မေယုတောင်တန်းပေါ်က မြိုတိုင်းရင်းသားတွေရဲ့ မျက်ရည်စများ

မေယုတောင်တန်းပေါ်က မြိုတိုင်းရင်းသားတွေရဲ့ မျက်ရည်စများ
Published 21 August 2017

မြိုတိုင်းရင်းသားအချို့အား ကိုင်းကြီးကျေးရွာအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

သြဂုတ် ၃ ရက်ဟာ  မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြားမှာတည်ရှိတဲ့ ကိုင်းကြီးမြိုတိုင်းရင်းသားကျေးရွာရဲ့ ကမ္ဘာပျက်တဲ့ နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ တောင်ယာကို ရိုးသားစွာ လုပ်ကိုင်စား သောက်နေကြတဲ့ ကိုင်းကြီးကျေးရွာသားရှစ်ဦးဟာ တောင်ယာသွားရင်းနဲ့ သူတို့ရဲ့ယာခင်းလေးထဲမှာပဲ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ မရှုမလှ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ သြဂုတ် ၃ ရက်မှာ သေနတ်ဒဏ်ရာ၊ ဓားခုတ်ဒဏ်ရာတွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးသုံးဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသေဆုံး သူတွေထဲမှာ မပန်းဝါရဲ့ အားကိုးရာ မှီခိုရာ ဖြစ်တဲ့ ခင်ပွန်းလည်း ပါဝင်ခဲ့ပါတယ်။

