ဧရာဝတီတိုင်းအတွင်းရှိ ရွှေလောင်းကြိုးတံတားမှာ ခိုင်ခံ့ကြံ့ခိုင်မှုနောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၅) သို့ရောက်ရှိနေပြီး ဝါးခယ်မကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားမှာ အဆင့် (၄) သို့ ရောက်ရှိနေကြောင်း သိရ

ဧရာဝတီတိုင်းအတွင်းရှိ ရွှေလောင်းကြိုးတံတားမှာ ခိုင်ခံ့ကြံ့ခိုင်မှုနောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၅) သို့ရောက်ရှိနေပြီး ဝါးခယ်မကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားမှာ အဆင့် (၄) သို့ ရောက်ရှိနေကြောင်း သိရ
Published 26 May 2018

ရွှေလောင်းကြိုးတံတားကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများဖြစ်သည့် ရွှေလောင်းကြိုးတံတားမှာ ခိုင်ခံ့ကြံ့ခိုင်မှု နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၅) သို့ ရောက်ရှိနေပြီး ဝါးခယ်မကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားမှာ ခိုင်ခံ့ ကြံ့ခိုင်မှု အဆင့် (၄) သို့ ရောက်ရှိနေသောကြောင့် တံတားများပေါ်တွင် ယာဉ်ဖြတ်သန်းခွင့် တန်ချိန်များကို ကန့်သတ်လိုက်ပြီး ၂၄ နာရီ စောင့်ကြည့်မှုများ ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

၂၀၀၂ ခုနှစ် မတ် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရွှေလောင်းကြိုးတံတားမှာ တည်ဆောက်ပြီးစီးချိန်က ယာဉ်ကုန် ၃၆ တန်အထိ ခွင့်ပြုခဲ့သော်လည်း တံတားကြံ့ခိုင်မှု စစ်ဆေးမှုရလဒ်များအရ ရွှေလောင်းကြိုးတံတားမှာ ခိုင်ခံ့ကြံ့ခိုင်မှု နောက်ဆုံး အဆင့်ဖြစ်သည့် အဆင့် (၅) သို့ ရောက်ရှိ နေသောကြောင့် မေ ၂၂ ရက်မှ စတင်ကာ တံတားပေါ်တွင် ယာဉ်ကုန်တန်ချိန် ၁၀ တန် အထိသာ ဖြတ်သန်းခွင့်ပြုရန် သတ်မှတ်ခဲ့ပြီး ခရီးသည်တင်ကားများ ဖြတ်သန်းစဉ်တွင် ခရီးသည်များအား လမ်းဆင်းလျှောက်ရန် ညွှန်ကြားခဲ့ပြီး တံတားတွင်လည်း လမ်းဦးစီး ဌာနတာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင်များကို ချထား တာဝန်ပေးကြီးကြပ်စေလျက်ရှိကြောင်း၊ ဝါးခယ်မကြိုးတံတားမှာလည်း ခိုင်ခံ့ကြံ့ခိုင်မှု အဆင့်တွင် အဆင့် (၄) အထိ ရောက်ရှိနေသောကြောင့် ယာဉ်ကုန်တန်ချိန်အား ၁၄ တန် သို့ လျှော့ချသတ်မှတ်ခဲ့ပြီး ကျွန်းကုန်ကြိုး တံတားမှာလည်း ခိုင်ခံ့ကြံ့ခိုင်မှုအဆင့် (၄) ဖြစ်နေသောကြောင့် ယာဉ်ကုန်တန်ချိန်အား ၁၃ တန်အထိ လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။

ရွှေလောင်းကြိုးတံတားတွင်မူ တံတား သံပေါင်ဆွဲကြိုး လေးကြောင်းအထိ ပြတ်တောက်နေသည်ကိုတွေ့ရှိခဲ့ရပြီး ကျွန်းကုန်းကြိုးတံတားတွင်မူ တံတားသံပေါင်ခင်းများ နိမ့်ကျနေမှုများ၊ မော်တော်ယာဉ်များဖြတ်သန်းချိန်တွင် တံတားလှုပ်ရမ်းနေမှုများနှင့် ကြီးကြပ်ကွပ်ကဲစောင့်ကြည့်နေသည့် တာဝန်ရှိသူများကိုမူ မတွေ့ရှိခဲ့ပေ။

“ဝါးခယ်မမြို့နယ်ထဲမှာ ကြိုးတံတားသုံးစင်း ရှိပါတယ်။ ကျွန်းကုန်းရယ်၊ ရွှေလောင်းရယ်၊ ဝါးခယ်မရယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ တံတားအထူးအဖွဲ့တွေက စိစစ်ပြီးတော့ သတ်မှတ်တန်ချိန်တွေ သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်တန်ချိန်တွေကို သတိပေး ဆိုင်းဘုတ်တွေ ထူထားတာရှိပါတယ်။ အဓိက,ကတော့ ရွှေလောင်းတံတားပေါ့နော်။ ရွှေလောင်းတံတားဆိုလို့ရှိရင် စစ်ဆေးမှု သတ်မှတ်ချက်အရ နံပါတ် (၅) ပေါ့။ နံပါတ် (၅) ဆိုတာ ခိုင်ခံ့မှုမှာ နောက်ဆုံး အဆင့်ပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ကုန်ယာဉ် ၁၀ တန်ပဲ သတ်မှတ်ထား ပြီးတော့ ခရီးသည်ယာဉ်တွေ သွားတဲ့အခါ မှာ ခရီးသည်တွေ လမ်းဆင်းလျှောက်ရတဲ့ အနေအထားပါ။ ဝါးခယ်မ တံတားဆိုရင်တော့ ကုန်ယာဉ် ၁၄ တန်၊ ကျွန်းကုန်းတံတားဆိုရင် ၁၃ တန် သတ်မှတ်ထားပါတယ်။ အဲဒါတွေကို သတိပေး ဆိုင်းဘုတ်တွေလည်း ထောင်ထားတာ ရှိပါတယ်။ ဒါတွေကို လိုက်နာဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဝါးခယ်မနဲ့ ကျွန်းကုန်းတံတားကတော့ ခိုင်ခံ့အဆင့် (၄) မှာ ရှိပါတယ်။ ကြိုးတံတားတွေနဲ့ပတ်သက်လို့ က တံတားဦးစီးကနေပြီး နိုင်ငံခြားပညာရှင်တွေနဲ့ လိုက်လံစစ်ဆေးနေပါတယ်။ ထွက်လာတဲ့ရလဒ်ကိုလည်း ပြည်သူတွေကို အသိပေးသွားဖို့ ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကြိုးတံတားအစင်းပေါင်း ၃၀ အထိရှိပြီး ပထမဆုံးတည်ဆောက်ခဲ့သည့် မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက် တွင် ကျိုးပျက်ခဲ့ပြီးနောက် ကျန်ရှိနေသည့် တံတားပေါင်း ၂၉ စင်း၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ ပြည်သူများအကြားတွင် စိုးရိမ်မှုများလည်း ရှိနေသည်။

Most Read

Most Recent