၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ပြီး ဒုတိယတန်း သင်ရိုးညွှန်းတမ်းသစ်အား သင်ကြားမှုစတင်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ပြီး ဒုတိယတန်း သင်ရိုးညွှန်းတမ်းသစ်အား သင်ကြားမှုစတင်
Published 2 June 2018

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကမာရွတ် TTC ကျောင်း၌ သူငယ်တန်း (KG) တက်ရောက်မည့် ကလေးငယ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၈ ခုနှစ် မေ ၂၅ ရက်မှစ၍ မေ ၃၁ ရက်အထိ လက်ခံခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို  ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးပြုပြင် ပြောင်းလဲမှု တစ်ခုအဖြစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစပြီး သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်သစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ပထမတန်း သင်ရိုးသစ်ကိုလည်းကောင်း၊ ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ဒုတိယတန်း သင်ရိုးသစ်ကိုလည်းကောင်း စတင်သင်ကြားခြင်းဖြစ်သည်။

“Grade သင်ရိုးသစ်က အခုပညာသင်နှစ်မှာ စတင်သင်ကြားမှာဆိုတော့ ဆရာ ဆရာမတွေ သင်ကြားပို့ချဖို့ အသင့်အနေအထားဖြစ်အောင် သင်တန်းတွေလည်း ဖွင့်လှစ်ပို့ချပေးပြီးဖြစ်ပါတယ်။ အသစ်ပြုပြင်ပြောင်းလဲ ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်းတွေမှာက ကျောင်းသားကို ဗဟိုပြုပြီးသင်ကြားတဲ့ အကြောင်းအရာတွေကို အဓိကထား ထည့်သွင်း ထားတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို ပြန်လည်သင်ကြားတဲ့အခါမှာ သင်ကြားသင်ယူမှုတွေ ထိရောက်ဖို့ ဘယ်လိုချဉ်းကပ်သင် ကြားမလဲဆိုတာတွေကို ကျောင်းသားဗဟိုပြု သင်ကြားပေးနိုင်စေမယ့် သင်တန်းတွေကိုလည်း ဖွင့်လှစ်ပို့ချပေးထားပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကမာရွတ် TTC ကျောင်း၌ သူငယ်တန်း (KG) တက်ရောက်မည့် ကလေးငယ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒုတိယတန်းသင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊  စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတနှင့်ကာယဘာသာစသည့် ဘာသာရပ် ၁၀ ခုပါဝင်ပြီး အဓိက ဘာသာရပ် များအဖြစ်သင်ကြားမည်ဖြစ်ပြီး သင်ရိုးသစ်ဖြင့် သင်ကြားသည့် ဒုတိယတန်းအား စာမေးပွဲ စစ်ဆေးခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စာသင်ခန်းအတွင်း သင်ကြားသင်ယူစဉ် အကဲဖြတ်ခြင်း၊ စာသင်ကာလ တစ်နှစ်တာအတွင်း သင်ခန်းစာများကို တစ်နှစ်လျှင်နှစ်ကြိမ်ပြန်လည် လေ့ကျင့်စေခြင်းဖြင့်သာ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် မွေးစာရင်း၊ သန်းခေါင်စာရင်းများ ကြိုတင်ရရှိနိုင်ရေးအတွက် မိမိတို့မြို့နယ်ရှိ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်းစဉ်များ၊ ကျောင်းဖွင့်အမီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်နိုင်ရေးကို မိမိတို့မြို့နယ်အလိုက် ကြိုတင် စီမံဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အလားတူ ကျေးလက်နှင့်ဝေးလံခေါင်သီသော ဒေသများ၌ ကျောင်းအပ်နှံရေး ဆောင်ရွက်သည့်အခါတွင်လည်း ကျောင်းသားကျောင်းသူများ အဆင်ပြေစေရေးအတွက် မွေးစာရင်းနှင့် သန်းခေါင်စာရင်းများ မပါလျှင်လည်း လက်ခံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ကျောင်းအပ်နှံရာတွင် အသက်ခြောက်နှစ်ပြည့်ပြီးသူများ ပထမတန်းသို့ တိုက်ရိုက် တက်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ကျောင်းအပ်လက်ခံရန် အသက်ထောက်ခံချက် အပြည့်အစုံပါရှိရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ ပထမတန်းသို့ တိုက်ရိုက်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအနက် အသက်ခြောက်နှစ် မပြည့်သူများကို ကလေး၏ ကိုယ်ကာယနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ကြည့်၍အသက်ခြောက်နှစ်ပြည့်ရန် တစ်လလိုသူ (ဇွန် ၁ ရက်မှ ၃၀ ရက်အထိ) ကို ကျောင်းအုပ်ကြီး၊ အသက်ခြောက်နှစ်ပြည့်ရန် နှစ်လလိုသူ (ဇူလိုင်၁ ရက်မှ ၃၁ ရက်အထိ)ကို မြို့နယ်ပညာရေးမှူး၊ အသက် ခြောက်နှစ်ပြည့်ရန် သုံးလလိုသူ (သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ) ကို ခရိုင်ပညာရေးမှူး ခွင့်ပြုချက်ဖြင့် လက်ခံပေးရန် အခြေခံပညာကျောင်းများသို့ အကြောင်းကြားမှုများပြုလုပ်ခဲ့သည်။

အလားတူပညာရေးဝန်ကြီးဌာနမှ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် ကျောင်းအပ် လက်ခံရာတွင် ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်၊ ခြောက်နှစ်အရွယ်ကလေး များကို ပထမတန်း (Grade 1) သို့အပ်နှံခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent