စစ်ကိုင်း၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဒေသခံ ထောင်နှင့်ချီ ရွှေ့ပြောင်းမှု ပြုလုပ်နေရ

စစ်ကိုင်း၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဒေသခံ ထောင်နှင့်ချီ ရွှေ့ပြောင်းမှု ပြုလုပ်နေရ
Published 22 August 2017

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

သြဂုတ်လ တတိယအပတ်မှ စတင်ပြီး ဧရာဝတီမြစ်ရေ ပြန်လည် မြင့်တက်လာမှုကြောင့် မြစ်ကြောင်းတစ်လျှောက် မြို့ရွာများ တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၂၁ ရက်တွင် စစ်ကိုင်း၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့၌ စိုးရိမ်ရေအမှတ် ကျော်လွန်ပြီးနောက် ဒေသခံ ထောင်နှင့်ချီပြီး ရွှေ့ပြောင်းမှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

■ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့တွင် အိမ်ထောင်စု ၈၀၀ ခန့်၊ လူဦးရေ ၄၀၀၀ ကျော် ရွှေ့ပြောင်း နေထိုင်နေရ

စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အိမ်ထောင်စု ၈၀၀ ခန့်၊ လူဦးရေ ၄၀၀၀ ကျော်မှာ ရေလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

“စစ်ကိုင်းမှာ ကယ်ဆယ်ရေးစခန်း အဓိက လေးခု ရှိပါတယ်။ ကျန်တာတွေကတော့ ဘုန်းကြီးကျောင်းတို့၊ ဘုရားဝင်းအတွင်းမှာ တက်နေရတဲ့ ရေဘေးဒုက္ခသည်တွေလည်း ရှိပါတယ်။ အားလုံး စုစုပေါင်း မနေ့က စာရင်းလိုက်ကောက် ကြည့်တဲ့အခါမှာတော့ အိမ်ထောင်စု ၈၀၀ လောက် ရှိပါတယ်။ လူဦးရေအားဖြင့် ၄၀၀၀ ကျော်လောက် ရှိပါတယ်။ ဒါတွေအကုန်လုံးကို ဒီနေ့မနက်မှာ ရေသန့် ရရှိဖို့အတွက် ကျွန်တော်တို့ ကြက်ခြေနီအနေနဲ့ ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တိုင်းတပ်ဖွဲ့မှူး ဦးတင့်ငွေက ပြောကြားသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့ပြီး ကုန်းပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြလျက် ရှိသော ဧမြဝတီရပ်ကွက်၊ ငါးထပ်ကြီး ဘုရားဝန်း၊ ဓာတ်ပေါင်းစုစေတီ ဘုရားဝန်း၊ ဇီးချောင်းကျေးရွာတို့သို့ သြဂုတ် ၂၀ ရက် နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ စသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သွားရောက်ပြီး စားနပ်ရိက္ခာများ အခက်အခဲ မရှိစေရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အလှူငွေများနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ပြောကြားသည်။

“မနေ့က ငါးထပ်ကြီး ဘုရားဝင်းအတွင်းမှာ ကယ်ဆယ်ရေးစခန်း၊ ဧမြဝတီရပ်ကွက် ကယ်ဆယ်ရေးစခန်းတို့ကို ရောက်ပါတယ်။ နောက် ဓာတ်ပေါင်းစေတီမှာ ရှိနေတဲ့ ဇီးချောင်းကျေးရွာဘက်က ရေနစ်မြုပ်တဲ့ဘက်က တက်လာနေတဲ့ ရေနစ်မြုပ်တဲ့ ဒုက္ခသည်တွေလည်း ရှိတယ်ပေါ့၊ အဲဒီ စခန်းပေါင်း အားလုံးပေါင်းမှာ အိမ်ထောင်စု ၅၀၂ စု ရှိပါတယ်။ လူဦးရေနဲ့ အနေနဲ့ဆို ၂၃၂၃ ဦးပေါ့၊ ဒီ၂၃၂၃ ဦးကို တစ်ဦးလျှင် ကျပ် ၂၁၀၀ နှုန်း တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့သွားတာ ရှိပါတယ်။ နောက် ရေသန့်ဘူးတွေ ထောက်ပံ့သွားတာ ရှိပါတယ်။ ရေဘေးဒုက္ခသည်တွေနဲ့ တွေ့ပြီးတော့ သူတို့ရဲ့ အခက်အခဲတွေ မေးမြန်းစုံစမ်းတယ်။ လိုအပ်တဲ့ ဟာလေးတွေ ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။ လူဦးရေကတော့ မြစ်ရေတက်ရင် တက်သလို လူဦးရေ တိုးနိုင်စရာရှိပါတယ်။ တိုးလာမယ့် လူဦးရေအပေါ်ကိုလည်း ဆက်လက်ပြီးတော့ ထောက်ပံ့သွားမယ်လို့ လူကယ်ပြန် ဒုညွန်ချုပ်ကြီးက ကတိပေးသွားတာ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့အနေဖြင့် ဧရာဝတီမြစ်နံဘေး တစ်လျှောက်ရှိ ရေဘေးကြုံတွေ့နေရသည့်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ ခန္တီး၊ မော်လိုက်၊ ဖောင်ပြင်၊ ဟုမ္မလင်း စသည့် မြို့နယ်များရှိ ရေဘေးကြုံတွေ့နေရသည့် သူများကို ကြက်ခြေနီအဖွဲ့မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တိုင်းတပ်ဖွဲ့မှူး ဦးတင့်ငွေက ပြောကြားသည်။

စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်၌ ရှိသော ငါးထပ်ကြီးဘုရားတွင် လာရောက် ခိုလှုံနေသော ရေဘေးဒုက္ခသည်များအား သြဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ရန်ပိုင်)

■ ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အား ကျော်လွန် ရောက်ရှိသွားပြီး ဒေသခံ ထောင်နှင့်ချီ ရွှေ့ပြောင်းမှု ပြုလုပ်နေရ

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ ယခု သြဂုတ် ၂၁ ရက်တွင် စိုးရိမ်ရေအမှတ် စင်တီမီတာ ၂၀၁၅၀ အား ကျော်လွန် ရောက်ရှိသွားပြီး ရေနစ်မြုပ်ဒေသများမှ ဒေသခံ ထောင်နှင့်ချီ ရွှေ့ပြောင်းမှု ပြုလုပ်နေရကြောင်း အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ပခုက္ကူမြို့ပေါ်ရှိ မြစ်ကမ်းဘေးအမှတ် (၁)၊ အမှတ် (၁၃)၊ အမှတ် (၁၄) ရပ်ကွက်များမှ အနိမ့်ပိုင်း နေထိုင်သူများမှာ မြစ်ရေဝင်ရောက်မှု များပြားလာသည့်အတွက် နေအိမ်များ ရေနစ်မြုပ်လာခြင်းကြောင့် ရေလွတ်ရာ နေရာများဆီ လူဦးရေ ထောင်နှင့်ချီ ရွှေ့ပြောင်းနေကြောင်း သိရသည်။

မြစ်ကမ်းနံဘေးရှိ မြစ်ရေဝင် ရွှေချောင်းကျွန်း၊ အေးကျွန်းကျေးရွာတို့မှာ ဒေသခံများမှာ ရေလွတ်ရာ ကတ္တရာလမ်းပေါ်သို့ ရွှေ့ပြောင်းနေကြပြီး လိပ်ကုန်း၊ ဗွက်ကုန်း၊ ပခုက္ကူကျွန်း ကျေးရွာများမှာ တောင်သူများမှာလည်း လုပ်ငန်းသုံး ခိုင်းနွားများအား ရေလွတ်ရာ ကုန်းမြင့်များသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

“မြစ်ရေတက်က အရင်ရေထက် ပိုမြန်တယ်။ ရပ်ကွက် အနိမ့်ပိုင်းတွေက အတော်များများ ရေဝင်နေပြီ။ ပြောင်းတဲ့ လူဦးရေကလည်း ၉၀၀ ကျော်လောက် ရှိပြီ။ ရေမကျသေးဘဲ ထပ်တက်လာမယ်ဆိုရင် ပြောင်းရတဲ့ အိမ်က များလာမှာ ဖြစ်ပါတယ်။ အရင် ဇူလိုင်လတုန်းကတော့ လူဦးရေ သုံးထောင်ကျော် ပြောင်းရတယ်။ ခုရေက မနက်နဲ့ နေ့လယ်ကို မတူတော့ မနက်ဖြန်ဆိုရင်ကို ပြောင်းတဲ့သူ များလာနိုင်တယ်။ နှစ်ခါပြောင်းတာတော့ ငွေကုန်လည်း များလာတယ်။ ဒီမနက် ၂၁ ရက်မှာ အာယုသုခ ဆရာတော်က ထမင်းနဲ့ ဟင်း လာဝေပေးတယ်” ဟု အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းက ပြောကြားသည်။

ပခုက္ကူမြို့ အနောက်ဘက်ခြမ်းရှိ သင်္ဘောကုန်း၊ ကုက္ကိုလှ၊ ရွာသစ်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုနှင့် ရွာသစ်ကျေးရွာတို့တွင်လည်း မြစ်ရေ ဝင်ရောက်လာသည့်အတွက် ဒေသခံများမှာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းနေကြပြီး ကျွန်းညိုရွာသစ် ကျေးရွာမှ အိမ်ထောင်စု အများအပြား ဆင်ဖြူကျွန်းကျေးရွာအနီး မြို့မလမ်းဘေးသို့ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ဥယျာဉ်ကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းသို့ အနီးနား ရေဝင်နစ်မြုပ် ကျေးရွာများမှ ဒေသခံ အိမ်ထောင်စု ၁၀၀ ကျော် ရွှေ့ပြောင်း ခိုလှုံနေပြီး မြစ်ရေ ဆက်လက်မြင့်တက်လာပါက ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

“ရေဘေးရှောင်စခန်းက ပထမ ရေတက်ကာလ ပြီးတော့ မဖျက်ဘဲ ဆက်ထားလိုက်တယ်။ အခု ဒုတိယရေတက်တာနဲ့ ဒေသခံတွေက ချက်ချင်းပြောင်းလာကြတယ်။ လက်ရှိ အိမ်ထောင်စု တစ်ရာကျော်လောက် ရောက်နေပြီ။ အဓိက ကတော့ နွားတွေအတွက်ပါ။ နွားတွေက ရေစိုကြာရင် ခွာပုတ်ပြီး သေတော့ ရေတက်တာနဲ့ ချက်ချင်းပြောင်းလာကြတာ။ တချို့ အပြောင်းနောက်ကျလို့ နွားတွေ ခွာပုတ်သေတာ ရှိတယ်” ဟု ပခုက္ကူမြို့နယ်ရှိ ရေဘေးရှောင်စခန်းတွင် အကူအညီပေးနေသည့် ကိုရဲထွဋ်က ပြောကြားသည်။

မြစ်ရေ မြင့်တက်လာသည့်အတွက် ရေနစ်မြုပ်ကျေးရွာများ၊ ရွှေ့ပြောင်း အိမ်ထောင်စုများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စာရင်းကောက်ယူနေပြီး မြစ်ရေဝင် ကျေးရွာများမှ စာသင်ကျောင်း ခုနစ်ကျောင်း ယာယီပိတ်ထားရကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ သြဂုတ် ၂၁ ရက် တိုင်းထွာချက်အရ ၂၁၅၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် စင်တီမီတာ ၂၁၅၀ အထက် လေးစင်တီမီတာ ကျော်လွန် ရောက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် တစ်ပေခန့် ကျော်လွန် ရောက်ရှိခဲ့သည့်အတွက် လူဦးရေ နှစ်သောင်းကျော် ရေလွတ်ရာသို့ ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရပြီး ဆိပ်ကမ်းတွင်လည်း ရေလျှံမှုကြောင့် ကုန်တင်ကုန်ချလုပ်ငန်း တစ်ပတ်ခန့် ရပ်နားခဲ့ရသည်။

■ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်နိုင်

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် ဒုတိယအကြိမ် မြင့်တက်လာရာ ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိသွားပြီး သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန် ရောက်ရှိနေကြောင်း နောင်နှစ်ရက်အတွင်း တစ်ပေခန့် ဆက်လက် မြင့်တက်နိုင်သဖြင့် မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

