ရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်းလာသဖြင့် ဂျပန်နိုင်ငံ၏ ဗဟိုခွာစနစ်အရ မြို့စွန်များတွင် ပြည့်စုံသည့် လူနေထိုင်မှုကို ရည်ရွယ်၍ မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ပြောကြား

ရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်းလာသဖြင့် ဂျပန်နိုင်ငံ၏ ဗဟိုခွာစနစ်အရ မြို့စွန်များတွင် ပြည့်စုံသည့် လူနေထိုင်မှုကို ရည်ရွယ်၍ မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ပြောကြား
Published 7 June 2018

ဇွန် ၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်းလာသဖြင့် ဂျပန်နိုင်ငံ၏ ဗဟိုခွာစနစ်အရ မြို့စွန်များတွင် ပြည့်စုံသည့် လူနေထိုင်မှုကို ရည်ရွယ်၍ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇွန် ၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၁ ရက်မြောက်နေ့) တွင် ပြောကြားသည်။

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များ အဆိုပြုချက်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ပြန်လည် ရှင်းလင်းရာတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဂျပန်ရဲ့ ဗဟိုခွာတဲ့စနစ်က လူတွေ ရန်ကုန်မြို့လယ်မှာ လာမစုဘဲနဲ့ သူတို့ရဲ့ မြို့ပြင်မှာရှိတဲ့ Distribution System ကို သွားပါတယ်။ System နှစ်ခုကို ကျွန်တော်တို့က မသိမသာ ချိန်းတာပါ။ တစ်နည်းအားဖြင့် Allocation System နဲ့ပဲ နိစ္စဓူ၀ ရုံးဆင်းရုံးတက် ရန်ကုန် လာတယ်။ နောက်ပြီးတော့ မြို့စွန်ပြန်မယ် ဆိုလို့ရှိရင် မဖြစ်ဘဲနဲ့ မြို့စွန်မှာပဲ လုံးဝပြီးပြည့်စုံတဲ့ လူနေထိုင်မှုဟာကို ရည်ရွယ်ပြီးတော့ ၂၀၄၀ မှာ ရေးဆွဲထားပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့ကို အင်္ဂလိပ်လက်ထက်တွင် ဗဟိုစုသည့် အစီအစဉ်ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ပြီး နေချင်စဖွယ် ဖြစ်လာချိန်တွင်လူဦးရေ သိပ်သည်းလာကြောင်း၊ အင်္ဂလိပ်စနစ်တွင် ရန်ကုန်မြို့ကို လူဦးရေ ၄၀၀၀၀ ဖြင့် တွက်ချက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လူဦးရေ ခုနစ်သန်းနီးပါး ဖြစ်လာသည့်အတွက်ကြောင့် ဗဟိုခွာစနစ်ကို သွားခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အနောက်တောင် မြို့သစ်စီမံကိန်းကို ဦးစားပေး ဆောင်ရွက်ရာတွင် အချက်အလက် ငါးခုဖြင့် တင်ပြခဲ့ကြောင်း၊ အနောက်တောင် မြို့သစ်နေရာမှာ ရန်ကုန်မြို့၏ စီးပွားရေးဇုန်နှင့် အလွန်နီးကပ်စွာ တည်ရှိနေပြီး မိနစ် ၂၀ အတွင်း သွားလာသည့် နေရာဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာသည် မြို့တွင်းပတ်လမ်း တည်နေရာတွင် တည်ရှိသည့်အတွက် ရန်ကုန်မြို့ကို Compass City ထား၍ ပတ်လမ်းမှတစ်ဆင့် လေဆိပ်များ၊ ဆိပ်ကမ်းများ၊ အဝေးပြေး ကားဂိတ်များ သွားလာနိုင်သည့် Logestic Part တစ်ခုလည်း ဆွဲနိုင်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒလမြစ်ကူးတံတားကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည့်အတွက် ဒလမြို့နှင့် အနောက်တောင်ဘက်ကိုလည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ အစိုးရသစ် တာဝန်ယူသည့်အချိန်တွင် ရန်ကုန်မြို့ အနာဂတ်၏ ပုံရိပ်ကို ရန်ကုန်တိုင်းဒေသကြီးသာမက အနီးဝန်းကျင် အခြားတိုင်းဒေသကြီးများ၏ ဖွဲ့စည်းပုံ၊ စီမံချက်များနှင့် ချိတ်ဆက်ရန် စဉ်းစား၍ ကာလရှည်အနေဖြင့် သုံးသပ်ပြီး လျာထားခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ထို့နောက် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနဲ့ အဆိုပြုချက်များမှာ ပညာရှင်များက အဆိုပြုထားပါတယ်။ အရှေ့မြောက်က လေးထောင့်ကန်ကို ဦးစားပေးထားပါတယ်။ သို့သော်လည်း အခု အကောင်အထည် ဖော်တဲ့အခါမှာ အရှေ့မြောက်ရဲ့ပြောင်းပြန် အနောက်တောင်ဘက် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ သွားဖော်တယ်။ ဒါကိုပဲ ကျွန်တော် သိချင်ပါတယ်။ အနောက်တောင်ဟာ မြေလည်း ပျော့တယ်။ ပင်လယ်ရေမျက်နှာပြင် အောက်လည်း ရောက်တယ်။ အနောက်တောင်က မုန်တိုင်းလေကြော သင့်တယ်။ အရှေ့မြောက်ကို ပညာရှင်များက အဆိုပြုထားတယ်။ ပြောင်းပြန် အနောက်တောင်ကို အကောင်အထည်ဖော်နေတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အဲဒါလေးကို ရှင်းလင်းစေချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအား မြို့တော်ဝန်က “နိုင်ငံတိုင်း နိုင်ငံတိုင်းမှာကြည့်ရင် ပင်လယ်နားနီးတဲ့ နေရာတွေမှာ Development လုပ်ပါတယ်။ လေဆိပ်လုပ်ရင်လည်း ဒီကသွားတယ်။ သယ်ယူပို့ဆောင်ရေးက ပင်လယ်ရေလမ်းကြောင်းက သွားတယ်။ အဲဒီတော့ Infrastructure မှာ နှစ်မျိုး ရှိပါတယ်။ Domastic Infrastructure အနေနဲ့ လမ်းတွေ၊ တံတားတွေ ကောင်းအောင်လုပ်ပေမဲ့ တချို့ဥစ္စာတွေမှာ International Infrastructure အနေနဲ့ Connection အရ ဥပမာအားဖြင့် ဟောင်ကောင်ပဲ ကြည့်ကြည့်၊ ဂျပန်ပဲ ကြည့်ကြည့်၊ ကိုရီးယားပဲ ကြည့်ကြည့် လေယာဉ်ကဆင်းရင် ပင်လယ်ပြင်နားက ဆင်းရပါတယ်။ မတတ်သာတဲ့ ကုန်းတွင်းနိုင်ငံတွေသာ လုပ်ကြတာပါ။ ပြည်ပနဲ့ ဆက်ဆက်ပြီးတော့ တိုင်းပြည်အတွက် တိုးတက်ဖို့ဆိုရင်တော့ ကုန်းတွင်းပိုင်းကို ရွေးလို့မရဘူး။ အတွင်းကို မလုပ်ဘူးလို့ပြောတာ မဟုတ်ဘူး။ အပြင်ရော၊ အတွင်းရော တစ်ပြိုင်တည်းလုပ်မှ တိုးတက်မှာပါ”ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များ အဆိုပြုချက်ကို လွှတ်တော် အစည်းအဝေး (၂၄ ရက်မြောက်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးကာ ထိုအစည်းအဝေးတွင် ယင်းအဆိုပြုချက်အား လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း ကြေညာခဲ့သည်။

Most Read

Most Recent