ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ မှာ အများပိုင်ကုမ္ပဏီ မှတ်ပုံမတင်ရသေးသဖြင့် ပြေးဆွဲနိုင်ခြင်း မရှိသေး

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ မှာ အများပိုင်ကုမ္ပဏီ မှတ်ပုံမတင်ရသေးသဖြင့် ပြေးဆွဲနိုင်ခြင်း မရှိသေး
Published 22 August 2017

ပြည်သူ့ရင်ပြင်တွင် ရပ်တန့်ထားသည့် ရန်ကုန်မြို့ရှိ ကျောင်းများတွင် ပြေးဆွဲမည့် ကျောင်းကားအချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းအစိုးရမှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ သည် အများပိုင်ကုမ္ပဏီ မှတ်ပုံမတင်ရသေးသဖြင့် ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားသည်။

“ကျောင်းကားတွေ ဝယ်ထားတာနဲ့ ပတ်သက်ပြီးတော့ အများပိုင်ကုမ္ပဏီ ဖွဲ့နေတယ်။ အမြန်ဆုံး ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတယ်။ ရွှေလက်ဆိုတဲ့ အများပိုင်ကုမ္ပဏီအမည်နဲ့ ဖွဲ့ထားတယ်။ ကျောင်းကား ဘယ်တော့စဆွဲမယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ ကုမ္ပဏီမှတ်ပုံတင်ဖို့ လုပ်နေတယ်” ဟု ဒေါက်တာ မောင်အောင်က ပြောကြားသည်။

အစိုးရချင်း ချိတ်ဆက်ဝယ်ယူသည့် ကိုရီးယားနိုင်ငံထုတ် ကျောင်းကားများကို Posco Daewoo Co., Ltd မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လွှဲတာက မနက်က လွှဲတာပါ။ ပြီးသွားပြီ။ ဆရာတို့က အများပိုင်လုပ်တဲ့ ကုမ္ပဏီတွေကို လွှဲပေးမှာပါ။ ဟိုဘက်ကနေ ဆရာတို့ အစိုးရဘက်ကို လွှဲတာ ဆရာတို့က ထပ်လွှဲသွားမှာပါ။ အမြန်ဆုံး ဆောင်ရွက်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်းကား ပြေးဆွဲမည့်သူများက ပြန်လည် ဝယ်ယူမည်ဆိုပါက အခွန်အခ သက်သာမည့်အပြင် ဘဏ်များဖြင့် ချိတ်ဆက်ကာ ချေးငွေဖြင့် ဝယ်ယူမှုပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကနဦးစာရင်းအရ School Bus များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်သော အ.ထ.က (၄) ဗိုလ်တထောင်၊ အ.ထ.က (၅) ဗိုလ်တထောင်၊ အ.ထ.က (၆) ဗိုလ်တထောင်၊ အ.ထ.က (၁) လသာ၊ အ.ထ. က (၂) လသာ၊ အ.ထ.က (၄) ပုဇွန်တောင်၊ အ.ထ.က (၁) ပန်းဘဲတန်း၊ အ.ထ.က (၁) ကျောက်တံတား၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း(လှိုင်)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ရန်ကင်း)၊ အ.ထ.က (၁) ဒဂုံ၊ အ.ထ.က (၂) ဒဂုံ၊ အ.လ.က (၁) ဒဂုံ၊ အ.ထ.က (၁) မင်္ဂလာတောင်ညွန့်၊ အ.ထ.က (၂) ဗဟန်း၊ အ.မ.က (၁) ဗဟန်း၊ အ.ထ.က (၁) စမ်းချောင်း၊ အ.ထ.က (၂) စမ်းချောင်း၊ အ.ထ.က (၄) အလုံ၊ အ.ထ.က (၂) ကမာ ရွတ်၊ အ.ထ.က (၁) အင်းစိန်၊ အ.ထ.က (၂)မရမ်းကုန်း၊ အ.ထ.က (၁) သင်္ဃန်းကျွန်း၊ အ.ထ.က (၂) မင်္ဂလာဒုံနှင့် ILBC တို့ ပါဝင်ကြောင်း သိရသည်။

အစိုးရမှ တင်သွင်းမည့် ကျောင်းကားအစီး ၂၀၀ သည် ယခင်က ကျောင်းပေါင်း ၂၆ ကျောင်းအတွက် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ကျောင်းပေါင်း ၂၂ ကျောင်းအတွက်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းကားများ အဆင့်မြှင့်တင်ရေးနှင့် စနစ်တကျ ရှိစေရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ယခုအစိုးရလက်ထက်တွင်သာ မဟုတ်။၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent