တောင်ဥက္ကလာပ (၈) ရပ်ကွက်တွင် အလှပြင်ဆိုင် ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသူ ၁၇ ဦး အပါအဝင် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများအား ဖမ်းဆီး

တောင်ဥက္ကလာပ (၈) ရပ်ကွက်တွင် အလှပြင်ဆိုင် ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသူ ၁၇ ဦး အပါအဝင် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများအား ဖမ်းဆီး
Published 24 May 2018

Photo: ရဲဇာနည် Facebool

တောင်ဥက္ကလာပ (၈) ရပ်ကွက်တွင် အလှပြင်ဆိုင် ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသူ ၁၇ ဦး အပါအဝင် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများအား ပြည့်တန်ဆာဥပဒေများဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မေ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပ (၈) ရပ်ကွက်ရှိ Oriental Spa အမည်ရှိသည့် လိုင်စင်မရှိသော အလှပြင်ဆိုင် လုပ်ငန်းအား ဗန်းပြ၍ ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေရာသို့ သက်သေများနှင့်အတူ ဝင်ရောက် စစ်ဆေးခဲ့ရာတွင် တရုတ်နိုင်ငံသူ ၁၇ ဦး၊ တရုတ်နိုင်ငံ ဟူပိန်ပြည်နယ်နေ (ပတ်စ်ပို့ / ဗီဇာ-မရှိ) တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ Peng An Ting အသက် (၃၉)နှစ်ပါ တရုတ်နိုင်ငံသား နှစ်ဦး၊ ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦး အပါအဝင် အခြားသော ဆိုင်ဝန်ထမ်း အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

Photo: ရဲဇာနည် Facebool

ထိုသို့ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသူ ၁၇ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၆၀၉/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ၃ (က)/(ခ) ဖြင့် လည်းကောင်း၊ ဆိုင်မန်နေဂျာ Peng An Ting ပါ တရုတ်နိုင်ငံသား နှစ်ဦး၊ ဆိုင်ဝန်ထမ်း ရှစ်ဦးနှင့် ဆိုင်ရှင် (စုံစမ်း ဆဲ) တို့အား (ပ) ၆၁၀/၂၀၁၈၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ၅(၁) ဖြင့် လည်းကောင်း အသီးသီး အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေ ၂၃ ရက် ညပိုင်းတွင် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သဖြင့် ဖြစ်စဉ်အသေးစိတ် အခြေအနေအား မေးမြန်းနိုင်ခြင်း မရှိပေ။

Most Read

Most Recent