ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ဆည် ရေပိုရေလွှဲပေါက်မှတစ်ဆင့် ရေစိမ့်ယိုမှု ဖြစ်ပွားရာမှ ကျိုးပေါက်မှုဖြစ်ပြီး ပခုက္ကူနှင့် ယောဒေသ၊ ချင်းတောင်သွားကားလမ်း ရေလျှံမှုကြောင့် ယာယီပိတ်ထားရ

ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ဆည် ရေပိုရေလွှဲပေါက်မှတစ်ဆင့် ရေစိမ့်ယိုမှု ဖြစ်ပွားရာမှ ကျိုးပေါက်မှုဖြစ်ပြီး ပခုက္ကူနှင့် ယောဒေသ၊ ချင်းတောင်သွားကားလမ်း ရေလျှံမှုကြောင့် ယာယီပိတ်ထားရ
Published 7 June 2018

ကန်တော်ဆည် ရေပိုရေလွှဲပေါက်မှတစ်ဆင့် ရေစိမ့်ယိုမှု ဖြစ်ပွားရာမှ ကျိုးပေါက်မှုဖြစ်ပြီးနောက် ကူးသန်းသွားလာသူများကို တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေစဉ်

ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ဆည် ရေပိုရေလွှဲပေါက်မှတစ်ဆင့် ရေစိမ့်ယိုမှု ဖြစ်ပွားရာမှ ကျိုးပေါက်မှု ဇွန် ၆ ရက် နံနက်က ဖြစ်ပွားခဲ့ပြီး ပခုက္ကူနှင့် ယောဒေသ၊ ချင်းတောင်သွားကားလမ်း ရေလျှံမှုကြောင့် ယာယီ ပိတ်ထားရကြောင်း သိရသည်။

ဇွန် ၅ ရက် ညပိုင်းနှင့် ၆ ရက် နံနက်ပိုင်းတွင် ပခုက္ကူဒေသတစ်ဝိုက် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ကန်ရေပြည့်လုနီးပါး ဖြစ်နေသည့် ကန်တော်ဆည်မှာ ရေထိန်းနိုင်ခြင်း မရှိတော့ဘဲ ဇွန် ၆ ရက် နံနက် ၅ နာရီမှစ၍ ရေပိုရေလွှဲပေါက်မှတစ်ဆင့် ရေစိမ့်ယိုမှု ဖြစ်ပွားရာမှ ရေထိန်းနံရံများ ကျိုးပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေလွှဲပေါက်ကနေ ရေယိုပြီးမှ ကျိုးကျသွားတာပါ။ အောက်ကနေ ရေစိမ့်ပြီး ကျောက်ကြီးစီထားတဲ့ အထိန်းတွေကို ကန်ထွက်ပြီး ရေကျော်စားပြီး ကျိုးကျသွားတာပါ။ မိုးများတာလည်း ပါသလို လျော့ရဲစွာ လုပ်ဆောင်ခဲ့တာတွေကြောင့်လည်း ဖြစ်တယ်။ ဒီကန်ကို အချိန်မီ မပြင်နိုင်ရင် ကျွန်တော်တို့ ရွာတွေအတွက် ရေအခက်အခဲ ဖြစ်နိုင်ပါတယ်။ ခုလိုဖြစ်သွားတာ အကျိုးကတော့ ယုတ်ပါတယ်” ဟု ပခုက္ကူမြို့နယ် ကန်တော်ရွာမှ ဦးဆန်းလွင်က ပြောကြားသည်။

ကန်တော်ဆည် ကျိုးပေါက်မှု ဖြစ်ပွားသည့်အတွက် ပခုက္ကူ နှင့် ယောဒေသ၊ ချင်းတောင်သွား ကားလမ်းတွင် ရေလျှံမှုဖြစ်ပွားပြီး ရေနည်းချိန်တွင် ယာဉ်များသွားလာမှုအတွက် သက်ဆိုင်ရာက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆည်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည့် ရေပိုရေလွှဲအနီးတွင် သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနနှင့် ဒေသခံများ ပြင်ဆင်မှု ပြုလုပ်နေစဉ် မွန်းလွဲပိုင်းတွင် ထပ်မံကျိုးပေါက်မှု ဖြစ်ပေါ်သည့်အတွက် ယာဉ်သွားလမ်းပေါ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လမ်းယာယီ ပိတ်ထားရကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆည်ကျိုးပေါက်မှုကြောင့် နံနက်ပိုင်းမှစ၍ ခရီးသွားများ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးနေကြောင်း၊ ဆည်ကျိုးပေါက်ခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖြေကြားသည်။

ယာဉ်ဖြတ်သန်းခွင့် မပိတ်မီအထိ ခရီးသွားယာဉ်လိုင်းများမှ ယာဉ်ကြီးများမှာ ဆည်ရေလျှံနေသည့် ချောင်းအတွင်း ရေနည်းပါးချိန် ဖြတ်ကူးမှုများ ပြုလုပ်နိုင်သော်လည်း ယာဉ်ငယ်များ ဖြတ်သန်း၍ မရကြောင်း သိရပြီး ဆိုင်ကယ်များမှာ အခကြေးငွေဖြင့် အထမ်းခေါ်ယူ ဖြတ်ကူးရကြောင်း သိရသည်။

ဇွန် ၆ ရက် မွန်းလွဲပိုင်းတွင် ကန်တော်ဆည် ထပ်မံကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရေစီးလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ချောင်းအတွင်း မနေထိုင်ရန် ၊ ယာဉ်များ သတိပြုဖြတ်ကူးရန်အတွက် သတိပေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။ ရေပိုရေလွှဲပေါက်မှတစ်ဆင့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည့် ကန်တော်ဆည်မှာ ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် ဒေသခံများ တည်ဆောက် ထိန်းသိမ်းထားသော ကျေးရွာပိုင် ဆည်ငယ်တစ်ခု ဖြစ်ကြောင်း သိရသည်။ ဇွန် ၂ ရက်ကလည်း မြိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်အုပ်ဆင်ကျွန်းဆည်တွင် ရေထိန်းတံခါးအနီး ရေစိမ့်ယိုမှု ဖြစ်ပွားရာ ဒေသခံများ အချိန်မှီသိရှိခဲ့သည့်အတွက် ပြင်ဆင်မှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent