<

မလေးရှားတွင် ဖမ်းဆီးရမိသော ဒေါ်လာ ၁၈ သန်းတန် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်၍ ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေပြီး သံသယရှိသူမှာ ထွက်ပြေးလွတ်မြောက်နေ

မလေးရှားတွင် ဖမ်းမိသည့် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်၍ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်အား မူးယစ်ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးရာ သံသယရှိသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း မေ ၃၁ ရက်က သိရသည်။

လက်ဖက်ခြောက်ထုပ်များတွင် ထည့်သွင်းလျက် မြန်မာနိုင်ငံမှတစ်ဆင့် သင်္ဘောဖြင့် တင်သွင်းလာသော ၁ ဒသမ ၂ တန်နီးပါးရှိ ခရစ်စတယ်မက်သာဖီတမင်း (Ice) များကို ဖမ်းဆီးရမိထားကြောင်း မေ ၂၈ ရက်တွင် မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်နေသူဟု သံသယရှိသူမှာ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ၅၃ လမ်း အမှတ် ၂၂၊ ၂၄ ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် နေထိုင်သော မွတ်စလင်လူမျိုး အမျိုးသားဖြစ်ကြောင်း၊ ၎င်းနေအိမ်အား ရှာဖွေရာတွင် သံသယရှိသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ကနဦးသတင်းများအရ သိရသည်။

“သတင်းတွေမှာ တက်နေသလို ကုမ္ပဏီ ဆိုတာမဟုတ်ဘူး။ လူနေအိမ်ပါ။ အဲဒီအိမ်မှာ ရှာတဲ့လူက မရှိဘူး။ သူ့ရဲ့မိဘတွေ ရှိတယ်။ အဓိကလူက မရှိဘူး။ အဲဒီလူက ဘာအလုပ် လုပ်တယ်၊ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်လည်း အတိအကျ မသိဘူး။ ဌာနဆိုင်ရာ အိမ်ကိုလာရှာတယ်။ အဲဒီလူက မွတ်စလင်လူမျိုး အမျိုးသားပါ။ ဒါက ကျွန်တော်သိသလောက် ပြောပြတာပါ” ဟု ပုဇွန်တောင်မြို့နယ် အမှတ် (၂)ရပ်ကွက်ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ် ၅၃ လမ်းတွင် နေထိုင်ခဲ့သော သံသယရှိသူနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ခွဲ (၃) ရန်ကုန်ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ တပ်ဖွဲ့ခွဲမှူးမှာ တိုင်းဒေသကြီးအစိုးရရုံးသို့ သွားရောက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စုသို့ သွားရောက်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “ဒီအမှုကို နေပြည်တော်က တာဝန်ရှိသူတွေက မူးယစ်ရဲအထူး အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး စုံစမ်းခိုင်းထားတယ်။ အဲဒီအဖွဲ့ကပဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်” ဟု ပြောကြားသည်။

ယင်းကြောင့် နေပြည်တော်ရှိ သတင်းနှင့် ပြန်ကြားရေးရဲတပ်ဖွဲ့ရုံးဖုန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။

အလားတူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တာဝန်ရှိသူများ၏ ရုံးဖုန်း၊ ကိုယ်ပိုင်ဖုန်းများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

မြန်မာ့ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့် သယ်ဆောင်လာသော ကွန်တိန်နာအတွင်းမှ မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းဆီးရမိသည့် အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများ အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများမှာ ရန်ကုန်မြို့မှ ကုန်သေတ္တာတစ်လုံးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှောင်ခိုကူးသူဟု သံသယရှိသူခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးခံထားရသူများမှာ မြန်မာလူမျိုးသုံးဦးနှင့် မလေးရှားလူမျိုးသုံးဦးတို့ဖြစ်ကြောင်း သိရသည်။

May 31, 2018














Copy Protected by Chetan's WP-Copyprotect.