<

လှည်းကူးမြို့တွင် အိမ်အကူကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်သည် ဟုဆိုသော ဥပဒေအရာရှိ အမျိုးသမီးအား တွံတေးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီး

ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် မကရင်မအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်

လှည်းကူးမြို့နယ်တွင် အိမ်အကူအမျိုးသမီးကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်သည် ဟုဆိုသော ဥပဒေအရာရှိဟုဆိုသည့် အမျိုးသမီးတစ်ဦးကို တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မေ ၂၂ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈ နှစ်) မှာ လွန်ခဲ့သည့် ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ နေအိမ် တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်နေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းလုပ်ကိုင်နေသည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီး ဖြစ်သည့် ဥပဒေအရာရှိဟုဆိုသူ ဒေါ်…. (၃၂ နှစ်) က မကရင်မနှင့်အတူ မကရင်မနေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှူးကိုခေါ်ကာ မကရင်မမှာ နေမကောင်းသဖြင့် လာရောက်ပြန်ပို့သည် ဟုဆိုကာ လူနာအား ကောင်းမွန်စွာ လက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မကရင်မအား ထားခဲ့ပြီးနောက် ဒေါ်… ပြန်သွားသည့် အချိန်တွင် အိမ်နီးချင်းများက မကရင်မအား မေးမြန်းရာ ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆို၍ ၎င်းကို ဒေါ်….က ခြေထောက်ဖြင့် ကန်ကာ ကျောက်ပြင်ဖြင့် ထုသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပြီး မကရင်မ၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကရင်မက ၎င်းကိုကျောက်ပြင်နှင့်ထုသည်ဟု ထပ်မံပြောဆိုခဲ့ကြောင်း သိရပြီး ဆေးရုံသို့ ပို့ဆောင်ပေးရန် ပြောသဖြင့် အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ကျေးရွာလူကြီးများက ဆေးရုံသို့ ပို့ဆောင်ရန် ပြုလုပ်နေစဉ် မကရင်မမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ အမှုဖွင့်ထားသည့် တွံတေးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက “တိုင်တန်းခံရတဲ့ အမျိုးသမီးကိုတော့ အမှုဖွင့် ဖမ်းဆီးပြီးတော့ ရမန်ယူ စစ်ဆေးနေပါတယ်။ စစ်ဆေးနေတဲ့ကာလ ဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာကျော်ဇင်ဦးထံ ဆက်သွယ်မေးမြန်းရာ “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ အိမ်အကူ အမျိုးသမီးကိုလာပို့တဲ့ တရားခံလို့ ယူဆရတဲ့ အမျိုးသမီးကိုတော့ ခုဖမ်းပြီး ရမန်ယူ အမှုစစ်နေတယ်လို့တော့ ပြောပါတယ်။ ဖမ်းပြီးစစ်နေတဲ့ အမျိုးသမီးကတော့ ဥပဒေအရာရှိ တစ်ဦးလို့ သိရပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ဒီအမှုမှာ သူတို့ဘက်ကသာ ရိုးသားမယ်ဆိုရင် ဆေးရုံတွေ ဘာတွေကို တင်ပြီး ကုသပေးမှာပေါ့။ ဒါမရိုးသားလို့သာ သေခါနီး လူနာတစ်ယောက်ကို သူ့အိမ်ကို လာပို့သွားတာပေါ့။ သူတို့ရိုက်နှက်ထားတဲ့ ဟာမျိုးတွေ သိမှာစိုးလို့ ဆေးရုံမတင်ဘဲနဲ့ လာပို့တဲ့ ဟာမျိုးလည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်ရဲ့ မဲဆန္ဒနယ်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ပြီးတော့ ဒီသေဆုံးသွားတဲ့ အမျိုးသမီးဘက်က အမှုရင်ဆိုင်တဲ့ အခါမှာ ရှေ့နေတွေ မငှားနိုင်တဲ့ အခြေအနေမျိုးတွေရှိတယ်။ ဒီနေ့တောင် အဖွဲ့အစည်းတစ်ခုက ကျွန်တော့်ကို ဆက်သွယ်လာတာ ရှိတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အကုန်တာဝန်ယူပေးမယ် ဆိုပြီးတော့ပေါ့။ ကျွန်တော့်အနေနဲ့ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိသားစုဘက်ကို ဥပဒေအရ အပြည့်အ၀ ကာကွယ်ပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားသည်။

သေဆုံးခဲ့သည့် မကရင်မ၏ ခင်ပွန်းမှာ ပြီးခဲ့သည့် လေးနှစ်ခန့်က ကွယ်လွန်သွားခဲ့သည်ဟု သိရပြီး သားသမီးလေးဦး ကျန်ရှိခဲ့ကာ မကရင်မမှာ စီးပွားရေး အဆင်မပြေ၍ အိမ်အကူအလုပ် လုပ်ကိုင်ကာ မိသားစုအား ထောက်ပံ့နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“လာပို့တဲ့အချိန်မှာ ကျွန်တော်က မသိဘူး။ သူတို့လာပို့ပြီး ပြန်သွားတော့မှ ကျွန်တော့်ကို အဲဒီနားက လူတွေက ဖုန်းဆက်ပြီး ခေါ်တာပေါ့။ အုပ်ချုပ်ရေးမှူး အိမ်ဖော်တစ်ယောက် လာအပ်တယ်။ ဒဏ်ရာတွေလည်း တွေ့တယ်။ အခြေအနေတွေလည်း မကောင်းဘူးလို့ ပြောတယ်။ အဲဒီလိုပြောတော့ ဘယ်လိုအခြေအနေ မကောင်းတာလဲ၊ မကောင်းလို့ရှိရင် ရဲစခန်းကို အပ်ရမယ်။ ရဲစခန်းကို တန်းလာဖို့တောင် ပြောလိုက်သေးတယ်။ မကရင်မက သူတို့လာပို့ပြီးတော့ တစ်နာရီလောက်တောင် မကြာဘူး၊ ဆုံးသွားတယ်။ လာပို့တာက အားလုံးပေါင်း လေးယောက်လို့ သိရတယ်။ လာပို့တဲ့အထဲက အမျိုးသမီး တစ်ဦးကိုတော့ ရဲစခန်းက ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ သိရတယ်” ဟု ခတ္ထိယကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဍစိုးက ပြောကြားသည်။

အလောင်းကို ရဲတပ်ဖွဲ့က တွံတေးဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ပြီး ရင်ခွဲစစ်ဆေးစေခဲ့ရာ မှုခင်းဆရာဝန်၏ ဆေးစာတွင် သေဆုံးသည့် မကရင်မမှာ ဦးခေါင်းယာချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ၀မ်းညိုမည်းဒဏ်ရာ၊ အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများ တွေ့ရှိကြောင်း ပါရှိသည်ဟု သိရပြီး အဆိုပါ ဒဏ်ရာများမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဟု မှုခင်းဆရာဝန်က ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူဟု ယူဆရသူ ဥပဒေအရာရှိ အမျိုးသမီးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

May 22, 2018














Copy Protected by Chetan's WP-Copyprotect.