မပန်းဝါရဲ့ အမျိုးသားနာမည်က ကိုမောင်ကုန်ဝိုင်းဖြစ်ပါတယ်။ “ကျွန်မရဲ့ ယောက်ျားက ကိုမောင်ကုန်ဝိုင်းပါ။ သူက တောင်ယာသွားရင်း သူ့ကို အကြမ်းဖက်တွေ သတ်သွားတာပါ။ ကျွန်မမှာ ကလေးနှစ်ယောက် ကျန်ခဲ့ပါတယ်။ ကျွန်မ ဘာဆက်လုပ်ရမလဲ။ ဘာလုပ်ကိုင်ရမလဲ မသိပါ”ဆိုပြီး ဗမာ စကား မပြောတတ်ပြောတတ်နဲ့ မပန်းဝါက ပြောပါတယ်။ သူ့မျက်လုံးအိမ်ထဲမှာ ယူကျုံးမရဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်လန့်ခြင်းတွေ အထင်းသား မြင်တွေ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ခံစားချက်ကို စကားလုံးအဖြစ် နှုတ်က  ပြောဆိုဖို့ ဒီထက်ပိုမတတ်ပါဘူး။ သုံးနှစ်အရွယ် သားကလေးက သူ့အမေလက်ကိုတွဲထားပြီး သူတို့ရွာကို မလာစဖူးလာကြတဲ့ လူစိမ်းတွေကို လိုက်ငေးကြည့်နေပါတယ်။ တစ်နှစ်ကျော်အရွယ် သမီးကလေးကိုချီပိုးထားတဲ့ မပန်းဝါဟာ သူ့ယောက်ျားအသတ်ခံခဲ့ရတဲ့ ယာတောဆီကို ငေးကြည့်ရင်းပေါ့။ ရင်ထဲက ဝေဒနာကို ဘယ်လိုဖြေသိမ့်နေသလဲမသိနိုင်ပါဘူး။ မပန်းဝါတို့ဟာ ဒီကိုင်းကြီးဆိုတဲ့ ရွာကလေးကို ရောက်လာတာ မကြာသေးပါဘူး။ မပန်းဝါတို့ဟာ မောင်တောမြို့နယ် မြောက်ဘက်စွန်းနယ်စပ် မေယုတောထဲမှာ တောင်ယာလုပ်ရင်း နေထိုင်လာခဲ့ကြတဲ့ ရိုးသားတဲ့ မြိုတိုင်းရင်းသားတွေဖြစ်ပါတယ်။ မြိုတိုင်းရင်းသားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းဒေသတွေမှာလည်း နေထိုင်ကြပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြိုတိုင်းရင်းသားတွေဟာ ဘင်္ဂါလီရန်ကိုကြောက်လန့်ပြီး မြန်မာနိုင်ငံထဲကို ခိုဝင် ရောက်ရှိလာကြပါတယ်။ မပန်းဝါတို့လည်း နယ်စပ်ခြံစည်းရိုး တစ်ဖက်က ဝင်ရောက်လာတဲ့ သူတို့ရဲ့မျိုးနွယ်စုတွေနဲ့အတူ လုံခြုံရာ သူတို့ဘ၀ ရပ်တည်လို့ရမယ့် မောင်တော တောင်ပိုင်းဘက်ကို ဆင်းလာကြတာလည်း ဖြစ်ပါတယ်။ သူတို့ဝင်ရောက်လာချိန်မှာ အတည်တကျမရှိခဲ့ဘဲ သစ်တောစိုက်ခင်းတွေမှာ အစောင့်အဖြစ် နေထိုင်ခဲ့ရပါသေးတယ်။ အဲဒီနောက်ပိုင်းမှာမှ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ဖို့ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီး ရခိုင်တိုင်းရင်းသားရွာရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်ဝေးတဲ့ မေယုတောင်ထဲက ကိုင်းကြီးချောင်းနံဘေး မြေပြန့်လေးမှာ မိသားစု ၄၈ စုနဲ့ လွန်ခဲ့တဲ့သုံးနှစ်က စတင်အခြေချနေလာခဲ့ကြတာဖြစ်ပါတယ်။ ရွာသားတွေဟာ တောင်ယာကို စုပေါင်းလုပ် ကိုင်ကြပြီး အေးအေးချမ်းချမ်းနဲ့ ကိုင်းကြီးရွာကလေးကို တောင်ပေါ်မှာပျော်မွေ့စရာ သုခဘုံကလေးတစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက် နံနက်အစောကြီး ကတည်းက တောင်ယာခင်းမှာပေါက်နေတဲ့ ကိုင်းပင်တွေကိုရှင်းလင်းဖို့ အလှည့်ကျတဲ့ ရွာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးငါးဦးဟာ သူတို့ရဲ့ကြမ္မာဆိုး ကျရောက်လာမှာကို မသိနိုင်ဘဲ ကိုင်းကြီးရွာရဲ့ မြောက်ဘက် တောင်တန်းပေါ်က ယာခင်းလေးဆီ သွားခဲ့ကြပါတယ်။ အဲဒီမှာပဲ သွေးစွန်းတဲ့ နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားခဲ့တာပါ။

“ကျွန်တော် ကိုယ့်တောင်ယာမှာ သမီးလေးနဲ့ စာကလေးတွေ၊ ငှက်ကလေးတွေ နှင်နေရင်းနဲ့ မနက် ၉ နာရီလောက်မှာ ကျွန်တော့်သားနဲ့ ချွေးမတို့တက်သွားတဲ့ ယာခင်းဘက်ဆီက သေနတ်သံ အဆက်မပြတ် ကြားလာရပါတယ်။ ကျွန်တော်ကလည်း စိုးရိမ်စိတ်နဲ့ သူတို့ကို ရွာကိုပြန်ဆင်းဖို့ သတိပေးဖို့သွားတဲ့အခါမှာ တောင်ယာခင်းလေးကိုအရောက်မှာ ကျွန်တော်အော်ခေါ်ပါသေးတယ်။ တစ်ယောက်မှ ပြန်မထူးတော့ ထူးခြားပြီလို့ စိတ်ကမှတ်ပြီး ချုံပုတ်ကို အကာအကွယ်ယူပြီး ယာခင်းကို လှမ်းကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားပါတယ်။ ကျွန်တော့်သားနဲ့ ချွေးမအပါအဝင် ရွာသားတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။ ကျွန်တော်လည်း ဆက်မနေရဲတော့ဘဲ ရွာကို ပြန်ဆင်းပြီး ရွာသားတွေနဲ့လုံခြုံရေးကို သတင်းပို့ခဲ့တယ်”လို့ ကိုင်းကြီးမြိုရွာသားကြီး ဦးတင်ဝိုင်းက ပြောပါတယ်။

အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရံုံးက သတင်းထုတ်ပြန်တဲ့အခါ ကိုင်းကြီး (မြို) ကျေးရွာ အနောက်ဘက်၌ သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခန့်က သေနတ်သံများ ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က ရှင်းလင်းခဲ့ရာမှာ ကိုင်းကြီးမြိုကျေးရွာနေ ကုန်ဝိုင်း (၂၅ နှစ်၊ (ဘ) ဦးစံထွန်း)၊ လင်းကြတ် (၂၉ နှစ်၊ (ဘ) မာန်ဒိုင်း) တို့နှစ်ဦးအား မှောက်လျက်အနေအထားနဲ့ သေဆုံးလျက် စတင်တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ရှာဖွေတဲ့အခါ ဦးကိုင်းမွေး (၂၅ နှစ်၊ (ဘ) ဦးတင်ဝိုင်း) ဟာ ဦးခေါင်းနောက်စေ့ ခြောက်လက်မခန့် ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာကျောကုန်း သုံးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ နှစ်လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်ဖျံ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပေါင် လေးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာခြေဖနောင့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲပေါင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ခြေသလုံး ရှစ်လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေတာကိုတွေ့ရကြောင်း၊ ဆက်လက်နယ်မြေ ရှင်းလင်းရာမှာ ဒေါ်ဆိန်ရာ (၃၈ နှစ်၊ (ဘ) ဦးပါရာ) တွင် ယာခြေချင်းဝတ် ပြတ်လုနီးပါး ဒဏ်ရာတစ်ချက်၊ နောက်စေ့ပြတ်ရှ ငါးလက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ ဒေါ်ရီ (၂၇ နှစ်၊ (ဘ) ဦးရှိန် တောင်) တွင် ငယ်ထိပ်မှ ဝဲဘက်နားရွက်ထိ ငါးလက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာ နှဖူးမှ ဝဲပါးအထိ လေးလက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပုခုံး သေနတ်မှန်ဒဏ်ရာများ ဖြင့် လည်းကောင်း၊ ဒေါ်ထီးကော် (၂၅ နှစ်၊ (ဘ) ဦးရိုင်ရုံး) တွင် ဦးခေါင်းပွင့်ထွက် သေ နတ်ဒဏ်ရာတစ်ချက်၊ ယာကျောကုန်းဖောက်ဝင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပထမ ရှာဖွေတွေ့ရှိခဲ့တဲ့ ရွာသားခြောက်ဦး အလောင်းကို သြဂုတ် ၄ ရက် ညနေပိုင်းမှာ မောင်တောသုသာန်မှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ပါတယ်။ အသုဘကို မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က သံဃာတော်တွေနဲ့ တိုင်းရင်းသားတွေ ထောင်ချီလိုက်ပို့ခဲ့ကြပါတယ်။ ယူကျုံးမရ ငိုကြွေး နေကြတဲ့ ကျန်ရစ်တဲ့အဖေ၊ ကျန်ရစ်တဲ့သားတွေ၊ သမီးတွေရဲ့ ပုံရိပ်တွေက မြင်ရသူတွေတိုင်း ဌာနေတိုင်းရင်းသားတွေကို ခိုးဝင်လာသူတွေက လုပ်ရလေခြင်းဆိုတဲ့ မခံချိမခံသာ ခံစားချက်တွေ ပေါက်ကွဲကာ မျက်ရည် ဖြေမဆည်နိုင်ကြပါဘူး။ ကျန် ပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးကို ထပ်မံ ရှာဖွေခဲ့ရာမှာ သြဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီခွဲမှာ ကိုင်းကြီးရွာရဲ့မြောက်ပိုင်း ချောင်းထဲမှာ မတုံဝှေ့ (၂၂ နှစ်၊ (ဘ) ဦးရေစူ) ၏ အလောင်းကို သေနတ်ဒဏ်ရာ ဓားဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ပါတယ်။ မတုံဝှေ့ အလောင်းကို သြဂုတ် ၆ ရက် မွန်းလွဲပိုင်းက မောင်တောသုသာန်မှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ နောက်ထပ်အမျိုး သမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဇံ ဂေါ် (၄၀ နှစ်) ကို အခုအထိ ရှာမတွေ့သေးပါဘူး။

ဒီလိုဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရွာသားတွေဟာ ကြောက်လန့်ချောက်ချားနေကြပြီး ရွာပြင်က တောင်ယာကိုမသွားရဲတော့ဘဲ ရွာထဲမှာ လုံခြုံရေး အစောင့်အရှောက်နဲ့ နေထိုင်နေကြပါတော့တယ်။ ကိုင်းကြီးရွာလူကြီး ဦးစံထွန်းက”အခုဆိုရင် တစ်ရွာလုံး ထိတ်လန့်ကြောက်နေကြတယ်။ အမျိုးသမီးတွေဆို ရွာပြင်ကို ရေခပ်ဖို့ မသွားရဲတော့ဘူး။ ကျွန်တော်တို့လည်း တောင်ယာ မတက်ရဲကြတော့ဘူး။ အခုရွာမှာ နေနေတယ်ဆိုတာကလည်း စစ်သားတွေရှိလို့သာ နေရဲတာပါ။လုံခြုံရေးမရှိရင် ကျွန်တော်တို့ ကားလမ်းဘေးမှာ တဲထိုးလို့ နေရနေရ ပြောင်းပါတော့မယ်။ ရွာမှာ မနေရဲတော့ဘူး။ ကျွန်တော်တို့ဟာ ပညာမတတ်၊ ဘာတစ်ခုမှမသိ ရိုးအ ကြတယ်။ တောတောင်မှာ ပျော်ကြတယ်။ ဒီလို ရိုးရိုးသားသား နေတဲ့သူတွေကို အခုလို အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်။ ကျွန်တော်တို့ကို ဘယ်သူမှ မကယ်နိုင်ခဲ့ဘူး။ အခုအတိုင်းဆိုရင် ကျွန်တော်တို့ရဲ့အသက်ကို ဘယ်သူအာမခံ ပေးနိုင်မလဲ”လို့ ပြောပါတယ်။

ဦးစံထွန်းရဲ့ သားကြီးတစ်ဦးနဲ့ ညီငယ်တစ်ဦးဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ သူ့သားမှာ စာသင်နေတဲ့ သမီးလေးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့မြေးမလေးနှစ်ဦးရဲ့ ရှေ့ခရီးအတွက် သူရင်မောစွာ တွေးတောနေရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း ကိုင်းကြီးရွာဟာ လုံခြုံရေးစခန်းနဲ့ အလှမ်းဝေးတဲ့ တောင်ကြားမှာ တည်ရှိသလို လမ်းပန်းဆက်သွယ်ရေးကလည်း ဆိုးရွားလှပါတယ်။ မောင်တောကနေ ၁၁ မိုင်ခန့်ဝေးတဲ့ ကိုင်းကြီးရခိုင်ရွာလမ်းထိပ် ကားလမ်းကနေ အနောက်ဘက် မေယုတောင်ကြားကို ကိုင်းကြီးချောင်းကမ်းဘေးကနေ နှစ်မိုင်ခွဲခန့် ခြေကျင်လျှောက်သွားကြရပါတယ်။ နွေရာသီမှာ ကျောက်ထုတ်လမ်းဆိုပေမယ့် မိုးရာသီမှာတော့ ကိုင်းကြီးချောင်း ထဲကိုစီးဝင်တဲ့ တောင်ကျချောင်းကလေးတွေဟာ ရေစီးတအားပြင်းပါတယ်။ တံတားလည်း မရှိပါဘူး။ ချောင်းတွေဟာ ကျဉ်းတယ်ဆိုပေမယ့် ရွှံ့နွံတောကို ဒူးခေါင်းလောက်အထိဆင်းပြီး သွားရသလို ရေစီးပြင်းတဲ့ ချောင်းကို ကြိုးတန်းပြီး ခက်ခက်ခဲခဲ ဖြတ်ကူးသွားရပါတယ်။

