တိုင်းဒေသကြီးအစိုးရက ကျပ်ဘီလျံ ၇၀ ရင်းနှီးမြှုပ်နှံထားသည့် YBS လုပ်ငန်းအပါအဝင် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများ၏ အရှုံးအမြတ်ရလဒ် စာရင်းစစ်ချုပ်ရုံးက ယခုနှစ် အစီရင်ခံစာတွင် တင်ပြရန် တိုက်တွန်း

တိုင်းဒေသကြီးအစိုးရက ကျပ်ဘီလျံ ၇၀ ရင်းနှီးမြှုပ်နှံထားသည့် YBS လုပ်ငန်းအပါအဝင် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများ၏ အရှုံးအမြတ်ရလဒ် စာရင်းစစ်ချုပ်ရုံးက ယခုနှစ် အစီရင်ခံစာတွင် တင်ပြရန် တိုက်တွန်း
Published 30 May 2018

YRTA ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များကို ရန်ကုန်မြို့လယ်တစ်နေရာတွင် တွေ့ရစဉ်

တိုင်းဒေသကြီးအစိုးရက ကျပ်ဘီလျံ ၇၀ ရင်းနှီးမြှုပ်နံှထားသည့် YBS လုပ်ငန်း အပါအဝင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများ၏ အရှုံးအမြတ်ရလဒ်ကို စာရင်းစစ်ချုပ်ရုံးက ယခုနှစ် အစီရင်ခံစာတွင် တင်ပြရန် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီမှ မေ ၂၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၃၅ ရက်မြောက်နေ့) တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး (၃၃ ရက်မြောက်နေ့) တွင် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ခုနှစ် ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေတွင် City Bank ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ခြင်းအတွက် ၆၄ ဘီလျံကိုလည်းကောင်း၊ ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများတွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်း အတွက် ၇၀ ဘီလျံ ကိုလည်းကောင်း၊ လယ်ယာမြေများ ပြုပြင်ခြင်း လုပ်ငန်းအတွက် ကျပ် ၇၇၄၈ ဒသမ ၃၀၁ သန်းကိုလည်းကောင်း လွှတ်တော်မှ ခွင့်ပြုခဲ့ခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ယခုလာမည့်၂၀၁၈ ခုနှစ် တစ်နှစ်ပြည့် အစီရင်ခံစာတွင် တင်ပြဆွေးနွေးပေးရန် အဆိုနှင့်ပတ်သက်၍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ၏ အတွင်းရေးမှူး အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကော်မတီအနေဖြင့် ဘီလျံ ၇၀ ကို ဘယ်နေရာတွေမှာ သုံးစွဲထားတယ်။ သုံးစွဲထားတဲ့၊ ရင်းနှီးမြှုပ်နှံထားတဲ့ နေရာကနေပြီးတော့ အရှုံးအမြတ်ရလဒ်တွေ ဘယ်လောက်ရှိတယ် ဆိုတာကို သိရှိလိုပါတယ်။ YRTA အတွင်းရေးမှူး ပြောကြားချက်အရဆိုရင် အရှုံးအမြတ် ဆိုတာဟာ တစ်နှစ်တစ်ခါမှ တွက်ချက်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲ နားလည်ထားပါတယ်။ အဲဒီအတွက်ကြောင့်မို့ YBS လုပ်ငန်းစတင်ပြီး တစ်နှစ်အကြာမှာ ဒီကိစ္စကို မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် မည်သည့် အသံတစ်စုံတစ်ရာမှ မကြားတဲ့ အတွက်ကြောင့်မို့ ယနေ့မှာ ဝင်ရောက်ထောက်ခံ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ဘီလျံ ၇၀ နဲ့ ပတ်သက်ပြီးတော့ စာရင်းစစ်ချုပ်၏ လုပ်ပိုင်ခွင့်ဥပဒေ မူဘောင်အတွင်းမှာ စာရင်းစစ်ပြုလုပ်ပြီးတော့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြ ပေးနိုင်ပါရန် တိုက်တွန်းပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ထို့ပြင် လွှတ်တော်က အတည်ပြုပေးခဲ့သည့် ဘဏ္ဍာငွေများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာနက သုံးစွဲသည်ဖြစ်စေ ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာစွာ စာရင်းစစ်ခံနိုင်ရမည် ဖြစ်ကြောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ဦတည်ချက်ထားသလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များဖြစ်သည့် YBS ဝယ်ယူရေးလုပ်ငန်းများ၊ School Bus ဝယ်ရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့က အများပိုင် ကုမ္ပဏီများတွင် ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်နှံငွေများ အရှုံးအမြတ် အကျိုးရလဒ်ကို ဂရုတစိုက် ဆွေးနွေးမေးမြန်းလေ့ရှိကြောင်း ဦးဝေဖြိုးဟန်က ပြောကြားသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အကျိုးရလဒ်များကို ပွင့်လင်းမြင်သာစွာ အသိပေးရန် အထူးလိုအပ်ကြောင်းနှင့် မိမိတို့ပြည်သူလူထု၏ ဘဏ္ဍာငွေများဖြင့် အစိုးရက အရင်းအနှီး ပြုလုပ်ပြီး အကျိုးရှိရှိ ကိုင်တွယ်အသုံးချ ပေးနိုင်ရေးကိုလည်း အထူးလိုလားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent