ကန်ထရိုက်တာများ အပါအဝင် လုပ်ငန်းရှင်အချို့ အခွန်မဆောင်သဖြင့် အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်နေ၍ တိုက်ခန်း၊ နေအိမ်များ၏ လူနေထိုင်ခွင့်၊ လုပ်ငန်းလိုင်စင်အသစ်နှင့် သက်တမ်းတိုးခြင်းအပါအဝင် လိုင်စင်အားလုံးကို ပြည်တွင်းအခွန်မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြနိုင်မှသာ ထုတ်ပေးရန် တိုင်းနှင့်ပြည်နယ် စည်ပင်များသို့ သမ္မတရုံး ညွှန်ကြား

ကန်ထရိုက်တာများ အပါအဝင် လုပ်ငန်းရှင်အချို့ အခွန်မဆောင်သဖြင့် အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်နေ၍ တိုက်ခန်း၊ နေအိမ်များ၏ လူနေထိုင်ခွင့်၊ လုပ်ငန်းလိုင်စင်အသစ်နှင့် သက်တမ်းတိုးခြင်းအပါအဝင် လိုင်စင်အားလုံးကို ပြည်တွင်းအခွန်မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြနိုင်မှသာ ထုတ်ပေးရန် တိုင်းနှင့်ပြည်နယ် စည်ပင်များသို့ သမ္မတရုံး ညွှန်ကြား
Published 22 August 2017

ရန်ကုန်မြို့တွင်း ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို တွေ့ရစဉ်

ကန်ထရိုက်တာများ အပါအဝင် အချို့သော လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်မှု မရှိခြင်းကြောင့် တိုက်ခန်းများနှင့် နေအိမ်များ၏ လူနေထိုင်ခွင့်၊ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်များနှင့် သက်တမ်းတိုးခြင်း အပါအဝင် လိုင်စင်များအားလုံးကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တင်ပြနိုင်မှသာ ထုတ်ပေးရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး လက်ရှိတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များသို့ နိုင်ငံတော်သမ္မတရုံးက စာအမှတ် ၁၅၈(၂) ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ညွှန်ကြားချက်တွင် အချို့သောလုပ်ငန်းရှင်များအနေဖြင့် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခွန်ပေးဆောင်ခြင်းမရှိဘဲ နေရာအနှံ့တွင် အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ထိုသို့ အခွန်လွတ်ကင်းမှုများမှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူ၍ လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းနှင့် နှစ်အလိုက် ခွင့်ပြုပေးထားသည့် အရပ်ရပ်လိုင်စင်များ ရရှိထားသော လုပ်ငန်းအချို့မှာ အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေကြောင်း ညွှန်ကြားချက်တွင် ဖော်ပြသည်။

ထို့ပြင် ကန်ထရိုက်စနစ်ဖြင့် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်၍ ရောင်းချခြင်းများ ဆောင်ရွက်နေရာတွင် လုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် ကန်ထရိုက်တာများအနေဖြင့် တိုက်ခန်းတည်ဆောက်မှုနှင့် တိုက်ခန်းများ ရောင်းချမှုအတွက် ငွေကြေး ရရှိနေသော်လည်း အခွန်စည်းကြပ်ခြင်းမှ လွတ်ကင်းမှုများ ဖြစ်ပေါ်နေခြင်းအပြင် နေအိမ်၊ အဆောက်အအုံသစ်များ တည်ဆောက်မှုများအတွက် အသုံးပြုနေသော ဝင်ငွေအပေါ် ဝင်ငွေရလမ်းစိစစ်နိုင်မှု မရှိခြင်းများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ထိုသို့ အခွန်လွတ်ကင်းမှုများ မရှိစေရန် လုပ်ငန်းရှင်များမှ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ နှစ်အလိုက် ခွင့်ပြုချထားပေးသည့် အရပ်ရပ်လိုင်စင်များ၊ တိုက်ခန်းများ၊ နေအိမ်များအတွက် လူနေထိုင်ခွင့် လျှောက်ထားခြင်း ပြုလုပ်ချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တင်ပြနိုင်မှသာ လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်လက်မေးမြန်းရန် နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

အခွန်တိမ်းရှောင်မှုများပြားသည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် GDP ၌ အခွန်ပါဝင်မှု အနည်းဆုံးဖြစ်နေသော်လည်း လက်ရှိအစိုးရလက်ထက်တွင် အခွန်တိုးမြှင့် ကောက်ခံထားနိုင်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်ကောက်ခံရငွေမှာ ကျပ်ဘီလျံ ၇၀၀၀ ကျော်ရှိခဲ့ပြီး ပြုပြင်ပြီး ခန့်မှန်းခြေထက် ကျပ် ၆၀၀ ဘီလျံကျော် ပိုမိုကောက်ခံနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

လက်ရှိအခြေအနေတွင် အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးမှုများကို စိစစ်ခွင့်ပြုခြင်းတို့ဖြင့် အခွန်အကောက်ရငွေ တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းများကို တိုးချဲ့၍ ဘဏ္ဍာငွေရရှိနိုင်မှု ပိုမိုတိုးတက်လာစေရန်၊ နိုင်ငံပိုင်ဘဏ်များတွင် Core Banking စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လျင်မြန် သွက်လက်သော ဘဏ်လုပ်ငန်းစနစ်များ ဖြစ်ပေါ်စေရန်၊ အခွန်အခြေကို ချဲ့ထွင် ဆောင်ရွက်ခြင်း၊ အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးမှုများကို စိစစ်ခွင့်ပြုခြင်းတို့ဖြင့် အခွန်အကောက်ရငွေ တိုးတက်လာစေရန်စသည့် အချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် ပါဝင်သည့် နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး အစီအစဉ် ငါးခုဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

Most Read

Most Recent