ဖောင်းပြင်မြို့နယ်တွင် မိမိကိုယ်မိမိ သေကြောင်းကြံသည်ကို စစ်ဆေးရာမှ ကျောင်းဆရာမအား အဓမ္မပြုကျင့် သတ်ဖြတ်သူဟု ယူဆရသူကို ဖော်ထုတ်ဖမ်းဆီးရမိ

ဖောင်းပြင်မြို့နယ်တွင် မိမိကိုယ်မိမိ သေကြောင်းကြံသည်ကို စစ်ဆေးရာမှ ကျောင်းဆရာမအား အဓမ္မပြုကျင့် သတ်ဖြတ်သူဟု ယူဆရသူကို ဖော်ထုတ်ဖမ်းဆီးရမိ
Published 27 May 2018

ပြစ်မှုကျူးလွန်သူဟု ယူဆရသူ စိုးထက်နိုင်မှ အခင်းဖြစ်ပွားခဲ့သည့် နေရာတွင်ပြန်လည်သရုပ်ပြနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် မိမိကိုယ်မိမိ သေကြောင်းကြံသည်ကို စစ်ဆေးရာမှ ကျောင်းဆရာမအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူဟု ယူဆရသူအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မေ ၂၅ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူနှင့် ၎င်း၏ဇနီး မိမိကိုယ်မိမိ သေကြောင်း ကြံသည်ကို စစ်ဆေးရာမှ ဖော်ထုတ်ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မိတော့မိပါပြီ။ အသေးစိတ်ကို ဆက်စစ်နေတုန်းပါ။ နာမည်က စိုးထက်နိုင်ပါ။ အသက် ၂၃ နှစ်ပါ။ စိုးထက်နိုင်နဲ့ သူ့မိန်းမက မနေ့က မြစ်ကမ်းပါးမှာ တစ်ယောက်ကိုတစ်ယောက် ကြိုးနဲ့ချည်ပြီး ရေထဲကို အဆုံးစီရင် ကြတယ်လေ။ အဲဒါကို တံငါသည် တစ်ယောက်က မြင်ပြီး အချိန်မီ ကယ်ဆယ်လိုက်ပြီးတော့ ကျွန်တော်တို့ကို လှမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့လည်း ကျန်းမာရေးဝန်ထမ်းခေါ်၊ လိုအပ်တဲ့ ဆေးကုသမှုပေးပြီး သူ့အမျိုးသမီးကို စစ်ဆေးမေးမြန်းတဲ့ အချိန်မှာ သူ့ယောကျ်ားရဲ့ထွက်ဆိုချက်အရ မှန်ကန်တယ်ဆိုတာ သိရလို့ သူ့ယောကျ်ားကို ဆက်ပြီးစစ်တော့ ဝန်ခံလာတာပါ” ဟု ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှုခင်းဆေးစာတွင် သေဆုံးသူဆရာမ ဒေါ်ခင်နှင်းရီအား အဓမ္မပြုကျင့်ခံရသည်ဟု တိကျသော ထင်မြင်ချက် မပေးနိုင်သဖြင့် သက်သေများကို ဓာတုဗေဒရုံးသို့ ဆက်လက်ပို့ဆောင်ထားပြီး ဓာတုဗေဒရုံးမှ ပြန်ကြားစာ ရရှိမှသာ တိကျသောအဖြေ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ် မန်မော်ကျေးရွာနေ မူပြဆရာမ ဒေါ်ခင်နှင်းရီသည် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းနှင့် မန်မော်ကျေးရွာသွားသည့် ရွာချင်းဆက်လမ်းတွင် ၎င်းမောင်းနှင်သည့် KENBO 125 အနက်ရောင် ဆိုင်ကယ်နှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် အဝါရောင် ဂျုံဦးထုပ် အဝိုင်းအား ၎င်း၏နောက်စေ့ ဖုံးအုပ်လျက် မှောက်လျက် သေဆုံးနေသည်ကို မေ ၂၂ ရက် ည ၉ နာရီခန့်တွင် တွေ့ရှိသဖြင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာ ဆိုင်ကယ်ယာဘက်ခေါင်းခြမ်းနှင့် ယာဘက် ရှေ့ဘရိတ် ပွန်းပဲ့နေပြီး ယာဘက်ခြေတင်ကောက်ကွေး၊ ယာဘက်အနောက်လက် ကိုင်ကွင်း ပွန်းပဲ့နေကာ သေဆုံးသူ မခင်နှင်းရီ၏ တောင်ဘက် ၂၃ ပေခန့် အကွာတွင် သွေးစွန်းနေသော လုံးပတ် ၁၄ လက်မ၊ အလျား ခုနစ်လက်မခန့်ရှိ ကျောက်တုံး တစ်တုံး၊ ၂၅ ပေခန့်အကွာတွင် အလျား ၂၁ လက်မခန့်ရှိ ၄x၂ သစ်သားချောင်း တစ်ချောင်း၊ ၃၅ ပေခန့် အကွာတွင် ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီဟု ယူဆရသည့် အပြာနုရောင် အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ တစ်ထည်နှင့် သေဆုံးသူ မခင်နှင်းရီ ကိုင်ဆောင်သည့် VIVO အဖြူရောင် လက်ကိုင်ဖုန်းတို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဆရာမ ဒေါ်ခင်နှင်းရီအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူဟု ယူဆရသူ စိုးထက်နိုင်အား ဖောင်းပြင်မြို့မ ရဲစခန်း၌ လတ်တလောတွင် (ပ) ၆၅/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 

Most Read

Most Recent