ကိုင်းကြီးကျေးရွာ ဒေသခံ မြိုတိုင်းရင်းသားများကို တွေ့ရစဉ်

တောင်ကျချောင်းတွေရဲ့ အတက်အဆင်း မြေသားဟာ  ခြေချှော်မလဲရအောင် မနည်း သတိထားသွားရပါတယ်။ နှစ်မိုင်ခွဲလောက် ဝေးတဲ့လမ်းမှာ ချောင်းငါးချောင်းလောက် ဆင်းကူးခဲ့ရပြီး ဗွက်ထနေတဲ့ ရေအိုင် တွေကိုလည်း ဆင်းသွားခဲ့ရပါတယ်။

ကျွန်တော်တို့ ကိုင်းကြီးရွာသွားလမ်း တစ်ဝက်မှာပဲ ချောင်းကိုကြိုးတွေနဲ့ ခက်ခက်ခဲခဲကို ကူးဖြတ်နေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့တစ်စုကို တွေ့ပါတယ်။ သေနတ်၊ ကျည်၊ ကျောပိုးအိတ်တွေ ရေထဲမကျအောင် မနည်းကြိုးစား ကူးနေရတာပါ။  ကျွန်တော်တို့ သတင်းသမားသုံးဦးကလည်း ကင်မရာတွေ၊ ဖုန်းတွေ ရေမစိုအောင် ပလတ်စတိတ်အိတ်ထဲထည့်ပြီး အထုပ်ကိုလက်နဲ့ ကိုင်မြှောက်ပြီး ကြိုးကိုကိုင်ပြီး ရေစီးနှင့် မျောမပါအောင် ခက်ခက်ခဲခဲ ကူးခဲ့ရပါတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဟာ ကိုင်းကြီးမြိုရွာကို လုံခြုံရေးဆောင်ရွက်ဖို့ သွားတာလို့လည်း သိရပါတယ်။

ကျွန်တော်တို့ သတင်းအဖွဲ့ ကိုင်းကြီးရွာကို ရောက်တဲ့ အခါမှာ ရွာသားတွေနဲ့စုဝေးလို့ စကားပြောနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ကျွန်တော်တို့ရွာသားတွေကို ဒီရွာမှာဆက်နေမလား ဘာတွေလိုအပ်လဲ ဘယ်လိုပံ့ပိုးဖို့လိုအပ်လဲလို့မေးတဲ့အခါ သူတို့ပြောတာက သူတို့အနေနဲ့ စားဝတ်နေရေး သိပ်ပြဿနာမရှိဘူး။ ကျွန်တော်တို့ တောင်ယာတွေဘာတွေ လုပ်ကိုင်စားသောက်လို့ ကျွန်တော်တို့ ဘဝကို အာမခံချက်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုံခြုံရေးရှိမှပဲ ကျွန်တော်တို့ နေလို့ရမယ်။ ကိုယ့်ဟာကိုယ်လည်း ကျွန်တော်တို့မှာ ကာကွယ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဘာမှလဲမရှိဘူး။ လုံခြုံရေးအပိုင်းကို အဓိကထည့်ပြောတယ်။ အဲဒီလို လုံခြုံရေးပိုင်းကို ပြောတဲ့အခါမှာလည်း ရဲအဆင့်နဲ့ မရဘူး။ ဒီရွာမှာနေတဲ့ သက်ကြီးရွယ်အိုတချို့က မောရဝတီတို့၊ သရေကုန်ဘောင်တို့ဘက်မှာ နေလာခဲ့တဲ့ ပုဂ္ဂိုလ်တွေပါတယ်။ အဲဒီရွာမှာ သူတို့အတွေ့အကြုံရှိခဲ့တယ်။ ရဲတွေနဲ့နေတဲ့အခါမှာ သူတို့သတင်းပို့တယ်။ နောက်ဆုံး ရဲတွေပါ လုပ်ကြံခံရတယ်။ ဆိုတဲ့အကြောင်းကို သူတို့ပြောပြတယ်။ သူတို့ရဲ့ လုံခြုံရေးအာမခံချက်ဟာ ရဲတွေနဲ့ မလုံလောက်ဘူး။ ရှင်းရှင်းပြောရရင် အဲဒီကိစ္စ အကြမ်းဖက်တွေ ကိုယ်တိုင်ကပြောတယ်တဲ့။ ရဲတွေလာနေရင် ငါတို့ ကြောက်စရာမရှိဘူး။ အဲဒီဟာတွေကို ပိုက်ဆံပေးလိုက်တာနဲ့ လက်ပစ်ဗုံးပဲ ကိုင်လာကိုင်လာ၊ အဏုမြူဗုံးပဲရှိရှိ တစ်ခုမှ မပေါက်ဘူးဆိုတာ အကြမ်းဖက်တွေကိုယ်တိုင်က ပြောတဲ့အတွက်ကြောင့် သူတို့ဒေသခံတွေက ဒီရွာမှာ ဆက်နေစေချင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့လုံခြုံရေးကို လောလောဆယ်မှာ တပ်မတော်က လုံခြုံရေးယူပေးပြီးတော့ နောက်နောင်လုံခြုံရေးစနစ်ကို ဘယ်လိုစနစ်တကျ လုပ်ပေးမလဲဆိုတာမှာ ကျွန်တော်တို့ အခြေခံတယ်တဲ့။ အဲဒီအပေါ်မှာပဲ အဖြေပေးမယ်ဆိုတာကို ပြောပြပါတယ်” လို့ ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းအပြီးမှာ ပြောခဲ့တာပါ။

ကိုင်းကြီးရွာဟာ မေယုတောင်ကြားထဲက ကိုင်းပြင်ကျယ်ကြီးမှာ သစ်တွေ၊ ဝါးတွေကို အဓိကအသုံးပြုပြီး နေအိမ်တွေဆောက်လုပ်နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။မြိုတိုင်းရင်းသားတွေရဲ့ ရိုးရာနေအိမ်လေးတွေပေါ်မှာ စိုးထိတ်နေတဲ့ မျက်နှာတွေနဲ့ရွာသားတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဗမာစကားကို မပြောတတ်ကြသလို ရခိုင်စကားကို နားမလည်ကြသူတွေ ပြန်မပြောတတ်သူတွေလည်း တွေ့ခဲ့ရပါတယ်။ ကလေးတွေကတော့ မိုးတဖွဲဖွဲကြားမှာ တစ်အိမ်ကတစ်အိမ်ကို ပြေးလွှားနေကြသလို မိုးစွန်းအောက်က စုထိုင်ပြီး ရွာကိုရောက်လာတဲ့ လူစိမ်းတွေကို အကဲခတ် ကြည့်နေကြပါတယ်။ သူတို့အခု ကျောင်းမတက်နိုင်တော့ပါဘူး။ သူ့တို့ရဲ့ ဆရာဟာ အခု အချိန်မှာ ဝမ်းနည်းကြွေကွဲစရာနဲ့ ကြုံတွေ့ နေရလို့လည်း ဖြစ်ပါတယ်။

ကလေးတွေကို စာသင်ပေးနေတဲ့ ရွာကျောင်းဆရာ ကိုအောင်လှိုင်ဝင်းရဲ့ အမျိုးသမီး မတုံဝှေ့ဟာလည်း တောင်ယာသွားရင်း အကြမ်းဖက်သမားတွေ သတ်ဖြတ်တာခံခဲ့ရတဲ့ ရွာသား ရှစ်ဦးထဲက တစ်ဦးပါ။ “ကျွန်တော့် အမျိုးသမီးဟာ ကိုယ်ဝန်လေးလ လွယ်ထားရပါတယ်။ အခု အကြမ်းဖက်တွေသတ်လို့ သေသွားပါပြီ။ ကျွန်တော့်ခံစားချက်ကို မပြောတတ်ဘူး။ ဒါပေမဲ့ နောက်နောင် ကျွန်တော်တို့လို တောင်ယာလုပ်ကိုင်စားသောက်တဲ့ မြိုတိုင်းရင်းသားတွေ ကျွန်တော့်အမျိုးသမီးလို နောက်ထပ်အသတ်မခံရဖို့ အစိုးရကိုပြောချင်တာက ကျွန်တော်တို့ကို လုံခြုံအောင် ဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်” လို့ မျက်ရည်ဝဲလျက် ဆို့နင့်ကြေကွဲစွာပြောပါတယ်။

ရွာအလယ်မှာရှိတဲ့ ဇရပ်လိုအဆောင်မှာ ရေစိုနေတဲ့ ယူနီဖောင်းတွေနဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ခဲ့ရပါတယ်။ ကိုင်းကြီးရွာကလေးဟာ မိုးရေထဲမှာ တိတ်တိတ်ကလေးရှိနေပါတယ်။ သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို ဓားနဲ့ အထစ်လုပ်ကာထောင်ထားတဲ့ လှေကားအတိုင်း လူသံကြားရတဲ့ နေအိမ်တစ်လုံးပေါ်ကို တက်ကြည့်လိုက်တော့ အသက်ကြီးအမျိုးသမီးကြီးတစ်ဦးက ဆေးတံကိုခဲလျက် သူ့သမီးလို့ ထင်ရတဲ့ အမျိုးသမီးက ကလေးကိုရင်ခွင်ပစ်လျက် ကြည့်နေပါတယ်။ နေကောင်းလား ဘယ်လိုနေထိုင် စားသောက်သလဲလို့မေးပေမယ့် စကားကို နားမလည်ဘဲ ငေးကြည့်နေပါတယ်။ ဒီလိုရိုးသားတဲ့ မြိုတိုင်းရင်းသားတွေဟာ ဘယ်သူနဲ့မှ ပြဿနာ ရန်ငြိုးရန်စ ရှိကြတာမဟုတ်ကြပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ကာ တောင်ယာမှာ သီးခြားကမ္ဘာအဖြစ် နေလာကြသူတွေ ဖြစ်ပါတယ်။ မြိုလူမျိုးတွေဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဖြစ်ပြီး ရှေးရခိုင်သမိုင်းဦး မျိုးနွယ်စုတွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ မြိုလူမျိုးစုတွေဟာ တောင်တန်းများပေါ်မှာပဲ ရွှေ့ပြောင်းတောင်ယာစနစ်ကို အခြေခံလျက် နေရာပြောင်းရွှေ့နေထိုင်တတ်ကြသူတွေလည်းဖြစ်ပါတယ်။ ရွာအတည်တကျ မရှိခဲ့လေတော့ ကလေးတွေ ပညာသင်ကြားခွင့်လည်း မရခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါ မှာတော့ ရွာအတည်တကျ နေထိုင်လာကြပြီး ပညာသင်ကြားခွင့်တွေ ရလာကာ ဘွဲ့ရပညာတတ်တွေလည်း ရှိနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ဆိုရင် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေထဲက တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ  အိန္ဒိယနိုင်ငံတို့မှာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။  မြိုတိုင်းရင်းသားလူဦးရေဟာ မြန်မာနိုင်ငံထဲမှာ တစ်သိန်း ဝန်းကျင်ခန့်ရှိနေတယ်လို့သိရပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ထားတာရှိပါတယ်။

