မင်းကင်းမြို့နယ်တွင် ဟောပြောမှုများနှင့်ပတ်သက်၍ အမျိုးသားရေးစာရေးဆရာ မောင်သွေးချွန်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် အမှုဖွင့်

မင်းကင်းမြို့နယ်တွင် ဟောပြောမှုများနှင့်ပတ်သက်၍ အမျိုးသားရေးစာရေးဆရာ မောင်သွေးချွန်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် အမှုဖွင့်
Published 25 May 2018

အမျိုးသားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ရေးသားသော စာရေးဆရာ မောင်သွေးချွန်အား မင်းကင်းမြို့နယ်တွင် ဟောပြောမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားကြောင်း မင်းကင်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

မတ် ၂၅ ရက်က မင်းကင်းမြို့နယ် ကျောင်းတန်းကျေးရွာတွင် MRTV ဆရာတော်က မိဘကျေးဇူးဆပ် တရားပွဲကျင်းပခဲ့ကြောင်း၊ အဆိုပါတရားပွဲသည် ရက်ရှည် ကျင်းပသည့်တရားပွဲဖြစ်ကြောင်း၊ ယင်းမိဘ ကျေးဇူးတရားပွဲတွင် မစိုးရိမ်ကျောင်းတိုက်

မှ အရှင်ဝီရသူ ပါဝင်ကြောင်း၊ အရှင်ဝီရသူ မဟောကြားမီ ၎င်းက ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

“မတ် ၂၅ ရက်မှာ ဆရာတော်ဝီရသူ တရားဟောမယ့် အနေအထားမှာ သူက အရှေ့ကနေပြီးတော့မှ တွယ်ချသွားတာ။ သူ ပြောသွားတဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ အဓိကအထဲကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်တော့မယ်။ဘာကြောင့် လဲဆိုတော့ မြန်မာနိုင်ငံရဲ့ဒုတိယသမ္မတ ကလည်းပဲ ခရစ်ယာန်ပေါ့။ ထိုနည်းတူ အမျိုးသားလွှတ်တော်မှာလည်းပဲ လွှတ်တော်ဥက္ကဋ္ဌ က ခရစ်ယာန်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လည်း ခရစ်ယာန်။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟာ ပပျောက်တော့မှာ ဘာ ညာဆိုပြီးတော့ အဲဒီလိုပြောသွားတာ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

ထိုသို့ဟောပြောမှုအား ပါတီအနေဖြင့် တရားစွဲဆိုရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရသဖြင့် မင်းကင်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီက စွဲဆိုခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၏ ပြောကြားချက်အရ သိရသည်။

“အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ဒါဟာနိုင်ငံတော်ကို စော်ကားတာပဲ။ ဒါဟာနိုင်ငံတော် အကြည်ညို ပျက်စေမှုကို လှုံ့ဆော်တာဖြစ်တယ်။ အမှန်တော့ ဒါကို ပါတီကနေ တရားစွဲဖို့လုပ်သေးတယ်။ ပါတီကနေ တရားမစွဲပါနဲ့လို့ ညွှန် ကြားချက်ရတာမို့လို့ ကျွန်တော်တို့က တရား မစွဲဘဲနေတာ။ မင်းကင်းမြို့နယ် စီ-ခန့် ကော် မတီက တရားစွဲရတာ။ တရားစွဲထားတဲ့အမှု ကတော့ ၅၀၅(ခ)နဲ့ (ဂ)လို့ ကြားတယ်” ဟု ဦးကျော်ဆန်းက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေ ၂၃ ရက်မှ စ၍ တရားလိုနှင့်သက်သေများကို စစ်ဆေးခဲ့ကြောင်း၊ စွပ်စွဲခံရသူအား တရားရုံးက ချိန်းဆိုပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရဲ တာဝန်ရှိသူများက စစ်ဆေးမှုမှ ရရှိသည့် အချက်များကို တရားရုံးသို့ ပေးပို့မည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက ပြောကြားသည်။

“တရားလို ဦးနိုင်နိုင်ဇော်ကို မနေ့က (မေ ၂၃ ရက်) စစ်ပါတယ်။ ဒီကနေ့တော့ ကျောက်တန်းကျေးရွာအုပ်စု လျှော်ဖြူပင်က သက်သေတွေကို ချိန်းဆိုထားပြီးတော့ သက်သေတွေကို စစ်ဖို့ လုပ်နေပါတယ်။ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာမောင်သွေးချွန်ကို  အကြောင်းကြားချိန်းဆိုတာက တရားရုံးက ဆောင်ရွက်မှာပါ။ ကျွန်တော်က ဦးတိုက်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ သက်သေတွေကို စစ်ဆေးပေးရပါတယ်။ ကျွန်တော်တို့က စစ်ဆေးပြီးသွားရင်တော့ ၆ လပိုင်း ၄ ရက် ( ဇွန် ၄ ရက်) ကို တရားရုံးကို အချိန်မီ တင်ပြရမှာပါ ” ဟု မင်းကင်းမြို့နယ်မြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက ပြောကြားသည်။

ထိုသို့ အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး မိမိထံ အကြောင်းကြားခြင်း မရှိသေးကြောင်း၊ အကြောင်းကြားပါက ဖြေရှင်းရင်ဆိုင်မည် ဖြစ်ကြောင်း စာရေးဆရာ မောင်သွေးချွန်က ပြောကြားသည်။

တရားစွဲဆိုခံရသည့် မောင်သွေးချွန်မှာ ဖျက်သိမ်းလိုက်သည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) အဖွဲ့ တွင် ဦးဆောင်ပါဝင်ခဲ့ပြီး အမျိုးသားရေး စာစောင်များတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent