လက်ရှိအစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူများ ထုတ်ဝေနိုင်ရန် ဆောင်ရွက်မည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

လက်ရှိအစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူများ ထုတ်ဝေနိုင်ရန် ဆောင်ရွက်မည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 30 May 2018

၁၉၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၃၅ ကျပ်တန် ငွေစက္ကူအား တွေ့ရစဉ် (ဓာတ်ပုံ - Wikipedia)

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို လက်ရှိအစိုးရ သက်တမ်းအတွင်း ထုတ်ဝေနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေ ၂၉ ရက်က ပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဥစ္စာက Process ထဲမှာ ရှိပြီးသား။ အားလုံး ပြင်ထားဆင်ထားတာတွေ ရှိပြီးသား။ အဲဒါကြောင့် ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာဖြစ်ပါတယ်။ တစ်ပြိုင်တည်း အကုန်ထုတ်လို့ မရဘူး။ ပြီးသွားတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်းနဲ့ ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ငွေစက္ကူ ထုတ်ဝေခြင်းသည် အသေးစိတ်ပြီး နည်းပညာဆန်သည့်ကိစ္စ ဖြစ်သည့်အတွက် ကုန်ကျစရိတ် အပါအဝင် စဉ်းစားရမည့်အချက်၊ အတည်ပြုရမည့် အချက်များရှိကြောင်း၊ ငွေစက္ကူ ထုတ်လုပ်ရန် စဉ်းစားသည့်ကာလမှ ထုတ်ဝေသည့် ကာလအထိ ကိုးလမှ တစ်နှစ်ခန့် အချိန်ယူ ဆောင်ရွက်ရကြောင်း၊ ငွေစက္ကူ တန်ဖိုးမှာလည်း အမျိုးမျိုး ရှိသည့်အတွက် မည်သည့်အချိန်တွင် စတင်ထုတ်ဝေနိုင်မည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

“ဒီလိုလုပ်ငန်းဟာ ဒီလောက်အထိ ကြာတတ်တယ်။ ဘယ်အချိန်လောက် ထွက်လာဖို့ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။ ဒီလုပ်ငန်းကို လုပ်တယ်ဆိုရင် လုံခြုံရေးနဲ့ဆိုင်တဲ့၊ ငွေစက္ကူရိုက်တဲ့ဝါဇီနဲ့ စီမံဘဏ္ဍာ ဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ အများကြီး လုပ်ရတယ်။ ဒါကြောင့်မို့ အချိန်ယူရတယ်။ ဘယ်ရက် ထွက်လာမယ်လို့ ကျွန်တော်ပြောဖို့ ခက်ပါတယ်။ နောက်တစ်နှစ် မဟုတ်ပါဘူး။ ဒီလိုလုပ်ငန်းမျိုးဟာ ရှစ်လကနေ တစ်နှစ်လောက်အထိ အချိန်ယူ လုပ်ရတတ်တယ်။ ဒါပေမဲ့ လုပ်ထားတာတွေလည်းရှိတယ်။ ဒါကြောင့် အခုအချိန်မှာ ညှိနှိုင်းပြီး ဒီဇိုင်းပြောင်းတာတို့၊ လုံခြုံရေးပုံစံတွေ ထပ်ထည့်တာတို့ ဒီလိုဟာမျိုးတွေရှိတယ်။ အဲဒါကြောင့်မို့လို့ တစ်ခုပြီးတစ်ခု ထွက်လာမှာတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ထွက်လာမှာပါ” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ထုတ်ဝေရန် ဆောင်ရွက်မှုမှာ မည်သည့်အခြေအနေ ရောက်ရှိနေပြီ ဆိုသည်ကိုလည်း လုံခြုံရေးလျှို့ဝှက်ချက် ဖြစ်သည့်အတွက် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငွေစက္ကူများ ထွက်ရှိလာပါက မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှု မရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော့်အမြင်အရ ပြောရရင် စီးပွားရေးရိုက်ခတ်မှုက ဇီးရိုးပါ။ လူတွေက ထင်နေတာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံတွေ ထွက်လာမယ်၊ ပိုက်ဆံတွေ ရိုက်ထုတ်လိုက်မယ်၊ အဲဒီလို ထင်နေတာပါ။ မဟုတ်ပါဘူး။ Currency ဆိုတာက အဟောင်းတွေရှိရင် အဟောင်းတွေ ပြန်သိမ်းတယ်။ သိမ်းပြီး အသစ်တွေ ထုတ်ပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း တင်သွင်းသော “ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်မဲ ၁၀၉ မဲ ရရှိပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent