အစိုးရသက်တမ်း နှစ်နှစ်ကျော်သာ ကျန်ရှိသော်လည်း အများကြီး လုပ်ဆောင်၍ ရကြောင်းနှင့် ပြည်သူများ စိတ်အေးလက်အေးနေ၍ ကြိုးစားမှုကို စောင့်ကြည့်ရန် မေတ္တာရပ်ခံကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြောကြား

အစိုးရသက်တမ်း နှစ်နှစ်ကျော်သာ ကျန်ရှိသော်လည်း အများကြီး လုပ်ဆောင်၍ ရကြောင်းနှင့် ပြည်သူများ စိတ်အေးလက်အေးနေ၍ ကြိုးစားမှုကို စောင့်ကြည့်ရန် မေတ္တာရပ်ခံကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြောကြား
Published 6 June 2018

ဇွန် ၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား နှုတ်ဆက်နေသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

အစိုးရသက်တမ်း နှစ်နှစ်ကျော်သာ ကျန်ရှိသော်လည်း အများကြီးလုပ်၍ ရကြောင်းနှင့် ပြည်သူများ စိတ်အေးလက်အေးဖြင့် ကြိုးစားမှုကို စောင့်ကြည့်ရန် မေတ္တာရပ်ခံကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးစိုးဝင်းက ပြောကြားသည်။

နေပြည်တော်၌ ဇွန် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ဦးစိုးဝင်းသည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီးနောက် လွှတ်တော် ခေတ္တရပ်နားချိန်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

အစိုးရသက်တမ်း လက်ကျန်နှစ်နှစ်ကျော်သာ ရှိတော့သဖြင့် အချိန်နည်းသွားပြီ ဖြစ်ကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် “အချိန်နှစ်နှစ်ဆိုတာ နည်းတဲ့အချိန် မဟုတ်ဘူး။ ရှိပါသေးတယ်။ အချိန်နှစ်နှစ်ကျော်ဆိုတာ တော်တော်များများ လုပ်လို့ရပါသေးတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ၎င်းအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားပြီး လိုအပ်သည့်အခါ အတိုင်ပင်ခံ၏ လမ်းညွှန်ချက်ကို ယူရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ပြည်သူများအား မည်သည့်ကတိ ပေးလိုကြောင်း မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက “စိတ်အေးလက်အေးနေပြီးတော့ ကျွန်တော်တို့ ကြိုးစားမှုကို စောင့်ကြည့်ပါလို့ပဲ မေတ္တာရပ်ခံ ချင်ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတိုင်း အောင်မြင်မှုမရှိဘဲ မလုပ်စေချင်ကြောင်းနှင့် ထိရောက်ပြီး အကျိုးရှိသည့် ချေးငွေများရယူ၍ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံချင်ကြောင်း ၎င်းက ပြောကြားသည်။

“စိန်ခေါ်မှုတွေကတော့ အများကြီးပေ့ါနော်။ ဒီစိန်ခေါ်မှုတွေကိုတော့ လျှော့တွက်လို့မရဘူး။ လေးလေးနက်နက်နဲ့ တိုင်တိုင်ပင်ပင်နဲ့ ကျွန်တော်အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ တဖြည်းဖြည်း လုပ်သွားပါမယ်။ တဖြည်းဖြည်းဆိုတာ အချိန်တော့ သိပ်မရှိဘူး။ လုပ်စရာရှိတာ လုပ်သွားရမယ်။ ရတဲ့အပိုင်းက ပြင်ရမှာပဲ။ အစုံပဲ။ ဘယ်အပိုင်းရယ်လို့ သတ်မှတ်ချက်မရှိဘူး။ ကျွန်တော်တို့ ရတဲ့အပိုင်းက ကောက်ပြီးတော့ တဖြည်းဖြည်း ပြင်သွားရမှာပဲ။ ဦးစားပေးကတော့ အများကြီးပဲ။ အခုလက်ရှိမှာ ကျွန်တော်တို့ အဖွဲ့လိုက် ရွေးတုန်းပဲ ရှိသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရတိုင်းကို ကျွန်တော် လွယ်လွယ်ကူကူ အောင်မြင်မှု မရှိဘဲနဲ့တော့ မလုပ်စေချင်ဘူး။ ထိထိရောက်ရောက်နဲ့ အကျိုးရှိတဲ့ ချေးငွေတွေ ယူပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံချင်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ထို့ပြင် ဦးစိုးဝင်း၏ အသက်အရွယ်သည့် အစိုးရအဖွဲ့တွင် အကြီးဆုံးဖြစ်ပြီး ပြင်ပတွင် ၎င်း၏ အသက်အရွယ် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ် ထောက်ပြ ပြောဆိုမှုများလည်း ရှိသည်။

ထိုသို့ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ဦးစိုးဝင်းက “စိုးရိမ်သင့်ပါတယ်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်နဲ့ပေါ့။ ကျွန်တော် ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပြီး နေပါတယ်” ဟု မီဒီယာများကို ပြောကြားသည်။

လက်ရှိတိုင်းပြည်၏ စီးပွားရေး အခြေအနေသည် ပုံမှန်အားဖြင့် အနည်းငယ် တိုးတက်နေကြောင်းနှင့် ဝန်ကြီးဌာနများသည် တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဦးနှင့် တစ်ဦး၊ ဌာနတစ်ခုနှင့် တစ်ခု အထောက်အကူပြုသွားရန် လိုအပ်ပြီး ၎င်းအနေဖြင့် အဆိုပါကိစ္စကို အထူး Focus လုပ်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောကြားသည်။

ဦးစိုးဝင်းသည် ၁၉၃၈ ခုနှစ်တွင် မော်လမြိုင်မြို့၌ မွေးဖွားခဲ့ပြီး  အသက်အရွယ်အားဖြင့် ၈၀ နှစ် ရှိပြီဖြစ်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတာဝန် မထမ်းဆောင်မီအထိ Deloitte Touche Myanmar Vigour Advisory Limited တွင် လုပ်ကိုင်လျက်ရှိကာ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေး ဒီပလိုမာ (BA,BL,DMA) တို့ကို ရရှိထားသူဖြစ်ပြီး ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မစိုးရိမ်ကျောင်းလမ်းတွင် နေထိုင်လျက်ရှိကာ သားလေးဦး ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ့စီးပွားရေးဘဏ်တွင် ဒုတိယမန်နေဂျာအဖြစ် ၁၉၆၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံတကာ ကုန်သွယ်မှုဘဏ် (MFTB) တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာ အကြံပေးကုမ္ပဏီ Deloitte Touche ၏ မြန်မာနိုင်ငံဆိုင်ရာ အစုစပ် ပိုင်ရှင်အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူ တစ်ဦးဖြစ်ကာ နိုင်ငံတကာနှင့် ပြည်တွင်း အကြံပေးပညာရှင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဝင်းသည် ၎င်း၏ သဘောဆန္ဒအလျောက် မေ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသောကြောင့် ဦးစိုးဝင်းအား နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent