နေရပ် မပြန်နိုင်သူများ၊ နေရပ် စွန့်ခွာကြသူများနဲ့ ရှားပါးနေတဲ့ အလုပ်အကိုင်အခွင့်အလမ်း

နေရပ် မပြန်နိုင်သူများ၊ နေရပ် စွန့်ခွာကြသူများနဲ့ ရှားပါးနေတဲ့ အလုပ်အကိုင်အခွင့်အလမ်း
Published 11 June 2018

ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ခွင့်ရရှိရန် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ လာရောက်၍ ဖြေဆိုခွင့်လျှောက်လွှာအတွက် စောင့်ဆိုင်းနေကြသော လူငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

၂၀၁၇ ခုနှစ်ထဲမှာ ပြည်ပထွက်ပြီး အလုပ်လုပ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၆၀၀၀၀ ကျော် ရှိပါတယ်။ ဒါက  အလုပ်သမား ဦးစီးဌာနရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းပါ။ အရပ်အခေါ် အောက်လမ်းက သွားတဲ့ လူဘယ်နှယောက် ရှိလဲဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ခန့် မှန်းခြေအရဆိုရင် ပြည်ပမှာ တရားဝင်ရော၊ တရားမဝင်ရော အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား အနည်းဆုံး ငါးသန်းကျော်ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ ဧပြီအထိ ပြည်ပ ထွက်ပြီးအလုပ်သွားလုပ်တဲ့ မြန်မာလုပ်သား ခြောက်သောင်းခွဲ ကျော်ရှိတယ်လို့  အလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာလတူ ပြီးခဲ့တဲ့၂၀၁၇ ဇန်နဝါရီ ကနေ ဧပြီအထိမှာတာ့ ပြည်ပမှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သား လေးသောင်းကျော်ပဲရှိပါတယ်။ ၂၀၁၇ ခုနှစ် နဲ့ ၂၀၁၈ ခုနှစ် ပထမလေးလမှာ ပြည်ပထွက် အလုပ်လုပ်တဲ့ လူဦးရေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ ပြည်ပထွက်တဲ့ မြန်မာလုပ်သားဦးရေ ပိုများလာတာကို တွေ့ ရပါတယ်။

မြန်မာလုပ်သားတွေ အလုပ် သွားလုပ်တဲ့ နိုင်ငံတွေထဲမှာ အများဆုံးက ထိုင်း၊ မလေး ရှား၊ ကိုးရီးယား၊ စင်ကာပူ၊ ဂျပန်စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒီထဲမှာ  မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ မြန်မာ့ ရေမြေသဘာဝနဲ့လည်း နီးစပ်တဲ့ ထိုင်းမှာ တရားဝင်ရော၊ တရားမဝင်ရော အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားဦးရေဟာ သုံးသန်း  ကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေက မြို့နယ်အပေါ်မူတည်ပြီး ဘတ် ၃၀၀ ကနေ ၃၁၀ အထိ ရရှိတာကြောင့် မြန်မာငွေနဲ့ တွက်မယ်ဆိုရင် တစ်ရက်ကို ကျပ် ၁၂၀၀၀ ကျော်ကနေ ကျပ် ၁၃၀၀၀ ကျော်အထိ ရှိနေတာကြောင့် အလွယ်တကူ သွားရောက်လုပ်ကိုင်နေကြတာပါ။

မြန်မာနိုင်ငံမှာ ရတာက တစ်ရက်မှ ကျပ် ၄၈၀၀ ရှိတဲ့အတွက် ထိုင်းထက်စာရင် လုပ်အားခ နှစ်ဆကျော် သုံးဆနီးပါး နည်းနေပါတယ်။ ဒါကြောင့်ပဲ မြန်မာရွှေ့ပြောင်း လုပ်သားတွေက ထိုင်း နဲ့ပြည်ပနိုင်ငံတွေကို သွားရောက် လုပ်ကိုင်ကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ဆိုပါတယ်။

ဒီလို သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တခြားနိုင်ငံတွေဆီ တစ်နှစ်ထက် တစ်နှစ် လုပ်သားစီးဆင်းမှု ပိုများလာတာက အစိုးရအတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

အလုပ်လုပ်နိုင်စွမ်းရှိတဲ့လူငယ်၊ လူရွယ်တွေ ပြည်ပထွက် အလုပ်လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့လူ့စွမ်းအား အရင်းအမြစ်ကို ထိခိုက်ဆုံးရှုံးနေတဲ့အပြင် ဒီပြဿနာကို လက်ရှိ အစိုးရအထိ နိုင်နင်းအောင် ကိုင်တွယ် ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။

ပြည်ပထွက် အလုပ်လုပ်တဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအတွက် စိန်ခေါ်မှုမျိုးစုံ ရှိနေပါတယ်။ ဒါတွေကတော့ ဘာသာစကား အခက်အခဲ၊ လုပ်ငန်းခွင်အဆင်မပြေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု၊ နှိမ့်ချဆက်ဆံခံရမှု၊ လူကုန်ကူးခံရမှု စတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများအား တွေ့ရစဉ်

ဒီကနေ အစိုးရချင်းနားလည်မှု စာချွန်လွှာ MoU စနစ်၊ Demand Letter (အလုပ်ခေါ်စာ) နဲ့ သွားတဲ့သူတွေတောင် တစ်ဖက်နိုင်ငံမှာ အဆင်မပြေ ဒုက္ခရောက်နေတာတွေ ရှိပါတယ်။ ဒီကနေသွားတုန်းက လုပ်ရမယ်လို့ပြောတဲ့အလုပ်နဲ့ ဟိုရောက်တော့ လုပ်ရတဲ့အလုပ်က ကွဲလွဲနေတာမျိုး တွေရှိခဲ့ဖူးပါတယ်။ အခုလည်းရှိနေဆဲပါပဲ။

“ထိုင်းမှာ မြန်မာတွေဖြစ်လေ့ရှိတာက လုပ်ငန်းခွင် အဆင်မပြေတာ။ MoU စနစ်နဲ့ သွားတယ်။ ဒီမှာ ပြောထားတာကတစ်မျိုး ဟိုဘက်ရောက်တော့ အလုပ်နေရာမတူဘဲ လုပ်နေရတာတွေရှိတယ်။ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာ၊ လစာအပြည့် အဝမပေးတာ ဖြစ်နေတယ်ဆိုရင် အလုပ်သမားတွေအနေ နဲ့ တိုင်ကြားနိုင်ပါတယ်” လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ထင်ကျော်က ပြောပါတယ်။

အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ အေဂျင်စီတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ဒုက္ခရောက်ရတာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“MoU စနစ်နဲ့ တရားဝင်ပို့တာကို ကျွန်တော်က သဘောကျတယ်။ ဒါပေမဲ့ ပြဿနာတွေ ရှိနေတုန်းပဲ။ အစိုးရချမှတ်ထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာတဲ့ဝန်ထမ်းတွေရှိသလို အေဂျင်စီတွေကလည်း စည်းကမ်း မလိုက်နာတာတွေရှိတယ်။ ရွှေ့ပြောင်း လုပ်သားတွေ အဓိကကြုံတွေ့နေရတဲ့ ပြဿနာက လုပ်အားခအ ပြည့်အ၀ မရတာပဲ။ နောက်ပြီး လူကုန်ကူးခံရတာတွေရှိတယ်။ တစ်ဖက်နိုင်ငံက အလုပ်သမားအခွင့်အရေးတွေ ပြည့်ပြည့်၀၀ မရတာတွေ အများကြီးရှိတယ်” လို့ ဦးထူးချစ်က ဆိုပါတယ်။

ပြည်ပကို MoU စနစ်နဲ့ တရားဝင်လုပ်သား စေလွှတ်တဲ့နေရာမှာ စည်းကမ်းချိုးဖောက်တဲ့ အေဂျင်စီတွေ ရှိနေပြီး အဲ့ဒီအေဂျင်စီတွေကို တိုင်မယ်ဆိုရင် ရာသက်ပန် လိုင်စင်သိမ်းတဲ့အထိ အရေးယူမှုတွေရှိခဲ့ပါတယ်။

MoU စနစ်နဲ့မဟုတ်ဘဲ တရားမဝင် အောက်လမ်းက သွားတဲ့လူတွေအတွက် စိန်ခေါ်မှုတွေက ပိုကြီးပါတယ်။ လုပ်အားခ အပြည့်အဝမရဘဲ ထိုင်းလုပ်ငန်းရှင်တွေက မတရားဖိနှိပ်တာ။ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ထိုင်းရဲတွေ ဖမ်းခံရရင် ငွေ ပေးရတာတွေအပြင် လူကုန်ကူးခံရတာတွေစတဲ့ ဒုက္ခမျိုးစုံ၊ ပြဿနာမျိုးစုံကို တရားမဝင်သွားတဲ့ အလုပ်သမားတွေ အမြဲကြုံတွေ့နေရပါတယ်။

လုပ်အားခခေါင်းပုံဖြတ်ခံရတာ၊ ထိုင်းလုပ်ငန်းရှင်တွေရဲ့ မတရား ဖိနှိပ်တာတွေကို သက်ဆိုင်ရာကို တိုင်ကြားဖို့ အခက်အခဲတွေ ရှိနေပါတယ်။ သူတို့က တရားမဝင် အောက်လမ်းက သွားတာဖြစ်တဲ့အတွက် ထိုင်းရဲနဲ့ ဌာနဆိုင်ရာကို တိုင်မယ်ဆိုရင် အရင်ဆုံး အဖမ်းခံရမှာပါ။ ဒါကြောင့် တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေဟာ ဖြစ်လာသမျှ ဒုက္ခမျိုးစုံ၊ ပြဿနာမျိုးစုံကို ခါးစည်းခံနေရပါတယ်။

ပြည်ပမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေ အခက်အခဲဒုက္ခမျိုးစုံ ရောက်နေပေမယ့် ရန်ကုန်မြို့က ပတ်စ်ပို့ရုံးမှာတော့  ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ပတ်စ်ပို့လာလျှောက်တဲ့ လူတွေ များပြားနေဆဲဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး လူ ၂၀၀၀ ကနေ ၃၀၀၀ ဝန်းကျင်လောက် ပတ်စ်ပို့စာအုပ် လာလုပ်နေကြတာပါ။ ဒီထဲမှာ အလည်အပတ်သွားတဲ့သူက အလွန်နည်းပြီး အလုပ် သွားလုပ်တဲ့သူက လေးပုံပုံ သုံးပုံကျော်အထိ  ရှိနေပါတယ်လို့ ပတ်စ်ပို့ရုံးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“လာလျှောက်တဲ့လူတွေထဲမှာ ထိုင်းသွားပြီး အလုပ်လုပ်တဲ့လူက များတယ်။ အလည်အပတ်လျှောက်တဲ့ လူက အဲဒီလောက်မများဘူး။ အလုပ်သွားလုပ်ဖို့ လျှောက်တဲ့လူက ပိုများတယ်။ လာလျှောက်တဲ့လူ ၂၈၀၀ ရှိရင် ၂၀၀၀ လောက်က အလုပ် သွားလုပ်မယ့် လူဖြစ်နေတယ်။ သုံးပုံပုံ နှစ်ပုံလောက်က PJ (Passport for Job)  တွေ ဖြစ်နေတယ်။ လာလျှောက်တဲ့လူတွေထဲမှာ ပဲခူးတိုင်းက လူတွေက အများဆုံးဖြစ်နေတယ်” လို့ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးရှိ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်က စက်မှုဇုန်တွေမှာ အနည်းဆုံး လုပ်ခတစ်ရက် ကျပ် ၄၈၀၀ ကို အစိုးရက  ၂၀၁၈ ခုနှစ် မေက တရားဝင်သတ်မှတ်ခဲ့ပေမယ့် မပေးသေးတဲ့ စက်ရုံတွေရှိနေတာကြောင့်

အလုပ်သမားတွေဘက်က တောင်းဆိုနေရ ဆဲဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေရဲ့ဖိနှိပ်ခံရတာ၊ အလုပ်သမား အခွင့် အရေးတွေ အပြည့်အဝမရတာနဲ့ အနည်းဆုံး လုပ်ခအပြင် ကျွမ်းကျင်မှုအလိုက် ပိုက်ဆံတိုးပေးဖို့ဆန္ဒပြတောင်းဆိုနေတာတွေရှိပါတယ်။

အရင်က မြန်မာနိုင်ငံရဲ့ အနည်းဆုံး လုပ်ခက တစ်ရက်ကို ကျပ် ၃၆၀၀ ကျပ်ရှိပါ တယ်။ လက်ရှိမှာတော့ အနည်းဆုံး လုပ်ခလစာကို ကျပ် ၄၈၀၀ တိုးပေးခဲ့ပေမယ့် တစ်လကို ဒေါ်လာ ၁၀၀ ကျော်ရရှိတဲ့အတွက် အာဆီယံနိုင်ငံ တွေထဲမှာ အနည်းဆုံး လုပ်ခလစာရတဲ့နိုင်ငံအဖြစ် ရှိနေပါသေးတယ်။

ဒါကြောင့် အခြေခံ အလုပ်သမားတစ်ယောက်ရဲ့ တစ်လဝင်ငွေက အချိန်ပို၊ ရက် မှန်ကြေးနဲ့ အခြား ခံစားခွင့်တွေအပါအဝင်ထည့်ပေါင်းမှ နှစ်သိန်းဝန်းကျင်လောက်ပဲရပါတယ်။

နေစရိတ်၊ စားစရိတ် ဈေးကြီးလှတဲ့ ရန်ကုန်မြို့ကြီးမှာ အခြေခံ အလုပ်သားတစ်ယောက်ရဲက ဝင်ငွေက မိသားစုတစ်စု နေထိုင် စားသောက်ဖို့အတွက် မလောက်ငပါဘူး။ အိမ်ငှားစရိတ်၊ စားသောက်စရိတ်၊ သာရေးနာရေးစရိတ်တွေကို အစိုးရသတ်မှတ်လိုက်တဲ့ တစ်ရက် ကျပ် ၄၈၀၀ နဲ့ ဖြေရှင်းလို့ အဆင်မပြေနိုင်ပါဘူး။

အနည်းဆုံးလုပ်ခကိုကျပ် ၄၈၀၀ တိုးပေးပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံဝန်ထမ်းတွေရဲ့ အဆောင်နေစရိတ်တွေက အရင်ကထက် ငါးထောင်ကနေ တစ်သောင်းခွဲ လောက်အထိ ထိုးတက်လာတယ်လို့ အလုပ် သမားတွေပြောပြလို့သိရပါတယ်။

“အခု ကျွန်တော်နေတဲ့အဆောင်က အရင်တုန်းက ငါးသောင်း။ ၄၈၀၀ ရပြီး နောက်မှာ ငါးသောင်းခွဲ၊ ခြောက်သောင်းဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်။ ကျွန်တော်တို့ အလုပ်သမားတွေ က ၄၈၀၀ တိုးတယ်ဆိုပြီး နာမည်ပဲရလိုက်တာ။ အကျိုးခံစားခွင့်က ဘာမှမရှိဘူး။ကုန်ဈေးနှုန်းက လိုက်တက်လာတဲ့အတွက် ပိုဝင်လာတဲ့ ပိုက်ဆံကအပြင်ကိုပြန်ထွက်သွားတယ်။ ဘာမှ မထူးဘူး”လို့ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံဝန်ထမ်း ဦးထွန်းစိန်က ပြောပါတယ်။

ကိုထွန်းစိန် ပြောသလိုပဲ လစာတွေတိုးပေမယ့် အလုပ်သမားတွေအတွက် နာမည်သာရှိခဲ့ပြီး အဆောင်လခတွေ၊ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ သားငါးဈေးတွေဟာ  ၄၈၀၀ ရပြီး နောက်ပိုင်း အနည်းငယ်မြင့် တက်လာတယ်။ ဒီလို ကုန်ဈေးနှုန်းတက်လာကြောင့် လစာတိုးရပေမယ့် အလုပ်သမားတွေရဲ့ ဘဝကတော့ ဒုံရင်းက ဒုံရင်းပါပဲ။

ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ဝင်ငွေနဲ့ ထွက်ငွေဟာ မမျှမတ ဖြစ်နေတာတွေက ပြည်ပကို အလုပ်ထွက်လုပ်ဖို့ တွန်းပို့နေတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူငယ်လူရွယ်တွေ ပြည်ပမထွက်ဘဲ ပြည်တွင်းမှာ လုပ်နိုင်ဖို့အတွက် ဆိုရင် နိုင်ငံရဲ့ စီးပွားရေး အခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းကောင်းတွေ ပိုများလာနိုင်တယ်လို့ အလုပ်သမားတွေက ယုံကြည်နေကြပါတယ်။

“စီးပွားရေးကောင်းဖို့အတွက် ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ တင်းတိမ်လို့မရဘူး။ ကျွန်တော်တို့ နိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ နည်းပညာရှင်တွေကို ဖိတ်ခေါ်ရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် စီးပွားရေးချွတ်ချုံကျမှုကို ဆွဲတင်နိုင်လိမ့်မယ်။ စီးပွားရေးအင်အား တောင့်တင်းလာမယ်ဆိုရင် နိုင်ငံရေးမှာ အင်အားကောင်းလာမယ်။ နိုင်ငံရေးမှာ အင်အားကောင်းလာမယ်ဆိုရင် ပြည်ပက မြန်မာတွေ အနှိမ်ခံရတာတို့၊ ခွဲခြားဆက်ဆံတာတို့ မရှိတော့ဘူးပေါ့ဗျာ”လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်း စုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုနော်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်လာပြီး စီးပွားရေး ချွတ်ခြုံကျမှုကို ပြုပြင်ပြောင်းလဲနိုင်မယ် ဆိုရင်တော့ ပြည်တွင်းက မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်ကောင်းတွေ ရရှိမှာဖြစ်ပြီး ပြည်ပဆီ လုပ်သားအင်အား စီးဆင်းမှုတွေ လျော့နည်းလာနိုင်မှာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံနေရပေမယ့် သူတို့ရဲ့မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ အိပ်မက်တွေ ကိုယ်စီ ရှိနေကြပါတယ်။ အဲဒီ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင်  အဓိက တာဝန်ရှိသူကတော့ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့် NLD အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့ အိမ်ပြန်ချင်တဲ့ဆန္ဒကို လက်ကျန် အစိုးရသက်တမ်းသုံးနှစ်အတွင်းမှာ ဘယ်လောက်အထိ အကောင်အထည်ဖော်ပေးနိုင်မလဲဆို တာကတော့ ဆက်လက်စောင့်ကြည့်ရုံသာ ရှိပါတော့တယ်။

“ကျွန်တော် မလေးရှားကိုရောက်တာ ကိုးနှစ်ရှိပြီ။ မြန်မာပြည်ကို တစ်ခေါက်ပဲ အလည်ရောက်ဖြစ်တယ်။ ဒီမှာပဲ အိမ်ထောင် ကျတယ်။ အမျိုးသမီးက ကိုယ်ဝန်ရှိတော့ မြန်မာပြည်ပြန်သွားတယ်။ ကျွန်တော်က ဒီမှာပဲ ဆက်လုပ်နေတုန်း။ အဆိုးဆုံးကတော့ ကျွန်တော့်သမီးလေးက အခုဆို သုံးနှစ်ရှိပြီ။ အခုထိ သမီးလေးကို ကျွန်တော် မချီဖူးသေးဘူး။ သမီးက ကျွန်တော်ကို ဖုန်းထဲမှာပဲ မြင်ဖူးတယ်။ အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ဖြစ်နိုင်ရင် မြန်မာပြည်ကို အမြန်ပြန်လာပြီး အခြေချချင်နေပြီ” လို့ မလေးရှားမှာ ကိုးနှစ်ကျော် အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရန်နိုင်က ပြောပါတယ်။

Most Read

Most Recent