ရွေးကောက်ပွဲကော်မရှင်ရဲ့သမာဓိက စမ်းသပ်စရာဖြစ်လာပြီ

ရွေးကောက်ပွဲကော်မရှင်ရဲ့သမာဓိက စမ်းသပ်စရာဖြစ်လာပြီ
Published 4 June 2018

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လသာမြို့နယ်အတွင်းရှိ မဲရုံတစ်ခု၌ လာရောက်မဲပေးနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

“စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန်အတွက် အများယုံကြည်လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်း မြင်သာစွာ ကျင်းပပေးရန်”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရည်ရွယ်ချက်ကို အထက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဓိက,ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တည်ဆောက်ရာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ ကော်မရှင်က ဘက်လိုက် မှုကင်းပြီး ပွင့်လင်းမြင်သာစွာ ကျင်းပရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ထဲမှာ ကော်မရှင်က ဘက်လိုက်မှု ကင်းရမယ်လို့ ဖော်ပြထားပေမဲ့ နိုင်ငံရေးပါတီတချို့က လက်ရှိကော်မရှင်ကို ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးချိန်နောက်ပိုင်း လက်ရှိကော်မရှင်က ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားလာတဲ့ ပါတီကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီပဲ ဖြစ်ပါတယ်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာရဲ့ မေးမြန်းမှုကို ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ချက်နဲ့ပတ်သက်တာတွေ၊ ဆောင်ရွက်ချက်နဲ့ ပတ်သက်တာတွေမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ မျှမျှတတဖြစ်ဖို့၊ သမာသမတ်ကျဖို့ပေါ့။ နောက်တစ်ခါလိုအပ်တဲ့ အားနည်းချက်တွေကိုလည်း ဝိုင်းဝန်းအကြံပြု ပြီးတော့မှ ပါတီတွေရဲ့ အသံကို နားထောင်ပြီး လိုအပ်တာလေးတွေ ပြုပြင်ပြောင်းလဲပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားတာ ရှိတယ်။ အခုအချိန်အထိ ကျွန်တော်တို့ကို အကြောင်းပြန်ကြားခြင်း မရှိဘူး။ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခြင်း မရှိသေးပါဘူး။ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ကျွန်တော်တို့ ယုံကြည်မှုမရှိဘူး။ ဒါပေမဲ့ မျှမျှတတ မှန်မှန်ကန်ကန်နဲ့ သမာသမတ်ကျကျနဲ့ လုပ်ဖို့ပြောင်းလဲလာမယ်ဆိုရင် ဒီအခြေအနေကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့အနေနဲ့ ဘက်လိုက်မှုရှိတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ရှိကို ရှိနေ တယ်လို့ ယုံကြည်တာ”လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ဒီလို ကော်မရှင်အပေါ် ပြောဆိုခဲ့မှုနဲ့ပတ်သက်လို့ ဒေါက်တာနန္ဒာလှမြင့်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၇ ဒီဇင်ဘာ ၈ ရက်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ဒေါက်တာ နန္ဒာလှမြင့်က အချက်အလက် အထောက်အထားရှစ်ချက်နဲ့ ရှင်းလင်းတင်ပြခဲ့ပြီး ကော်မရှင်ဘက်ကလည်း ရှင်းလင်းချက်အပေါ်မှာ လက်ခံကာ ဆုံးဖြတ်ချက်တွေက ဥပဒေအရသာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဘာကြောင့် နိုင်ငံရေးပါတီတချို့က ကော်မရှင်အနေနဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ယုံကြည်နေရပါသလဲ။ အဓိက,ကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီး ကန့်ကွက်တိုင်ကြားတဲ့အမှုတွေမှာ NLD ပါတီက ကိုယ်စားလှယ်တွေ အများဆုံး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံရေးပါတီ အများစုက ထောက်ပြခဲ့ကြပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ကန့်ကွက်တိုင်ကြားမှု က ၁၀ မှုရှိခဲ့ပြီး ခြောက်မှု အနိုင်ရရှိကာ လေးမှု ရှုံးနိမ့်ခဲ့ပါတယ်။ ကန့် ကွက်တိုင်ကြားခံရမှုမှာတော့ ၂၂ မှုအထိ ရှိခဲ့ပေမယ့် ၁၉ မှု အနိုင်ရပြီး ကျန်သုံးမှုက ပလပ်။ ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ကြား  ဖြတ်ရွေးကောက်ပွဲအပြီးမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကန့်ကွက်တိုင်ကြားခံရမှု ငါးမှုရှိခဲ့ပြီး ငါးမှုစလုံး အနိုင်ရရှိခဲ့သလို ကန့်ကွက် တိုင်ကြားမှုတစ်မှုမှာလည်း အနိုင်ရရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ကန့်ကွက်တိုင်ကြားမှု ၂၆ မှု တင်သွင်းခဲ့ရာမှာ အားလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာလည်း ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်တိုင်ကြားမှု ငါးမှု တင်သွင်းရာမှာ ငါးမှုလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်တိုင်ကြားမှု ၃၁ မှု ရှိခဲ့ပေမဲ့ အားလုံးရှုံးနိမ့်ခဲ့ရတဲ့အပေါ်မှာ ကော်မရှင်က ဘက်လိုက်မှု ရှိနေတယ်လို့ ပြောကြားမှုတွေ ဖြစ်လာတာပါ။

“ပြည်ခိုင်ဖြိုးကတင်တဲ့ ကန့်ကွက်လွှာတွေကျတော့ အကုန်လုံး အရှုံးပေးတယ်။ NLD က ကန့်ကွက် တဲ့အခါကျတော့ ပထမခုံရုံးမှာ အနိုင်ပေးသလိုနဲ့ ဒုတိယခုံရုံးမှာ ကော်မရှင်ဥက္ကဋ္ဌက အကုန်ဖြတ်ချတယ်။ အဲဒီတော့ ကျွန်တော်တို့က မေးခွန်းထုတ်တယ်။ NLD ပါတီက ခန့်ထားတဲ့ ကော်မရှင်မို့ NLD ပါတီရဲ့ အလို အတိုင်း လုပ်နေတာလား။ အစိုးရရဲ့ အလိုအတိုင်း လုပ်နေတာလား။ ကိုယ့်ကို ပေးထားတဲ့ တာဝန်အတိုင်း ဂုဏ်သိက္ခာရှိရှိ သမာသမတ်ကျကျ နဲ့ တရားမျှတစွာ ဆောင်ရွက်မှာလား။ ကိုယ့်လုပ်ငန်းတာဝန်ကို အောင်မြင်အောင်လုပ်မှာလား။ ကိုယ့်ကိုခန့်ထားတဲ့ အစိုးရရဲ့ လိုလားချက်ကို အကောင်အထည်ဖော်မှာလား။ ကော်မရှင်ကို ကျွန်တော် မေးခွန်းထုတ်တာ အဲဒါပဲ”လို့ ပြည် ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ကျွန်တော်တို့ပါတီကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကန့် ကွက်လွှာတင်တယ်။ ကျွန်တော်တို့ တွေ့ရသလောက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် NLD နဲ့ တခြားပါတီနဲ့ ယှဉ်လိုက်ရင် NLD ကိုယ်စားလှယ်က နိုင်သွားတာချည်းပဲ တွေ့ရတယ်။ ဒါက ကျွန်တော်တို့ တွေ့ရတာကို ပြောတာ နော်။ အဲဒီလိုပဲ ကျွန်တော်တို့ တွေ့ပါ တယ်။ NLD နဲ့ ပြိုင်လိုက်ရင် တခြားပါတီက ရှုံးတယ်။ NLD က နိုင်တာပဲ ကျွန်တော်တို့ တွေ့တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကတော့ ဥပဒေကြောင်းအရ မဝေဖန်လိုဘူး။ ဒါပေမဲ့ အမြင်မှာကတော့ NLD နဲ့ ပြိုင်လိုက်ရင် တခြားပါတီတွေက ဘာဖြစ်လို့ အဲဒီလို ရှုံးရှုံးသွားရတာလဲ။ NLD ကပဲ ဘာဖြစ်လို့ အမြဲတမ်း နိုင်သလဲဆိုတာကတော့ လူတွေရဲ့ မေးခွန်းတွေ ပေါ်လာတာပေါ့”လို့ ထောက်ပြပါတယ်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လသာမြို့နယ်အတွင်း မဲရုံတစ်ရုံ၌ မဲပေးနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

 

ဒီလိုကန့်ကွက်တိုင်ကြားမှု တွေအပေါ်မှာ NLD ပါတီ ကိုယ်စားလှယ်တွေ အများဆုံးအနိုင်ရ နေတာနဲ့ ပတ်သက်လို့ဥပဒေ၊ နည်း ဥပဒေတွေနဲ့ စိစစ်ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဆုံးဖြတ်ချက်တွေကိုလည်း ပြန်တမ်းတွေမှာ ထည့်ကြေညာထားတဲ့အတွက် သေချာဖတ်ကြည့်စေချင် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောပါတယ်။

“အဲဒါတွေက စီရင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေက ပြီးတဲ့အခါမှာ ပြန်တမ်းတွေလည်း ထည့်ကြေညာပါတယ်။ အဲဒါတွေကို သေချာဖတ်ကြည့်ရင်တော့ ကျွန်တော်ကတော့ ထင်သာမြင်သာမယ်နဲ့ တူပါတယ်။ ကန့်ကွက်လွှာရှိတာတွေကိုတော့ ဥပဒေ၊ နည်းဥပဒေနဲ့အညီ စစ်ဆေးဆုံးဖြတ်ခဲ့တာတွေ အဲဒါတွေကလည်း ဆုံးဖြတ်ချက်တွေကို ပြန်တမ်းတွေမှာ ထည့်ကြေညာထားပါတယ်။ သေသေချာချာဖတ်ကြည့်ပြီးတော့ ဘယ်ဟာကတော့ ဘယ်လိုလဲဆိုတာ တော့ သေချာဖတ်ကြည့်ရင် တွေ့ရမှာပါ” လို့ ဦးမြင့်နိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အပြီး မေ ၁၈ ရက်မှာ ပြည်ခိုင်ဖြိုး ပါတီအပါအဝင် ပါတီ ၁၃ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို ကန့်ကွက်စာတစ်စောင်ကို တင်ပြခဲ့ပါတယ်။

အဲဒီစာထဲမှာ ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးနဲ့ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီ အတွင်းရေးမှူး ဦးဝင်းထိန်တို့ရဲ့ ဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေထဲက ပြဋ္ဌာန်းချက် တွေကို ဖောက်ဖက်ကျူးလွန်ရာ ရောက်တာကြောင့် ဥပဒေနဲ့အညီ အရေးယူပေးဖို့ ကန့်ကွက်တင်ပြ တယ်လို့ ပါရှိပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အ နေနဲ့ မတ် ၃၀ ရက်က နိုင်ငံပိုင် ရုပ် သံလိုင်းကနေ အစိုးရတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြော ကြားခဲ့ပြီး အဲဒီမိန့်ခွန်းအပြည့်အစုံကို နိုင်ငံပိုင်သတင်းစာတွေထဲမှာ မတ် ၃၁ ရက်က ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းဖြစ်ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ချိန်သားကိုက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်ပါဝင်တဲ့ စည်းရုံးလှုံ့ဆော်ဟောပြောချက်မိန့်ခွန်းမျိုး ဖြစ်နေတာကို အထင်အရှားတွေ့ရှိရပြီး အဲဒီမိန့်ခွန်းကို မတ် ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အပြည့်အစုံဖော်ပြခဲ့ခြင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ ဆော်မှုမပြုရလို့ တားမြစ်ထားတဲ့ Silent Day မှာ ထုတ်ဝေဖြန့်ချိဖော်ပြထားတာကြောင့် ကော်မရှင်ရဲ့ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားရပ်အစား ‘ပြည်သူ နှင့်အတူ’ဆိုတဲ့ ဆောင်ပုဒ်ကို အစားထိုး ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ခြင်းက ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမယ့်နေ့နဲ့ အချိန်ကိုက် NLD လမ်းညွှန်မူဝါဒအသစ်တစ်ရပ်ကို ချမှတ်ပေးလိုက်ခြင်းဖြစ် တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ ပါတီလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတာ သိသာထင်ရှားတယ်လို့ ၁၃ ပါတီရဲ့ ကန့်ကွက်စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့ကလည်း မတ် ၃၁ ရက် ညပိုင်းမှာ နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ‘သဘောထားအမြင် တင်ပြချက်’ လို့ အကြောင်းပြပြီး ပါတီရဲ့အလံ၊ ရင်ထိုး၊ တံဆိပ်တွေကို တပ်ဆင်ကာ ပါတီမူဝါဒ၊ အခက်အခဲဖြတ်သန်း မှုတွေကို ချပြပြီး စည်းရုံးလှုံ့ဆော်မှု ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ရဲ့ ပြောကြားချက်တွေကို ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်တဲ့ ဧပြီ ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာကြောင့် တည်ဆဲဥပဒေတွေကို ဆန့်ကျင်ရာရောက်တယ်လို့ ကန့်ကွက်စာထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပုဒ်မ (ဂ) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာဖို့ ထုတ် ပြန်ထားတဲ့ ကျင့်ဝတ်အပိုဒ် ၆ (ခ)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၇ ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်ထားတဲ့ ကြေညာချက်အမှတ် ၁/၂၀၁၇ အပိုဒ် ၂  ပါ ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (ခ) ပါ ပြဋ္ဌာန်းချက်နဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီက တင်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၁၃ ပါတီရဲ့ တင်ပြလာမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၇ မေ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ကန့်ကွက်စာနဲ့ ပတ်သက်လို့ ကော်မရှင်က အရေးယူဆောင်ရွက်ဖို့ မရှိကြောင်းကို ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖြုတ်ပေးဖို့ သမ္မတဟောင်းဦးထင်ကျော်ဆီ စာတင်ခဲ့ပေမယ့် တစ်စုံတစ်ရာညွှန်ကြားခဲ့ခြင်း မရှိဘူးလို့ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဘာကြောင့် တင်ရလဲဆိုတော့ ရန်ကုန်အလုံမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ လုပ်တဲ့အခါမှာ အခုလက်ရှိ သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ သူရဦးတင်ဦးလာပြီး တရားဟောတဲ့အခါမှာ လမ်းရဲ့ ဟိုဘက်ဓာတ်တိုင် ဒီဘက်ဓာတ်တိုင်မှာ ဗီနိုင်းကိုတင်ပြီး တရားဟောတယ်။ တရားဟောပြီးတော့ ရွေးကောက်ပွဲပြီး သုံးရက်ကြာတဲ့အထိ ဒီဗီနိုင်းကြီးက မဖြုတ်ပါဘူး။ ဒါက ကော်မရှင်ဥပဒေနဲ့ ငြိပါတယ်။ ဒုတိယအချက်ကတော့ ဦးဝင်းမြင့်က အဲဒီတုန်းက သူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့အတွက်ကြောင့်မိုလို့ တရားလာဟောတဲ့အခါမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ နိုင်ငံတော်က ပေးထားတဲ့ ကားကို စီးပြီးတော့ တရားလာဟောပါတယ်။ ဒါကလည်း ကော်မရှင် သတ်မှတ်ချက်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။ နောက်ပြီး ပဲခူးတိုင်းကျောက်တံခါးမြို့မှာ မဲရုံအတွင်းမှာလာပြီးတော့ ဒေါက်တာမေဝင်းမြင့်နဲ့ ပဲခူးတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ က လာပြီးတော့ ရွေးကောက်ပွဲ ကျင်းပနေတဲ့ မဲရုံထဲကို ဝင်လာတာ ရှိပါတယ်။ အဲဒီလိုနဲ့ ထွက်သွားပြီး တော့ မဲရုံက ပုဂ္ဂိုလ်နဲ့အတူ နောက်တစ်ခေါက်မဲရုံထဲကို ပြန်ဝင်လာပါတယ်။ ဒါတွေဟာ ကော်မရှင်ဥပဒေကို ချိုးဖောက်ခြင်း၊ COC လို့ခေါ်တဲ့ ပါတီများရဲ့ စုံညီသတ်မှတ်ထားတဲ့ Code of Conduct ပေါ့။ NLD ပါတီ အပါအဝင်ပါတီအားလုံး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဆွဲထားတာကို ချိုးဖောက်တာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပဲခူးတိုင်းကော်မရှင်ကို တင်ပြပြောပြတဲ့အခါမှာ ဒါဟာ နားလည်မှုပေးလိုက်ပါဗျာ ဆိုပြီးတော့ ကျွန်တော်တို့ကို ချွေးသိပ်သွားတာ ရှိပါတယ်။ အဲဒီအချက်တွေကို မူတည်ပြီး ကျွန်တော်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ပါတယ်။ သမ္မတ ဦးထင်ကျော်ဆီကို စာတင်ပါတယ်။ ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါကြောင့်မိုလို့ ဒီလိုအချိုးမျိုးနဲ့ ဆက်ပြီးတော့ ရှေ့တိုးပြီးတော့ လုပ်နေ ကြမယ်ဆိုရင်တော့ ဒီကော်မရှင်ကို ကျွန်တော်တို့ ယုံကြည်ခြင်းလည်းပဲ မရှိပါဘူး။ ဆက်ပြီးလုပ်မယ်ဆိုရင် နောက်ထပ်ရွေးကောက်ပွဲတွေကို ဝင်ရမှာတောင်မှ ကျွန်တော်တို့မှာ တော်တော်ကြီးကို သံသယစိတ်တွေ ပူပန်စိတ်တွေနဲ့ ပြည်သူလူထုရဲ့ အရေးတွေကို မှန်မှန်ကန်ကန်ထင်ဟပ်ပြနိုင်မယ့်အခြေအနေမျိုးကို ရောက်မှ ရောက်ပါ့မလားလို့ များစွာနိုင်ငံရေးကြောင့်ကြမှုတွေ ဖြစ်နေပါ တယ်။ ဒါကြောင့်မိုလို့ ကော်မရှင်ကို ကျွန်တော်တို့ အခုထိတော့ မယုံသေးပါဘူး” လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။

ဒီဖြစ်စဉ်တွေက ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ဖြစ်ပေါ်လာတဲ့ အဖုအထစ်လေးတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက် ပွဲကျင်းပမယ့် လစ်လပ်ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွေက ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်ကတော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ် (၂) ဖြစ်ပါတယ်။

ဒါ့အပြင် လစ်လပ်တိုင်းနဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွေက မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မြေတွေအတွက် မဲဆန္ဒရှင် စာရင်းပြုစုခြင်းကို ဧပြီ ၁၉ ရက်မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒီလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ့်အချိန်မှာပဲ ကော်မရှင်နဲ့ ပြည်ခိုင်ဖြိုးပါတီကြားမှာ ပြဿနာတစ်ခုက ထပ်ရှိလာပြန်ပါတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ အောက်ခြေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အမည်စာရင်းနဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြန်လည်ပေးပို့လာတဲ့အမည်စာရင်းမှာ အဖွဲ့ဝင်တွေ လွဲမှားနေတာ တွေ့ရတယ်လို့  ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

“ဒီကြားထဲမှာ ဘာတွေရှိလာလည်းဆိုတော့ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်တွေ ပြန်ဖွဲ့ စည်းတာတွေ ရှိလာတယ်။ တိုင်း/ခရိုင်/မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေ ဖွဲ့စည်းတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်တွေကို ရွေးချယ်ဖွဲ့စည်းဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ ရပ်မိရပ်ဖတွေ ရွေးချယ်ဖွဲ့စည်းပြီးတော့မှ အများကြည်ညိုလေးစားတဲ့ ရပ်မိရပ်ဖတွေကို အမည်စာရင်းတင်သွင်းပြီးတော့မှ ရွေးချယ်ပြီးတော့မှ ကော်မရှင်ကိုတင်ပြတာတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ တချို့မြို့နယ်တွေမှာ အောက်ကရွေးချယ်ပေးလိုက်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေက တစ်ယောက်၊ ပြည်ထောင်စုကော်မရှင်က ပြန်ချပေးလိုက်လို့ရှိရင် လွဲမှားပြီးတော့ ပြန်မပါလာတော့ဘဲနဲ့ အောက်က ရွေးပေးလိုက်တဲ့ လူတွေ ပြန်မပါလာတာရှိတယ်။ အဲဒီလို ပါလာတဲ့သူတွေကလည်း NLD အမာခံတွေ ဖြစ်နေတယ်။ အဲဒီလို ဖြစ်စဉ်မျိုးတွေကို ကျွန်တော်တို့ဆီမှာ တောက်လျှောက်မြို့နယ်တွေက တင်ပြလာတာတွေကို တော်တော်များများ တွေ့လာရတယ်”လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၂၀၁၈ မေ ၂၁ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြန်လည်ပေးပို့ လာတဲ့ အမည်စာရင်းမှာ အဖွဲ့ဝင်နှစ်ဦး အမည်စာရင်း လွဲမှားနေတာကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ ရှိ မရှိဆိုပြီး မေးမြန်းခဲ့ပါတယ်။

“မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဖွဲ့စည်းရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နှင့်အညီ မြို့နယ်စီမံခန့် ခွဲမှုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ နှင့် ညှိနှိုင်းရွေးချယ်ပေးပို့ခဲ့တဲ့ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အမည်စာရင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြန်လည်ပေးပို့လာတဲ့ အမည်စာရင်းမှာ အဖွဲ့ဝင်နှစ်ဦး လွဲမှားနေတာတွေ့ရပါတယ်။ ဒီလို လွဲမှားခြင်းဟာ သဘောရိုးနဲ့ လွဲမှားခြင်း ဟုတ်၊ မဟုတ် မည်သည့်အတွက် လွဲမှားမှု ဖြစ်ပေါ်တာကို သိရှိလိုကြောင်းနှင့် လွဲမှားသူနှစ်ဦးကို ပြန်လည်ပြင်ဆင်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းပဲ ဖြစ်ပါတယ်”လို့ ဦးသောင်း အေးက ဆိုပါတယ်။

ဦးသောင်းအေးရဲ့ မေးခွန်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးအောင်မြင့်က ပြန်လည်ဖြေကြားရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့အညီသာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းမှုဟာ လွဲမှားခြင်း တစ်စုံတစ်ရာမရှိကြောင်းနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။

ထပ်ဆင့်မေးခွန်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သဘောရိုးနဲ့မှားပါက ပြင်ဆင်ပေးဖို့နဲ့ သဘောရိုးမဟုတ်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့ကို ဆိုပါတယ်။ ဒီတစ်ခါမှာတော့ ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက်တွေဖြစ်တဲ့အတွက် အဖြေပေးစရာ အကြောင်းမရှိဘူးလို့ ကော်မရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြန်ဖွဲ့တာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းပြီးနောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့  ရွေးကောက်ပွဲကော်မရှင်ကဘက်လိုက်မှုမရှိ၊ ပါတီစွဲမရှိ ဘဲဆောင်ရွက်နိုင်တဲ့ အနေအထားရှိမှသာ ရွေးကောက်ပွဲကို ဝင်ပြိုင်သွားမယ်လို့မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က နေပြည်တော် ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ လူငယ်ညီလာခံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားခဲ့တာပါ။

“ရွေးကော်နဲ့တွေ့ရင် အဓိကက သူတို့တွေ ရွေးကော်ရွေးချယ်မှု အဆင့်ဆင့်ပေါ့။ ရွေးချယ်မှုအဆင့်ဆင့်တွေကို ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတဲ့ ပွင့်လင်းမြင်သာတဲ့ရှင်းပြမှုမျိုး ကျွန်တော်တို့မေးမြန်းပါ့မယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲမှာ တကယ့်ကို သမာသမတ်ကျပြီးတော့ ဘက်လိုက်မှုမရှိသော ကော်မရှင်တစ်ရပ်အနေနဲ့ ဖြစ်ဖို့အတွက်ကျွန်တော်တို့တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ ရွေးကောက်ပွဲတစ်ခု ကျင်းပတဲ့အခါမှာ သမာသမတ်ကျပါမယ်လို့ သူတို့ကတိပေးပြောကြားမှုတွေ ဒါတစ်ချက်ပေါ့။သူတို့တွေရဲ့လုပ်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့က ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။ လုပ်ဆောင်မှု ပေါင်းမြောက်မြားစွာမှာ အားနည်းချက်၊ အားသာချက်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီးတဲ့ အခါမှာ ကျေနပ်လောက်တဲ့အတိုင်း အတာပေါ့။ အဓိကကတော့ ရွေးကော်သည် ဘက်လိုက်မှုမရှိဘဲနဲ့၊ ပါတီစွဲမရှိဘဲနဲ့ဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်ဆိုရင် ကျွန်တော် တို့ဝင်ပြိုင်သွားမှာပါ”လိ့ု ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ သံသယဖြစ်မှုနဲ့ ပတ်သက်လို့ ဦးသိန်းထွန်းဦးက “မကြာသေးခင်ရက်ပိုင်း၊ လပိုင်းတွေကပေါ့။ ရွေးကော်အဆင့်ဆင့်ရွေး ချယ် ကြတယ်။ရွေးချယ်ကြတော့ ပြည်ထောင်စုရွေးကော်ကနေ ညွှန်ကြားချက်အတိုင်းအောက်ခြေရွေးကော် တွေကနေ အတည်ပြုပြီး ပေးပို့လိုက်တယ်။ ပေးပို့လိုက်သော်လည်း အောက်ခြေရွေးကော်ရဲ့ ပေးပို့မှုအပေါ်မှာ ပြန်လည်စိစစ်တယ်ဆိုပြီးတော့ တစ်ကြိမ်၊ နှစ်ကြိမ်ပြင်ဆင်မှုတွေ ဆောင်ရွက်တယ်။ ဒါတွေကို ပြန်ပြီးခြုံပြီး အားလုံးသုံးသပ်လိုက်မယ်ဆိုလို့ရှိရင် ဒါသည်ဘာကြောင့် ဆောင်ရွက်သလဲဆိုတဲ့ သံသယဖြစ်ဖွယ်တွေ ဒါနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျွန်တော်တို့ ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေး မေးသွားတဲ့မေးခွန်းအပေါ်မှာလည်း ကျွန်တော်တို့အားရကျေနပ်ဖွယ်မရှိဘူး။ ဆိုလိုတာကတော့ ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ဆောင်ရွက်တဲ့လုပ်ငန်းတွေဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီပိုပြီးတော့ ရှင်သန်နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ဒီလို သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ မရှိကို ဇွန်လ လယ်လောက်မှသာ ထုတ်ပြန်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲဝင်မှု၊ မဝင်မှု ပြတ်ပြတ်သားသားကိုတော့  ရှေ့လလယ်လောက်မှာ ပြတ်ပြတ်သားသား ပြောနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ တင်ပြလိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ ဆုံးဖြတ်မှုမရှိသေးပါဘူး။ စဉ်းစားဆဲကာလဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ပြတ်ပြတ် သားသားလည်း ပြောပြီးသားဖြစ်ပါတယ်။ ရွေးကော်နဲ့ပတ်သက်လို့   သံသယဖြစ်ဖွယ် အကြီးကြီးတွေရှိထား တဲ့အခါကျတော့ ကျွန်တော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့်ကို စဉ်းစားဆုံးဖြတ်ဆဲအချိန် ဖြစ်ပါတယ်” လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ဒီကိစ္စအပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမျိုးကို ကျင်းပသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းနဲ့ ကော်မရှင်အပေါ် ယုံခြင်း၊ မယုံခြင်းက နိုင်ငံရေးပါတီများ အပိုင်းသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ်ဦးမြင့်နိုင်က ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ရွေး ကောက်ပွဲကို သံန္နိဌာန်ချထားတဲ့ အတိုင်းပဲ ဥပဒေ၊ နည်းဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် မျှမျှတတ အများယုံကြည်လက်ခံတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့က ကျင်းပသွားမှာပါ။ အဲဒီ ရွေးကောက်ပွဲကို ဝင်တယ် မဝင်တယ် ကျွန်တော်တို့ကို ယုံတယ် မယုံ တယ်ကတော့ သူတို့အပိုင်းပေါ့”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ဒီလို အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အပေါ်မှာ သံသယဖြစ်စရာတွေ ရှိနေချိန်မှာပဲ တစ်ဖက်မှာလည်း ရှစ်လေးလုံးပြည်သူ့ပါတီ လျှောက်ထားမှုအပေါ် ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေက ကြန့်ကြာနေတာနဲ့ပတ်သက်လို့ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ပါတီမှတ်ပုံတင် လျှောက်ထားမှုက အချိန် ငါးလကျော်ကြာမြင့်နေ ပြီဖြစ်တဲ့အတွက် ဒီမိုကရေစီ အစိုးရ လက်ထက်မှာ မဖြစ်သင့်ဘူးလို့ ရှစ်လေးလုံးပြည်သူ့ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးရဲနိုင်အောင်က သုံးသပ်ပါတယ်။

“ကျွန်တော်တို့ ပါတီမှတ်ပုံတင်တဲ့ ကိစ္စမှာ ကျွန်တော်တို့က ၂၀၁၇ ဒီဇင်ဘာ ၁၉ ရက်မှာ မှတ်ပုံတင်တယ်။ စပြီးတော့ လျှောက်တယ်ပေါ့။ အခု ဇွန်လထဲရောက်သွားပြီ ငါးလကျော်သွားပြီပေါ့။ ငါးလခွဲလောက် ဖြစ်သွားပြီ။ ခုချိန်ထိ ကျွန်တော်တို့က တရားဝင်နိုင်ငံရေး ပါတီအဖြစ် မရောက်သေးဘူး။ ကျွန်တော်တို့က ဒါပထမဦးဆုံး NLD အစိုးရဆိုတာက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပထမဦးဆုံး ပြည်သူလူထုက ရွေးချယ် တင်မြှောက်တဲ့ လူထုအစိုးရပေါ့။ ဒီမိုကရေစီအစိုးရပေါ့။ ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံရေးပါတီတွေက မှတ်ပုံတင်တာ အဲ့ဒီလောက်ကြာတယ်ဆိုတာကတော့ ကျွန်တော်တို့ပါတီ အပါအဝင် ဘယ်ပါတီအတွက်မှ အဲ့ဒီလောက် ကြာတယ်ဆိုတာကတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မူအားဖြင့် ပြောရရင် မဖြစ်သင့်ဘူးပေါ့။ ဒါနံပါတ် (၁) အချက်ပေါ့။ ဒါနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာ ငါးလခွဲရှိပြီ။ ကျွန်တော်တို့ဘက်ကတော့ သူတို့ပေးတဲ့ဟာကို ဥပမာဆိုပါတော့ ပုံစံ (ခ) နဲ့ ဧပြီ ၂၆ ရက်မှာ ပါတီထူထောင်ခွင့်ပြုတယ်ဆိုတဲ့ ဟာ အကြောင်းပြန်တာနဲ့ မေ ၂ ရက်မှာ ကျွန်တော်တို့ဘက်က တင်ရမယ့်ကိစ္စ ကျွန်တော်တို့ဘက်က ချက်ချင်း တင်တယ်။ ပါတီရဲ့ ဖွဲ့စည်းပုံတို့၊ မူဝါဒတို့၊ အမှတ်တံဆိပ်၊ အလံ၊ အမည်၊ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင် စသဖြင့်ပေါ့။ ကျွန်တော်တို့က ချက်ချင်းတင်တယ်ပေါ့။ ပြောချင်တာက ကျွန်တော်တို့ဘက်က လုပ်ရမယ့် ကိစ္စကို ချက်ချင်းလုပ်သော်ငြားလည်းပဲ အခုငါးလခွဲ ပြည့်တဲ့အချိန်အထိ ကျွန်တော်တို့ပါတီက နိုင်ငံရေး ပါတီတစ်ရပ်အနေနဲ့ မှတ်ပုံတင်ခွင့် မရသေးတာကတော့ ဒါကတော့ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နိုင်ငံရေး ပါတီတစ်ရပ် မှတ်ပုံတင်ဖို့ ဒီလောက်ကြာတယ်ဆိုတာကတော့ မဖြစ်ထိုက်ဘူးပေါ့” လို့ ဦးရဲနိုင်အောင်က ဆိုပါတယ်။

ဒီလို ရှစ်လေးလုံးပြည်သူ့ပါတီ မှတ်ပုံတင်လျှောက်ထားမှု ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး ကော်မရှင် လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံရေးပါတီတချို့ကလည်း စောင့်ကြည့်မှုတွေ ရှိလာပါတယ်။

“တစ်ခုက ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ ရှစ်လေးလုံး လူထုပါတီကိစ္စကိုသူတို့ ဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လိုလုပ်မလဲဆိုတာကို စောင့်ကြည့်နေပါတယ်”လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ နိုင်ငံရေးပါတီတွေက သံသယတွေ ရှိနေတယ်လို့ ထင်မြင်လာမှုတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာရပါသလဲ။ ဒီလိုစွပ်စွဲပြောဆိုမှုတွေဟာ လက်ရှိကော်မရှင် လက်ထက်မှာတင်မဟုတ်ဘဲ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ဦးတင်အေးကော်မရှင်တုန်းကလည်း ပြောဆိုဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်ရပါတယ်။

ဥပဒေပုဒ်မ ၃၉၈ ပုဒ်မခွဲ (၅)မှာ “ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၇) မှာ “နိုင်ငံရေးပါတီဝင် မဟုတ်သူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၈)မှာ “လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၉)မှာ “လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်” လို့ ဖော်ပြခဲ့ ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်အဖြစ် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ ဝင်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ပြီး တစ်ရက်အကြာမှာ သမ္မတ ဦးသိန်းစိန်က ဦး တင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်ခဲ့တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ ရာထူးအတွက် ဒါဟာ အငြင်းပွားစရာ ဖြစ်သလို သံသယဖြစ်ဖို့လည်း ကောင်းပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာတုန်းက ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ပေးဖို့ စစ်ကိုင်းတိုင်း မုံရွာမြို့ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ခန့်အပ်မယ်ဆိုရင် သူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဘူး။  လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဘူး။ ဒါပေမဲ့ ဦးတင်အေးကို ကော်မရှင်ဥက္ကဋ္ဌခန့်ချိန်မှာ သူဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တယ်လို့ ယူဆတဲ့အတွက် သူ့ကိုရာထူးက ဖြုတ် ချပေးဖို့ ဆန္ဒထုတ်ဖော်သူတွေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တောင်းဆိုမှုတွေ မဖြစ်ခဲ့ပါဘူး။

ဘာကြောင့်လဲဆိုရင် ဦးတင်အေးဟာ ကော်မရှင်ဥက္ကဋ္ဌမဖြစ်မီ ရက်ပိုင်းမှာတင် နိုင်ငံရေးပါတီဝင် ဖြစ်နေတယ်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတယ်၊ လစာစရိတ်ငွေ ကြေးတွေကိုလည်း လက်ခံရယူထားပါတယ်။ ဒါတွေအတွက် နုတ်ထွက်လိုက်တယ်ဆိုပေမဲ့ ဒီနုတ်ထွက်မှုမှာ အချိန်တစ်ရက်ပဲ ရှိခဲ့ပါတယ်။

နိုင်ငံရေး ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တာ အချိန် တစ်ရက်သက်တမ်းသာရှိတဲ့ ဦးတင်အေးကို သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အမည်တင်တယ်။ လွှတ်တော်ကလည်း ရွေးချယ်လိုက်ပါတယ်။

နောက်ပြီး ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ အမာခံဖြစ်တဲ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့လည်း ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေး ရှိပါတယ်။

တပ်မတော်အစိုးရ လက်ထက်မှာ နံပါတ်ခြောက်အဆင့် ခေါင်းဆောင်တစ်ဦးဖြစ်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးရင် သူရဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်တို့လို သြဇာညောင်းသူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ၂၀၁၅ ဇွန် ၃ ရက်က ပေးပို့တဲ့ NLD အိတ်ဖွင့်ပေးစာမှာ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်ပြီး အချက်တစ်ခု ပါဝင်ပါ တယ်။ အချို့သောတိုင်းနဲ့ပြည်နယ်မြို့နယ်၊ ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ဆိုပြီး ဆိုင်းဘုတ်တင်ထားတာတွေ ရှိနေတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင် ကြီးကြပ်ပေးသင့်တယ်လို့ NLD က တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဦးတင်အေးက အဲဒီကိစ္စက သူနဲ့မဆိုင်ဘူးဆိုပြီး တုံ့ပြန်ပါတယ်။

ဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေလ မွန်ပြည်နယ်ခရီးစဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်အချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ဖို့ ရည်ရွယ်ပြီး မမှန်မကန်တဲ့ နည်းလမ်းတွေနဲ့ ဓာတ်ပုံပြုပြင်ဖြန့်ဝေခြင်းတွေ ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပုဒ်မ ငယ် (ဂ) ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်ဆိုပြီး NLD ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြခဲ့ပါတယ်။ ဒီအတွက်လည်း ဦးတင်အေးဘက်က တာဝန်ခံမှုရှိပြီး ရေရာတဲ့ ဆုံးဖြတ်ချက် မထွက်ခဲ့ပါဘူး။

ဒါ့အပြင် အဆိုးဆုံးကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ဦးတင်အေးက မဲစာရင်းမှန်ကန်ဖို့  ၃၀ ရာခိုင်နှုန်းသာအာမခံနိုင်တယ်လို့ ပြောကြားမှုအပေါ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး လေ့လာစောင့်ကြည်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ မီဒီယာတွေနဲ့ နိုင်ငံတကာကပါ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒီလိုကိစ္စတွေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးတင်အေးအပေါ်မှာ ဘက်လိုက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရ ဖွဲ့ပြီးချိန်မှာ တော့ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်မှာ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် အဖွဲ့ဝင်ငါးဦးကို ခန့်အပ်ခဲ့တာပါ။ အရင်ကော်မရှင်ဟောင်းက အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးကိုလည်း ပြန်လည်ခန့်အပ်ခဲ့ပါ တယ်။

NLD အစိုးရလက်ထက် ကော်မရှင်သစ်ကို ပြန်လည်ခန့်အပ်ရာမှာလည်း ကြားလူကို ခန့်အပ်ခဲ့ခြင်းမရှိဘဲ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်တဲ့ဦးဝင်းထိန်နဲ့ပတ်သက်သူ ဖြစ်နေတာကြောင့် မှန်ပေမယ့်လည်း ပြောစရာဖြစ်လာနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

“အမှန်ကတော့ ကြားလူတွေကိုပဲ ရှာသင့်တယ်။ အခု ဒီလူကလည်း ဦးဝင်းထိန်တို့နဲ့ ပတ်သက်ပြီးတော့ လာတဲ့သူ ဖြစ်နေတယ်။ အဲဒါက ပြောစရာဖြစ်နေတာပေါ့။ အဲဒီအပိုင်းမှာ ပြောစရာဖြစ်နေပါတယ်။ တကယ့်တကယ်ကျတော့ ကြားလူအစစ်ဖြစ်ဖို့တော့ လိုတယ်ထင်တာပဲ။ ဘယ်လောက်ပဲမှန်မှန် အပြောက တော့ ခံနေရဦးမယ်လို့ထင်တယ်” လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကနေ ခန့်အပ်တာဝန်ပေးရတာ မှန်ပေမယ့် ကော်မရှင်ကို လွတ်လပ်ပြီး တရားမျှတတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် တည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်း က မှတ်ချက်ပြုပါတယ်။

“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းမှုအနေအထားအရ ပြောမယ်ဆိုရင်တော့ သမ္မတကနေ ခန့်အပ်တာဝန်ပေးတာမျိုး ဖြစ်နေတယ်။ တကယ်တမ်းပြောမယ်ဆို ရေရှည်မှာ ရွေးကောက်ပွဲကော်မရှင်ကို လွတ်လပ်ပြီးတော့ တရားမျှတတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် တည်ဆောက်နိုင်ဖို့ လိုအပ်တယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဘက်လိုက်မှုတွေ ရှိတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြားထားသလို ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့စည်းတာနဲ့ပတ်သက်လို့ နိုင်ငံရေး ပါတီတွေရဲ့ သံသယနဲ့ စောင့်ကြည့်တာကို ခံနေရတဲ့အပြင် အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှုမရှိအောင် လုပ်ဆောင်နိုင်မှသာ ကြားဖြတ်ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ပြောကြားထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကတော့ ကြားဖြတ်ရွေးကောက်ပွဲတွေကို အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ မေ ၃၁ ရက်က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဝန်ကြီးဌာန များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားထားပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာပဲ သမ္မတဦးဝင်းမြင့်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဇွန် ၁ ရက်က နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ သမ္မတက ကော်မရှင်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ နိုင်ငံရေးပါတီများကို ဥပဒေနဲ့အညီ ကြီးကြပ်ဖို့ လိုအပ်ကြောင်းနဲ့ ကော်မရှင်ရုံးချုပ်မှာ တစ်နိုင်ငံလုံးက နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံပြီး ပါတီများရဲ့ အသံတွေကိုလည်း နားထောင်သင့်တယ်လို့ မှာကြားခဲ့ပါတယ်။

သမ္မတနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ဆိုပါတယ်။

“ကော်မရှင်ရုံးမှာပဲ ကျွန်တော်တို့ တွေ့ကြမှာပေါ့။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေနဲ့ ကော်မရှင်ရုံးမှာ တွေ့ကြမှာပေါ့။ အခုကတော့ အစီအစဉ်ဆွဲပြီးသားပါ။ ၂၀၁၈ ကြားဖြတ်အတွက်ကတော့ သူတို့စာရင်း သွင်းပြီးတာနဲ့ တွေ့မှာပါ”လို့ ဦးမြင့်နိုင်က ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မယ် မဝင်ဘူး မဆုံးဖြတ်ရသေးတဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကလည်း ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဖို့ တောင်းဆိုသွားဖို့ ရှိတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒာလှမြင့်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ ဆုံမယ်ဆိုပါက ကော်မရှင်ဘက်က ကတိကဝတ်တွေပေးမှသာ ရွေးကောက်ပွဲကို ပါတီတွေက ယုံကြည်စိတ်ချစွာ ဝင်ပြိုင်လိမ့်မယ်လို့ အမျိုး သားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်တွေ့ရင်တော့ ကောင်းတာပေါ့။ သူတို့ဘက်က ဘယ်လိုတွေ လုပ်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ တွေ့ဆုံမှုတွေ၊ ကတိကဝတ်တွေရမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို ယုံကြည်စိတ်ချစွာ ဝင်သွားဖို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ရွေးကောက်ပွဲတွေကို တစ်ယောက်စနှစ်ယောက်စ ဝင်ပြီးတော့ ကော်မရှင်ရဲ့မသမာမှုက ဘယ်လောက်အထိရှိလဲဆိုတာကို စုံစမ်းတဲ့အနေနဲ့ ဝင်လည်းပဲ တစ်နေရာ နှစ်နေရာလောက်တော့ ဝင်ချင်လည်း ဝင်သွားဖို့ ဖြစ်သွားမှာပါ။ ကတိကဝတ် အပြည့်အဝမရဘဲနဲ့ တော့ ပါတီတွေကတော့ စိတ်ချလက်ချနဲ့ ဝင်သွားဖို့ ခုထိတော့ မတွေ့သေးပါဘူး”လို့ ဦးခင်မောင်ဆွေက ဆိုပါ တယ်။

လက်ရှိအချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြားက မယုံကြည်မှုတွေ၊ သံသယတွေကို ချေဖျက်နိုင်ဖို့ဆိုရင် အရေးကြီးဆုံးကတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ကို ကော်မရှင်ဘက်က အချိန်ကြန့်ကြာနေမယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေ ရဲ့ သံသယတွေကလည်း ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲတွေနဲ့ နိုင်ငံရေးပါတီက တင်ပြစရာရှိတဲ့ အချက်တွေ နောက်တစ်ခုက ရွေးကောက်ပွဲကော်မရှင်မှာ တွေ့ကြုံနေရတဲ့ ကိစ္စတွေကို ဒီလိုခေါ်ယူတွေ့ဆုံပြီးတော့ ဆွေးနွေးခြင်းအားဖြင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုရင် အဖြေတစ်ခု ထွက်လာနိုင်တယ်။ အဲဒါကြောင့် ခေါ်ယူတွေ့ဆုံပြီးတော့ ညှိနှိုင်းတိုင်ပင်သင့်တယ်” လို့ အကြံပြုပါတယ်။

Most Read

Most Recent