ပင်လယ်ပြင်အတွင်း ကမ်းနီးငါးဖမ်းလှေငယ်များ လိုင်စင်နှင့် ဂရန်အခက်အခဲကြောင့် လုပ်ငန်းမလုပ်ကိုင်ရဲတော့ဘဲ ကော့သောင်းဆိပ်ကမ်းသို့ အစင်းရေ ရာနှင့်ချီ ပြန်လည်ဝင်ရောက်

ပင်လယ်ပြင်အတွင်း ကမ်းနီးငါးဖမ်းလှေငယ်များ လိုင်စင်နှင့် ဂရန်အခက်အခဲကြောင့် လုပ်ငန်းမလုပ်ကိုင်ရဲတော့ဘဲ ကော့သောင်းဆိပ်ကမ်းသို့ အစင်းရေ ရာနှင့်ချီ ပြန်လည်ဝင်ရောက်
Published 27 May 2018

ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာသည့် ကမ်းနီးငါးဖမ်းလှေငယ် အချို့ကို တွေ့ရစဉ်

ကော့သောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်း လုပ်ကိုင်နေသည့် တံငါလှေကလေးများမှာ ငါးဆက်လက် မဖမ်းဆီးရဲတော့ဟုဆိုကာ ဆိပ်ကမ်းသို့ အများအပြား ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်း လုပ်ကိုင်နေသည့် တံငါလှေကလေးများမှာ လှေဂရန်နှင့် စက်ဂရန်လွဲမှားမှု တချို့ရှိနေပြီး သက်ဆိုင်ရာ ဌာနများမှ မေလအကုန်ပိုင်းအထိ ဂရန်ထုတ်ပေးခြင်း မရှိသောကြောင့် ဖမ်းဆီးခံရနိုင်ကြောင်း၊ ပင်လယ်ပြင်အတွင်း စစ်ဆေးမှုများလည်း ရှိနေသည့် သတင်းများကြောင့် လုပ်ငန်းမလုပ်ကိုင် ရဲတော့ဘဲ ကော့သောင်းမြို့ ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းနီးငါးဖမ်း လှေကလေးများမှာ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ကမ်းနီးငါးဒိုင်အနီးသို့  မေ ၂၃ ရက်မှစတင်ပြီး တဖြည်းဖြည်း ပြန်လည်ဝင်ရောက် လာနေကြောင်း ရေလုပ်သားများက ပြောကြားသည်။

“လှေအတိုင်းအတာနဲ့ စက်က လွဲနေတယ်။ ဂရန်ကလည်း အရင်တုန်းကဆိုရင် သုံးလပိုင်းကုန်ရင် ထုတ်ပေးပြီ။ အခုက ငါးလပိုင်းကုန်လာပြီ ခြောက်လပိုင်းထဲကို ရောက်တော့မယ်။ လှေအတိုင်းအတာကိုတော့ စက်နဲ့ လှေကို ရေကြောင်းက တိုင်းတာပေးထားတာ လုပ်ငန်းလိုင်စင်ကို မချပေးဘူး။ တံငါသည်လေးတွေရဲ့ လှေက ဂရန်နဲ့ လွဲနေတော့ ငါးမဖမ်းဆီးရဲဘူး ဖြစ်နေကြတယ်။ ဒီလှေကလေးတွေက မိသားစု တစ်နိုင်တစ်ပိုင် တိုင်းရင်းသား လှေကလေးတွေပါ။ လှေတစ်စင်းမှ မိသားစု ခုနစ်စုလောက်က မှီခိုပြီး လုပ်ကိုင်နေကြရတာပါ။ အခုငါးဖမ်းနားနေရတော့ စားဝတ်နေရေး အဆင်မပြေ ကြတော့ဘူး။ ကျောင်းဖွင့်ရာသီကလည်း ရောက်လာနေပြီ။ အခက်အခဲတွေ အရမ်းကြုံနေရတယ်။ ငါးထွက်ဖမ်းဖို့ကလည်း စိုးရိမ်နေရတယ်။ ထွက်လိုက်၊ ပြန်ဝင်ပြေးလိုက် ဖြစ်နေကြတယ်။ အဲဒီတော့ တံငါသည် လေးတွေအတွက် ကမ်းနီးဂရန်ပဲဖြစ်ဖြစ်၊ ကမ်းလတ်ဂရန်ပဲဖြစ်ဖြစ် တရားဝင် ချပေးစေချင်ပါတယ်” ဟု ရေလုပ်သားများအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က ပြောကြားသည်။

လက်ရှိအနေအထားတွင် ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်လာသော ကမ်းနီးလှေကလေးများမှာ အစီးရေ ၃၀၀ ကျော်အထိရှိနေပြီး ပင်လယ်ပြင်အတွင်းနှင့် ငါးစခန်းများသို့ ပြန်လည် မထွက်ခွာရဲ ဖြစ်နေကြောင်း သိရသည်။

“ပင်လယ်ပြင် အတွင်းမှာတော့ ငါးဖမ်းရာသီ ပိတ်လိုက်ပြီဆိုတော့ သတ်မှတ်ခွင့်ပြုထားတဲ့ ရာခိုင်နှုန်းအလိုက် ဖမ်းဆီးခြင်း ရှိ၊ မရှိကို ငါးဖမ်းလှေကြီးတွေကို စောင့်ကြည့်နေပါတယ်။ ငါးဖမ်းလှေငယ်လေးတွေမှာလည်း ခွင့်ပြုထားတဲ့ စာရွက်စာတမ်းနဲ့ အမှန်တကယ် လုပ်ကိုင်နေတဲ့ လှေဂရန်၊ စက်ဂရန်တွေ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးနေပါတယ်။ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းမှာရှိတဲ့ ငါးဖမ်းလှေ အားလုံးကို စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကော့သောင်းခရိုင်တွင် ကမ်းနီးလုပ်ကိုင်နေသည့် တံငါလှေအစင်းရေ ၇၀၀ ကျော် ရှိနေပြီး ၃၀၀ ကျော်မှာ ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ကာ ငါးဖမ်းဆီးခြင်းမရှိဘဲ ရပ်နားထားကြောင်း၊ ကော့သောင်းမြို့ အနီးနားရှိ ကျွန်းများတွင်လည်း ဆိုက်ကပ်ရပ်နားထားသည့် တံငါလှေကလေး များစွာလည်း ရှိနေကြောင်း ရေလုပ်သား တစ်ဦးက မေ ၂၆ ရက်တွင် Eleven Media သို့ ပြောကြားသည်။

မြိတ်၊ ထားဝယ်၊ ကော့သောင်းရေပြင် ငါးဖမ်းကွက်များတွင် ငါးဖမ်းဆီးခြင်း လုပ်ကိုင်နေသည့် ကမ်းနီးငါးဖမ်း လှေကလေးများတွင် လုပ်ငန်းလိုင်စင်၊ လှေဂရန်နှင့် မြင်းကောင်ရေ (လှေစက်) များ ကိုက်ညီမှု မရှိသည့် အခက်အခဲများ ဖြစ်နေပြီး စစ်ဆေးမှုရှိပါက ဖမ်းဆီးခံရနိုင်သည့် အနေအထား ဖြစ်နေကြောင်း ရေလုပ်သားများက ပြောကြားသည်။

ငါးလုပ်ငန်း ဦးစီးဌာနမှ ပြီးခဲ့သည့်နှစ်အထိ လုပ်ငန်းလိုင်စင် အသစ်ပြန်လည် လဲလှယ်ပြုလုပ် ပေးသော်လည်း ယခုနှစ်တွင် မေလကုန်သည်အထိ ပြန်လည်လဲလှယ်ပေးခြင်း မပြုလုပ် ပေးသေးသည့်အတွက် ငါးဖမ်းလှေငယ်များမှာ ပင်လယ်ပြင်အတွင်း မထွက်ခွာရဲဘဲ ဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent