မလေးရှားတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဖမ်းဆီးရမိပြီး အဓိက တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေ

မလေးရှားတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဖမ်းဆီးရမိပြီး အဓိက တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေ
Published 6 June 2018

မောင်မောင် (ခ) Hj Yassin ၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ - ရဲဇာနည်)

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဆက်စပ်သော ကွင်းဆက် တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိပြီး အဓိက တရားခံဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း ဇွန်လ ၅ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ မေ ၂၂ ရက်တွင် မလေးရှားနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးတို့နှင့်အတူ မက်အဖက်တမင်း (၁၁၈၇) ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းဖမ်းမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ ရှော်ရိတ်အာမောက်၏သား မောင်မောင် (ခ) Hj Yassin (၄၄) နှစ်က လာရောက် ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင် သူများအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်တွင် ဆိပ်ကမ်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ) Hj Yassin သည် မေလ ၃၀ ရက် ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဖမ်းဆီးရမိသည့် တရားခံ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင် (ခ) Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဓိက တရားခံ မောင်မောင် (ခ) Hj Yassin ၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ်ရတနာမျိုးစုံ (၁၉) မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀)ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာအုပ်မူရင်း (၁)အုပ်၊ အာမခံပရီမီယမ်မှတ်တမ်း မူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင်တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ မောင်မောင် (ခ) Hj Yassin မောင်းနှင်သွားသော YGN 5L-8088 TOYOTA LEXUS မော်တော်ယာဉ်အား ဇွန်လ ၃ ရက် ညသန်းခေါင်တွင် တာမွေဂုံးကျော် တံတားအောက်၌ တွေ့ရှိသဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် တရားခံမောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးတွင် ငွေစာရင်းဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် (၂) ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁) ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း (၂၈၀၀၀) ကျော်နှင့် ATM ကတ် (၂) ခုတို့အား စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ ငွေကြေးများကို ယာယီပိတ်သိမ်း ထားရှိပြီး ထွက်ပြေး တိမ်းရှောင်နေသည့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူ တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent