ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်၊ ချီဖွေမြို့နယ်တို့မှ ဖမ်းဆီးသစ်များ တရုတ်သို့ သစ်မှောင်ခိုခိုးထုတ်မှုကို တရုတ်နိုင်ငံသို့ အကြောင်းကြားထားဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောကြား

ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်၊ ချီဖွေမြို့နယ်တို့မှ ဖမ်းဆီးသစ်များ တရုတ်သို့ သစ်မှောင်ခိုခိုးထုတ်မှုကို တရုတ်နိုင်ငံသို့ အကြောင်းကြားထားဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောကြား
Published 25 May 2018

ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်၊ ချီဖွေမြို့နယ်တို့မှ ဖမ်းဆီးသစ်များ တရုတ်နိုင်ငံသို့ သစ်မှောင်ခိုခိုးထုတ်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်၊ ချီဖွေမြို့နယ်တို့မှ ဖမ်းဆီးသစ်များကို တရုတ်သို့ သစ်မှောင်ခိုခိုးထုတ်မှုကို တရုတ်နိုင်ငံသို့ အကြောင်းကြားထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က “သတင်းအချက်အလက် အခိုင်အမာအရ သစ်မှောင်ခိုထုတ်သွားတာ ဟုတ်ပါတယ်။ ကား ၁၅ စီးအထက် ပါသွားပါတယ်။ တရုတ်နိုင်ငံအစိုးရကိုလည်း ဒီကိစ္စကို စုံစမ်းပေးဖို့ အကြောင်းကြားထားပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရအဖွဲ့ကို အကြောင်းကြားတာပါ။ ဖမ်းဆီး သစ်တံဆိပ်တုံး ရိုက်နှိပ်ပြီးသားဖြစ်ပါတယ်။ နယ်စပ်ဂိတ်တွေကို ဘယ်လိုဖြတ်လာသလဲဆိုတာ ကျွန်တော့် အပိုင်းမဟုတ်ပါဘူး။ ကမ်ဖန်ဂိတ်မှာ ဒီလိုတွေ အမြဲတမ်းဖြစ်နေတယ်လို့ ကြားနေရပါတယ်။ နေရာက အုပ်ချုပ်မှုအားနည်းပြီး ပြည်သူ့စစ်တွေ စိုးမိုးတဲ့နေရာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ပြည်သူ့စစ်တွေကို ဘယ်လို လုပ်ကိုင်စားသောက်ဖို့ နေရာချထားသလဲဆိုတာလည်း မသိဘူးဖြစ်နေတယ်။ သစ်တွေ တင်သွားတာကို မဖမ်းတဲ့အခြေအနေဖြစ်နေတာပေါ့။ ကျွန်တော်ကတော့ ဌာနဆိုင်ရာတွေကို ဖမ်းဖို့ အကြောင်းကြားထားပါတယ်။ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီဖမ်းဆီးသစ်တွေကို နယ်မြေတွင်းဖွံ့ဖြိုးရေး ဖြစ်တဲ့ တံတား၊ ဝန်ထမ်းအိမ်၊ စာသင်ကျောင်း၊ ရုံးတွေဆောက်ဖို့ ပြည်ထောင်စုကို တင်ပြထားပါတယ်။ အဲဒီဖမ်းဆီးသစ်တွေကို တင်ဒါခေါ်လည်း သယ်စရာလမ်းကြောင်းမရှိလို့ တင်ဒါဆွဲသူလည်း မရှိပါဘူး” ဟု ဆိုသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်အတိုင်း နယ်စပ်ဂိတ်ပေါက်များ၊ ဒေသများမှ သစ်မှောင်ခိုကိစ္စများကို ထိရောက်စွာတားမြစ်ရန် တပ်မတော်၊ ပြည်သူ့စစ်များအား ညွှန်ကြားထားကြောင်း  ပြောကြားသည်။

ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ချီဖွေနှင့် ဆော့လော်မြို့နယ် သစ်တောဌာနမှ ပိုင်ရှင်မဲ့ ဖမ်းဆီးမိထားသည့် စံကားဝါ၊ ထင်းရှူးသစ်များကို စီမံခန့်ခွဲမှုမပြုရသေးမီ ခိုးယူခိုးထုတ်နေသူများအား အမြန်ဆုံး ထိရောက်စွာ အရေးယူ  ဆောင်ရွက်ပေးရန် မေ ၂၂ ရက်က နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆော့လော် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက “ဖြစ်သွားတာက ကျွန်မမဲဆန္ဒနယ်မှာပါ။ လွန်ခဲ့တဲ့နှစ်က ရေကြီးဒဏ်ကိုခံရတဲ့ လန်ဆယ် ကျေးရွာ ဝန်းကျင်မှာဖြစ်ပါတယ်။ သစ်မှောင်ခို ခိုးထုတ်တယ်ဆိုတာကို ဒေသခံတွေက မသိကြဘူး။ သက်ဆိုင်ရာခွင့်ပြုချက်နဲ့ လာထုတ်တယ်ထင်လို့ ဒေသခံတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားတယ်။ မှတ်တမ်းဓာတ်ပုံတွေကို မေ ၂၀ ရက်မှာ ရိုက်ပြီး ၂၂ ရက်မှာ နိုင်ငံတော်သမ္မတထံကို တိုင်ကြားလိုက်တယ်။ ကားအစီး ၄၀ ကျော် ၅၀ လောက် နဲ့ သယ်သွားတယ်လို့ သိရတယ်။ ချီဖွေဘက် ထွက်ပြီး ဖီမော်၊ ကမ်ဖန်လမ်းကနေ တရုတ် နိုင်ငံထဲကို ထွက်တယ်လို့ သိရတယ်။ ခိုးထုတ်တာ သေချာပါတယ်။ အဖွဲ့အစည်းတစ်ခုကနေ အပီအပြင်လုပ်ပြီး သယ်သွားတယ်လို့ ယူဆပါတယ်။ သတင်းမီဒီယာတွေကလည်း ကွင်းဆင်းပြီး ဒေသအခြေအနေကို တင်ပြစေချင်ပါတယ်”  ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် မေ ၂၂ ရက်က နိုင်ငံတော်သမ္မထံတိုင်ကြားစာတွင် ချီဖွေနှင့် ဆော့လော် မြို့နယ်တွင် စံကားဝါ၊ ထင်းရှူးသစ်လုံး ၁၉၁၆ လုံး (၁၃၄၅ ဒသမ ၃၂၆ တန်) ကို ပိုင်ရှင်မဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသစ်များကို ကချင် ပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင် အသုံးပြုရန် ကချင်အထူးဒေသ  (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ ပန်ဝါဗဟိုဌာနချုပ်၊ ပူတာအိုနဂါးကုမ္ပဏီ၊ ဆော့လော်၊ ချီဖွေ မြို့နယ်မှ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံ အကြောင်းကြား ပြီးဖြစ်ကြောင်း၊ သစ်များလက်ခံဆောင်ရွက်ခြင်းများ ပြုလုပ်ရန် ချိန်းဆိုထားသည့် မေ ၂၅ ရက်မတိုင်မီ မေ ၁၈ ရက်က တရုတ်နိုင်ငံ သစ်မှောင်ခို အဖွဲ့များက ကားအစီး ၄၀ ခန့်ဖြင့် ခိုးထုတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဥပဒေမဲ့ ခိုးယူနေသည့် သစ်မှောင်ခို တရုတ်များနှင့် ထိုသို့ပြုလုပ်ရန် နောက်ကွယ်မှဆက်သွယ်စေခိုင်းနေသူများ၊ ပါဝင်ကူညီနေသူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယင်းမြို့နယ်များနှင့် တစ်ဆက်တည်းဖြစ်သည့် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်များတွင်လည်း တစ်ဖက်နိုင်ငံသို့ သစ်မှောင်ခိုခိုးထုတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာတွင် ခေါင်လန်ဖူးဒေသအတွင်း ဖမ်းဆီးမိသည့် အုပ်စု (၂) ဝင် ထင်းရှူးသစ် ၇၆၁၁ လုံး ( ၅၉၈၃ ဒသမ ၅၆၈ တန်)၊ စံကားဝါသစ်  ၁၅၈၂ လုံး ( ၁၀၁၂ ဒသမ ၇၃၀ တန်)၊  အုပ်စု (၅) တောင်ချယ်ရီသစ် ၅၆ လုံး (၄၇ ဒသမ ၅၆၈ တန်) နှင့် စုစုပေါင်းသစ် ၉၂၄၉ လုံး (၇၀၄၃ ဒသမ ၈၈၄ တန်) ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသစ်များကို ကချင်ပြည်နယ် တင်ဒါ စိစစ်ရောင်းချရေးကော်မတီက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အထူးအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းပြုလုပ်ရာ အလွမ်းတောင် ကုမ္ပဏီက ကျပ်သိန်း ၅၀၀ ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent