ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးကာ အရေးပေါ် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရ

ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးကာ အရေးပေါ် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရ
Published 29 May 2018

မေ ၂၉ ရက် နံနက်က လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ်တွင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အမှတ် ၂၀ ရပ်ကွက်တွင် ပျက်စီးမှု အများဆုံးဖြစ်ပြီး အိမ်ခြေ ၅၇ အိမ်မှာ အိမ်လုံးကျွတ်ပျက်စီးခဲ့ကာ အိမ်ခြေ ၁၀၀ ခန့်မှာ အမိုးလန်ခြင်းများ၊ ယိုင်နဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၈ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့တွင်လည်း ပျက်စီးမှုများရှိခဲ့ပြီး ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေပြင်းဒဏ်ခံခဲ့ရသည့် နေရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်လင်းလည်း လာရောက်ခဲ့သည့်အပြင် မင်္ဂလာဒုံတပ်နယ် တပ်ရင်း ၄ မှ တပ်မတော်သားများ၊ စစ်သူနာပြုတက္ကသိုလ်မှ တပ်မတော်သားများ အင်အား ၆၀ ခန့် လာရောက် ကူညီလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွှေပြည်သာမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ဂျယ်ဂျူးမြန်မာ ပရဟိတအဖွဲ့နှင့်ရပ်မိရပ်ဖများပူးပေါင်း၍ လေးပြင်းဒဏ်ခံခဲ့ရသည့် သူများအတွက် ထမင်းဘူးများ ဝေငှခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အတိအကျ မသိရသေးပေ။

မေ၂၉ ရက် နံနက် ၃ နာရီခန့်က တိုက်ခတ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်မြို့အတွင်း ဓာတ်တိုင်များ ပြိုလဲခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ အိမ်များပျက်စီးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် မုန်တိုင်းငယ်ကြောင့်ဖြစ်ပြီး ယင်းမုန်တိုင်းငယ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ဝင်ရောက်မည်ဖြစ်ကြောင်း၊ မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီ၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုများ ရှိခဲ့သည်။

Most Read

Most Recent