အခု ကိုင်းကြီးရွာသားတွေ သတ်ဖြတ်မခံရမီ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း ကံသာယာအထက် မြိုရွာသား ကျောင်းဆရာတစ်ဦးဟာ ရွာသားတွေနဲ့အတူ မေယုတောင်ကို ဝါးခုတ်သွားတဲ့ အခါမှာ အကြမ်းဖက်တွေက သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကံသာယာအထက်ရွာက မြိုတိုင်ရင်းသားတွေဟာ တစ်ရွာလုံးပြောင်းရွှေ့လာကြပြီး သုံးမိုင်ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းမှာ ခိုလှုံနေခဲ့ရပါတယ်။ အခုထိ ရွာကို မပြန်ရဲတော့ဘဲ ပရဟိတကျောင်းစိုက်ခင်းမှာ နေအိမ်ဆောက်လုပ် ယာယီနေထိုင်နေကြတာရှိပါတယ်။ မြိုတိုင်းရင်းသားတွေရဲ့ သက်မွေးဝမ်းကျောင်းပြုကျင်လည် ကျက်စားရာ မေယုတောင်တန်းဟာလည်း  အကြမ်းဖက်သမားတွေရဲ့ ခြေကုပ်စခန်းတွေ ဖြစ်လာခဲ့တဲ့အခါမှာ ရိုးသားစွာ တောင်ယာလုပ်ကိုင် စားသောက်သူတွေဖြစ်ပေမယ့် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလာရတာ ဖြစ်ပါတယ်။ အခုဆိုရင် တောင်ယာမှာ ပျော်တဲ့သူတွေဟာ တောင်တန်းတွေကို ကြောက်လန့်နေကြရတဲ့ အခြေအနေဖြစ်နေပါပြီ။ တောင်ပေါ်မှာ နေချင်တဲ့သူတွေဟာ အခုဆိုရင် တောင်ပေါ်ကို မတက်ရဲကြတော့ပါဘူး။ တကယ်တော့ မြိုတိုင်းရင်းသားတို့ရဲ့ နိစ္စဓူ၀ အလုပ်တွေ ကမောက်ကမဖြစ်ခဲ့ရပါပြီ။ သူတို့ရှင်သန်ဖို့ တောတွေကို မဝင်နိုင်တော့ဘူးဆိုရင် သူတို့ဘယ်လို ရပ်တည်နေထိုင်ကြမလဲ။ မပန်းဝါတစ်ယောက် သူ့မရဲ့ ချစ်လှစွာသော ခင်ပွန်းယောက်ျားမရှိတော့တဲ့ အခါ သူ့မရဲ့ ရင်သွေးတွေကို အနာဂတ်ဘဝတွေ လှပအောင် ဘယ်လိုပြုစုပျိုးထောင်နိုင်တော့မလဲ။ မပန်း ဝါတို့လို ရိုးသားတဲ့ ရွာသားတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက် ဘယ်သူ အာမခံချက်ပေးမလဲ။ မေးခွန်းပေါင်းများစွာ ရှိလာခဲ့သလို ဖြေရှင်းဖို့တာဝန်ဟာလည်း အစိုးရမှာ တာဝန်ရှိနေပါတယ်။

မေယုတောင်တန်းပေါ်မှာ မိုးကတဖွဲဖွဲ ရွာသွန်းနေပါတယ်။ မပန်းဝါတစ်ယောက် ရွာသားတွေနဲ့အတူ ရွာမြောက်ဘက်က တောင်တန်းတွေကို ငေးကြည့်နေပါတယ်။ သူတို့ရဲ့ မျက်ဝန်းတွေမှာ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းနေပြီလား။ ရွာသားတွေရဲ့ ရှေ့ခရီးကိုတွေးရင်း  မေယုတောထဲက ကိုင်းကြီးရွာကလေးကို ကျောခိုင်းထွက်ခွာခဲ့ပေမယ့် သူတို့ ရဲ့ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေလို့သာ ဆု တောင်းနေမိပါတော့တယ်။ ကိုင်းကြီးရွာကလေးကတော့ မိုးရေထဲမှာ ချောက်ချားဖွယ် တိတ်ဆိတ်လျက်။

Most Read

Most Recent