“ဒီတစ်ခါ ရေတက်တာတော့ အတော်မြန်ပါတယ်။ မနေ့က ပိုဆိုးတယ်။ ဈေးသွားတော့ လမ်းပေါ်ရောက်စပဲ ရှိသေးတယ်။ ပြန်လာတော့ ပြည့်သွားပြီ” ဟု ဧရာဝတီမြစ်ကမ်းအနီး မှန်ကြိုရပ်ကွက်သား တစ်ဦးက ပြောကြားသည်။

“ပထမရေက ဇူလိုင်လ ဒုတိယပတ်ထဲ တက်သွားတာ။ ဒါက ဒုတိယရေ။ ပထမရေတုန်းကတော့ မနှစ်ကလောက် မများဘူး။ ခုရေတော့ပြောမရဘူး။ ရေတက်တာ မဆန်းပေမယ့် အလုပ်အကိုင် ပျက်တာပေါ့။ ကျန်းမာရေးလည်း ထိခိုက်တယ်လေ” ဟု ဧရာဝတီမြစ်ကမ်းအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။

ညောင်ဦးမြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်သည် စင်တီမီတာ ၂၁၂၀ ဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များတွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်စီ ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက် ပြန်လည် ကျဆင်းနိုင်ကြောင်း၊ အလားတူ မွန်းလွဲ တစ်နာရီခွဲအချိန် တိုင်းထွာချက်အရ မြင်းမူမြို့နှင့် ပခုက္ကူမြို့များတွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်စီ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း မြင်းမူတွင် သုံးလက်မခန့်၊ ပခုက္ကူတွင် ပေဝက်ခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရသည်။

■ ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့တွင် စိုးရိမ်ရေ အမှတ်အထက် တစ်ပေခန့် မြင့်တက်လျက်ရှိ

ဧရာဝတီမြစ် မန္တလေးမြစ်ရေအမှတ်မှာ သြဂုတ် ၂၀ ရက်တွင် မန္တလေးမြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၂၁ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စင်တီမီတာ အနည်းငယ် ဆက်လက် မြင့်တက်လျက်ရှိကာ ရက်သတ္တပတ်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သြဂုတ် ၁၉ ရက်မှ စတင်ကာ ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်ဖြစ်သော စင်တီမီတာ ၁၂၆၀ သို့ စတင်ရောက်ရှိခဲ့ပြီး သြဂုတ် ၂၀ ရက်တွင် ၁၂၈၁ စင်တီမီတာအထိ မြင့်တက်ခဲ့ကာ သြဂုတ် ၂၁ ရက် တွင် ၁၂၈၉ စင်တီမီတာအထိ မြင့်တက်မှုဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“မနေ့ကထက်စာရင် ဒီနေ့ စင်တီမီတာအများကြီး မြင့်တက်လာတာမရှိဘဲ ကိုးစင်တီမီတာလောက်ပဲ မြင့်တက်တယ်။ နေ့လယ်ပိုင်း တိုင်းထွာချက်အရလည်း ထပ်ပြီး မြင့်တက်တာမရှိဘဲ ၁၂၈၉ စင်တီမီတာမှာ တန့်နေတဲ့အတွက် ပြန်ကျသွားနိုင်တဲ့ အခြေအနေရှိပါတယ်။ နှစ်ရက်၊ သုံးရက်လောက်အတွင်း ကျနိုင်ပြီး ရက်သတ္တပတ်အတွင်းမှာ စိုးရိမ်ရေမှတ်အောက်ကို ကျနိုင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေညွန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

သြဂုတ် ၂၁ ရက် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်မှုဖြစ်ပေါ်လျက်ရှိပြီး မြင်းမူနှင့် ပခုက္ကူတို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်နှင့် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန် ရောက်ရှိလျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ် မန္တလေးမြို့ရေအမှတ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် ရောက်ရှိသည်အထိ မြင့်တက်ခဲ့ကာ ရက်အနည်းငယ်အတွင်း ပြန်လည် ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ရေအမှတ်မှာ ပြီးခဲ့သည့်နှစ်က မြင့်တက်ခဲ့သည့် ရေအမှတ်သို့ ရောက်ရှိခြင်းမရှိဘဲ စံချိန်တင်မြင့်တက်မှုအဖြစ် ၂၀၀၄ ခုနှစ်တွင် ၁၃၈၂ စင်တီမီတာအထိ မြင့်တက်ခဲ့ကာ ၁၇ ရက်ခန့် ကြာမြင့်ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent