တောင်ကျရေများကြောင့် နမ့်လန်ကျေးရွာတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ရွာ၏ ထက်ဝက်ကျော်ခန့်ထိ ရေဝင်ရောက်နေ

တောင်ကျရေများကြောင့် နမ့်လန်ကျေးရွာတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ရွာ၏ ထက်ဝက်ကျော်ခန့်ထိ ရေဝင်ရောက်နေ
Published 7 June 2018

ဓာတ်ပုံ - စိုင်းအိုက်ဦး၊ နမ့်လန်သား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နမ့်လန်ကျေးရွာ၏ ထက်ဝက်ကျော်ခန့်ထိ ရေဝင်ရောက်မှု ခံနေရကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့တွင် မိုးရွာသွန်းမှုမှာ အနည်းငယ်သာ ရှိတော့သော်လည်း တောင်ကျရေများ စီးဆင်းလာမှုကြောင့် နမ့်လန်ကျေးရွာ၏ အနိမ့်ပိုင်းကျသော ရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်မှုများ ရှိနေပြီး ရွာ၏ အိမ်ခြေသုံးထောင်ခန့်ထိ ရေဝင်ရောက်ခံနေရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဓာတ်ပုံ - စိုင်းအိုက်ဦး၊ နမ့်လန်သား

“နမ့်လန်ရွာမှာ အိမ်ခြေလေးထောင်ကျော် လောက်ရှိတယ်။ အဲ့ဒီလေးထောင်ကျော် လောက်ထဲမှာ သုံးထောင်ကျော် လောက်က ရေဘေးသင့်ခံနေရပါတယ်။ နမ့်လန်ကရွာကြီးပါ။ မြို့အဖြစ် လျှောက်ထားတာတော့ ကြာပါပြီ။ မရသေးပါဘူး။ အိမ်ခြေက လေးထောင်ကျော်ကျော် ရှိပါတယ်။ ကုန်းပိုင်းကျတဲ့ အိမ်တွေလောက်ပဲ ရေမဝင်တာပါ။ သီပေါ၊ လားရှိုးဘက်က လူမှုကယ်ဆယ်ရေး အဖွဲ့တွေတော့ ရောက်နေကြပါပြီ။ မနက် ၈ နာရီကျော်ကျော် လောက်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ အခုတော့ ရေနည်းနည်း ပြန်ကျနေပါပြီ” ဟု နမ့်လန်မြို့မှ ဒေသခံတစ်ဦးဖြစ်သူ စိုင်းခင်မောင်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နမ့်လန်ကျေးရွာအတွင်းရှိ လမ်းများ ပျက်စီးမှုများခဲ့ပြီး အိမ်များ၊ ဘုန်းကြီးကျောင်းများ၊ တံတားများ ရေတိုက်စား ပျက်စီးမှုများ အများအပြား ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စိုင်းအိုက်ဦး၊ နမ့်လန်သား

“နမ့်လန် ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုလို့ လိုအပ်တဲ့ လူမှုကူညီရေး လုပ်ငန်းတွေ ကူညီပေးဖို့အတွက် သီပေါမြို့ကနေ လာခဲ့တာပါ။ လောလောဆယ် နမ့်လန်ရွာထဲကို ဝင်လို့မရသေးပါဘူး။ ရေက အရမ်းကြီးနေပါတယ်။ ရေကျချိန်ကိုတော့ စောင့်နေရတုန်းပါပဲ။” ဟုှ နမ့်လန်သို့ လူမှုကူညီရေးများ လုပ်ဆောင်ရန် သွားရောက်သူ သီပေါမြို့မှ ကိုမျိုးက ပြောကြားသည်။

နမ့်လန်ကျေးရွာတွင် ဇွန်လ ၇ ရက် နံနက်ပိုင်းက ခရီးသည်တင် ယာဉ်များနှင့် ကုန်တင်ကားများ ထွက်ခွာသွားလာ နိုင်သော်လည်း ညနေပိုင်းတွင် ပြန်လည်ဝင်ရောက်ရန် ခက်ခဲနိုင်ကြောင်း၊ ရေကြီးရေလျှံမှု များကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရကြောင်းနှင့် ရွာ၏အနိမ့်ပိုင်း နေရာများရှိ အိမ်များရေနစ်မြုပ်မှု ရှိကြောင်း ဒေသခံများက ပြောသည်။

 

Most Read

Most Recent