ သက်ဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်သူတွေရဲ့ တာဝန်ဖြစ်တဲ့အပြင် ဒေသ အပါအဝင် နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးနစ်နာမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စီမံကိန်းတွေဟာ ဘာလဲ၊ ဘယ်လဲဆိုတာ စောင့်ကြည့်သွားရမယ့် အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

Most Read

Most Recent